
ကရင်ပြည်နယ်၊ ဖာပွန်ဒေသကို စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် ကလေး ၃ ဦး အပါအဝင် ဒေသခံ ၇ ဦး သေဆုံးခဲ့သည်ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) ၏ မတ် ၆ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကလေး ၃ ဦးမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေဖြစ်သော ဖာပွန် (မူတြော်) ခရိုင်၊ ဘူးသိုမြို့နယ်၊ ကလော်ဒေးကျေးရွာမှ ၂ နှစ်အရွယ် နော်တလု၊ ၅ နှစ်အရွယ် နော်ထူးဖော၊ ၁၄ နှစ်အရွယ် နော်တင်နီလာဝင်းတို့ ဖြစ်ကြောင်း၊ သေဆုံးသူများထဲတွင် ကိုယ်ဝန်ဆောင်တစ်ဦးလည်း ပါဝင်ကြောင်း၊ ဒဏ်ရာရသူ ၄ ဦး ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၅ ရက်နေ့က ဖာပွန်-ကမမောင်းလမ်းအရှေ့ဘက်ခြမ်း အိမ်ခြေ ၅၀ ဝန်းကျင်ရှိသည့် ကလော်ဒေးရွာကို စစ်ကောင်စီတပ် ခလရ ၄၀၆၊ ၄၀၇ နှင့် နယ်ခြားစောင့်တပ် BGF-၁၀၁၃ တပ်စခန်းတို့၏ လက်နက်ကြီးကုန်းမှ ပစ်ခတ်ခြင်းဖြစ်သည်ဟု KPSN ၏ လက်ထောက်ဒါရိုက်တာ စောလေးကပေါက Myanmar Now ကို ပြောသည်။
“ညဘက်ကြီး ပစ်တဲ့အချိန်မှာ အဲဒီအချိန်မှာ ရွာသားတွေက အနားယူပြီး အိမ်မှာပြန်ရှိနေတဲ့အချိန် ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
“ဆိုင်းမဆင့် ဗုံမဆင့် ပစ်ချလိုက်တဲ့ အခြေအနေမျိုးဆိုတော့ ရွာသားတွေအနေနဲ့ သေနတ်သံမကြားဘဲ လက်နက်ကြီးနဲ့ ရွာထဲကို တန်းထုလိုက်တာဆိုတော့ ပုန်းရှောင်ဖို့ မရဘဲ ဖြစ်သွားတာပေါ့”
ထိခိုက်ဒဏ်ရာရသူများကို KNU ကျန်းမာရေးစောင့်ရှောက်မှုဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ နောက်တစ်ရက် (မတ် ၆ ) တွင် ကလော်ဒေးရွာ ဖာပွန်-ကမမောင်းလမ်း အနောက်ဘက်ရှိ ရွာတစ်ရွာကိုလည်း စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ကြောင်း ၎င်းက ပြောသည်။
“ကျေးရွာတည့်တည့်ကို ပစ်ချတယ်ဆိုတာက တမင်သက်သက် ပြည်သူလူထုကို သတ်ဖြတ်နေတဲ့ သဘောပဲ။ ဒါကတော့ ကရင်ပြည်နယ်မှ မဟုတ်ဘူး။ မြန်မာတစ်ပြည်လုံးမှာ တွေ့မြင်နေရတာပဲ” ဟု ၎င်းက ဆက်ပြောသည်။
ကျေးရွာတည်နေရာကို သိရှိသည့် စစ်တပ်က ရွာသားများ နေအိမ်တွင်ရှိနေမည့်အချိန် ည ၇ နာရီ ၂၀ မိနစ်တွင် တမင်ရည်ရွယ် ပစ်ခတ်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုနှင့် ပတ်သက်၍ စစ်တပ်၏ စီးပွားရေးမိတ်ဖက်များ၏ ဘဏ္ဍာငွေအထောက်အပံ့များ၊ နိုင်ငံတကာက ရောင်းချသည့် စစ်လက်နက်များကို အသုံးပြု၍ ကရင်လူထုကို ပစ်မှတ်ထားတိုက်ခြင်း ဖြစ်သည်ဟု KPSN က ထုတ်ပြန်ထားသည်။
ထို့ကြောင့် မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့ပေးသည့် ရုရှား၊ တရုတ်၊ ပါကစ္စတန်၊ အီရန်၊ ဘီလာရုစ်နှင့် စင်ကာပူတို့ကို ဖိအားပေးရန်၊ စစ်တပ်၏ ဝင်ငွေကို ဖြတ်တောက်ရန် နိုင်ငံတကာမှ အရေးယူပိတ်ဆို့ရန် ထိုအဖွဲ့က တောင်းဆိုထားသည်။
ကရင်ပြည်နယ်တွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ များစွာရှိသဖြင့် စစ်တပ်၏ လေကြောင်းထောက်ကူမှုကို ဖြတ်တောက်နိုင်ရေးအတွက် လေယာဉ်ဆီရောင်းချမှု ပိတ်ပင်ရန်လည်း တောင်းဆိုချက်တွင် ဖော်ပြထားသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီ ထုတ်ပြန်သည့် သတင်းများတွင်လည်း တိုက်ခိုက်မှုများအကြောင်း ဖော်ပြလေ့ မရှိပေ။
တပ်မဟာ ၅ နယ်မြေ
KNU ၏ တပ်မဟာများအနက် တပ်မဟာ ၅ သည် စစ်ရေးလှုပ်ရှားမှု အများဆုံးနယ်မြေဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် တိုက်ပွဲများ နေ့စဉ်နီးပါး ထိတွေ့ဖြစ်ပွားနေသော နယ်မြေဖြစ်သည်။
တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် BGF တို့ စစ်ရေးလှုပ်ရှားမှု ပိုများလာကြောင်း၊ အထူးသဖြင့် ဖာပွန် − ကမမောင်း ကားလမ်းတစ်လျှောက်တွင် တပ်ရင်း ၅ ရင်းခန့် ချထားကြောင်း KNU ဘက်က ယမန်နှစ်ကုန်ပိုင်းတွင် ပြောထားသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ထိုးထားသည့် KNU က အာဏာသိမ်းမှုကို ကန့်ကွက်ခဲ့ပြီး စစ်ကောင်စီ၏ရန်မှ တိမ်းရှောင်လာသူများကိုလည်း အကာအကွယ်နှင့် နေရာထိုင်ခင်း ပေးထားသည်။
အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အမြစ်ဖြုတ်မည်ဟု ကြွေးကြော်ထားသည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင်လည်း KNU က ကိုယ်စားလှယ်စေလွှတ်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်မည့် လုပ်ငန်းစဉ်များကို ချမှတ်နေသည်။
ဖေဖော်ဝါရီလအတွင်း တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲပေါင်း အကြိမ် ၃၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ဗိုလ်ကြီး ၃ ဦးအပါအဝင် ၁၃၆ ဦး သေဆုံးကာ ၁၀၄ ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဘက်မှ ထုတ်ပြန်ထားသည်။
KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဘက်မှ ၁၁ ဦး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အရပ်သား ၄ ဦး သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရသည်ဟု ဆိုသည်။
ယင်းတစ်လတာအတွင်း လက်နက်ကြီးဖြင့်ပစ်ခတ်မှု အကြိမ် ၃၀၀ ကျော် ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ် ရှိခဲ့ကြောင်း တပ်မဟာ ၅ ၏ မူတြော်သတင်းဌာနက ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)