သတင်း

ရခိုင်တွင် ICJ ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံကြောင်း ဆိုင်းဘုတ်ထောင်  

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၅ ခုတွင် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICJ) သို့ သွားရောက် တရားရင်ဆိုင်ခဲ့သည့် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို အပြည့်အဝထောက်ခံကြောင်း ဆိုင်းဘုတ်များ စိုက်ထူထားသည်ဟု ဒေသခံအချို့ထံမှ သိရသည်။ 

ရခိုင်ပြည်နယ်တောင်ပိုင်းရှိ သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ပြည်နယ်မြောက်ပိုင်းရှိ ပုဏ္ဏားကျွန်းနှင့် မြောက်ဦးတို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီရုံးများ၌ ထိုသို့ ဆိုင်းဘုတ်များ စိုက်ထူထားခြင်းဖြစ်သည်။

“ကြံ့ခိုင်ရေးပါတီရဲ့ ခြံဝင်းထဲမှာ ဆိုင်းဘုတ်ထောင်ပြီး ဦးကိုကိုလှိုင်နဲ့ ဒေါက်တာသီတာဦးကို ကြိုဆိုတယ်ဆိုပြီး ရေးထားတာ တွေ့ရတယ်” ဟု ထိုကျောက်ဖြူမြို့ခံတစ်ဦးက ယမန်နေ့တွင် Myanmar Now ကို ပြောသည်။

စစ်ကောင်စီ၏ ICJ ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နှင့် ရှေ့နေချုပ် ဒေါက်တာသီတာဦးတို့က ဦးဆောင်ခြင်းဖြစ်သည်။

ရိုဟင်ဂျာများအပေါ် စစ်တပ်က ကျူးလွန်ခဲ့သည့် ပြစ်မှုနှင့်ပတ်သက်၍ တရားစီရင်ရေးကို မှန်မှန်ကန်ကန်ဖြစ်စေချင်ကြောင်း၊ တရားဥပဒေစိုးမိုးမှု မရှိသည့်အတွက် ထိုကဲ့သို့ ပြဿနာများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း ကျောက်ဖြူဒေသခံက ဆက်ပြောသည်။​

“တရားရုံးတစ်ခုကို အမှုတစ်ခုရောက်တယ်ဆိုတာ အလကားတော့ မရောက်ဘူးလေ။ ပြစ်မှုကျူးလွန်လို့ ရောက်တာပဲလေ။ အဲဒီတရားရေးကို စီရင်တဲ့သူတွေကိုလည်း မှန်မှန်ကန်ကန်တော့ ဖြစ်စေချင်တယ်လို့ပဲ ပြောချင်ပါတယ်” ဟု သူက ဆိုသည်။

ရခိုင်ပြည်နယ်တောင်ပိုင်း နာမည်ကျော် ငပလီကမ်းခြေအနီးရှိ သံတွဲမြို့ ပြည်ခိုင်ဖြိုးရုံးတွင်လည်း စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံကြောင်း ဆိုင်းဘုတ်ထောင်ထားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။ 

“ဒီမနက် အဲဒီဆိုင်းဘုတ်ထောင်တဲ့ဘက် ရောက်ခဲ့တယ်။ ပြည်ခိုင်ဖြိုးရုံးရှေ့မှာ ထောင်ထားတာ တွေ့တယ်။ လူတွေ သတိထားမိလား၊ မထားမိလားတော့ မသိဘူး။ သူတို့ကတော့ သူတို့အစီအစဉ်အတိုင်း လုပ်ထားပုံရတယ်” 

ထိုသို့ ဆိုင်းဘုတ်စိုက်ထူသည့်လုပ်ရပ်မှာ ဒေသခံများနှင့် မသက်ဆိုင်ဘဲ စစ်ကောင်စီ၏ လုပ်ရပ်သာဖြစ်ကြောင်း သံတွဲမြို့ခံက ဆိုသည်။ 

“သံတွဲဒေသခံတွေမှာ သဘောထားဆိုတာ မရှိတော့ဘူး။ ရှိလည်း မပြောကြဘူး။ အဲဒီဆိုင်းဘုတ်က ဘာကိုဆိုလိုတာလဲတောင် မသိကြဘူး” ဟု ယနေ့ Myanmar Now ကို ပြောသည်။ 

ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံကြိုဆိုကြောင်း ဆိုင်းဘုတ်များ စိုက်ထူထားသည်ဟု ပြည်နယ်စစ်ကောင်စီကလည်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ထားသည်။​

နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့ရှိ ICJ တရားရုံးကြားနာပွဲမှ ပြန်လာသည့် ဦးကိုကိုလှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို မတ်လ ၂ ရက် ညနေပိုင်းက ရန်ကုန်လေဆိပ်တွင် စစ်ကောင်စီဘက်တော်သား နိုင်ငံရေးပါတီအချို့နှင့် လူပုဂ္ဂိုလ်များက ကြိုဆိုထောက်ခံပွဲပြုလုပ်ခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့ကို သောင်းသောင်းဖြဖြကြိုဆိုကြောင်း စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာများတွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။

ဟိဂ်မြို့ ICJ တရားခွင်၌ ရခိုင်ပြည်နယ်အတွင်း လူမျိုးသုဉ်းသတ်ဖြတ်သည်ဆိုသော စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခွင့် မရှိသည့်နည်းတူ ICJ အနေဖြင့်လည်း တရားစီရင်ခြင်း မပြုသင့်ဟု စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က လျှောက်လဲခဲ့သည်။​

ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်သည်ဆိုကာ မြန်မာနိုင်ငံအပေါ် စွဲဆိုသည့် ထိုအမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်တွင် ပထမဆုံး စတင်ကြားနာခဲ့သည်။ ထိုစဉ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်လျှောက်လဲခဲ့သည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဦးဆောင်သော တရားရင်ဆိုင်ရေးဆိုင်ရာကော်မတီဖွဲ့စည်းပြီး ကြားနာပွဲသွားရောက်ရာတွင် ဦးကိုကိုလှိုင်နှင့် ရှေ့နေချုပ်တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခြင်းဖြစ်သည်။ 

“တရားဥပဒေစိုးမိုးမှု အားနည်းပြီးတော့ တိုင်းရင်းသားတွေအပေါ် နိုင်ထက်စီးနင်း၊ မဟာလူမျိုးကြီးဝါဒနဲ့ ဖိနှိပ်ချုပ်ချယ်တဲ့အတွက် အဲဒီကိစ္စတွေ ပေါ်ပေါက်လာတာဖြစ်တယ်။ အဲဒါကို ရခိုင်ပြည်သူတစ်ဦးအနေနဲ့ကတော့ လုံးဝလက်မခံနိုင်ဘူး” ဟု ကျောက်ဖြူဒေသခံက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button