သတင်း

ကျောင်းသားခေါင်းဆောင်လေးဦး ထောင်သုံးနှစ်စီချခံရ

ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် ကျောင်းသားခေါင်းဆောင် လေးဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်စီ ကျခံစေရန် ယနေ့ (ဖေဖော်ဝါရီ ၂၈) အမိန့်ချသည်ဟု ၎င်းတို့၏ ရှေ့နေများက ပြောသည်။

ထိုသို့ အမိန့်ချခံရသူများထဲတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားမဂ္ဂများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး၊ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုစစ်နိုင်(ခ) ကိုဇော်ထက်နိုင်တို့ ပါဝင်သည်။

အခြားနှစ်ဦးမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကိုလေပြေစိုးမိုး၊ ရန်ကင်းပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂမှ ကိုသုတစိုးဖြစ်သည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုဖြင့် ပြီးခဲ့သည့်နှစ် မတ်လကတည်းက တာမွေမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည့် ထိုလေးဦးမှာ ကမာရွတ်မြို့နယ်တရားသူကြီး ဦးမွန်မြတ်သူ ကြားနာသည့် အကျဉ်းထောင်ရှိ အထူးတရားခွင်၌ တစ်နှစ်နီးပါး အမှုရင်ဆိုင်ခဲ့ရသည်။

အမြင့်ဆုံးသတ်မှတ်နိုင်သည့် ပြစ်ဒဏ်သတ်မှတ်ခံရသည့် ထိုလေးဦးကို ချုပ်ရက်များ ထုတ်နုတ်ခံစားခွင့်ပြုသည်ဟု တရားသူကြီးက သတ်မှတ်ကြောင်း ၎င်းတို့၏ ရှေ့နေများထံမှ သိရသည်။

၂၀၂၁ ဇူလိုင် ၂၃ ရက်တွင် အင်းစိန်ထောင်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြစဉ် ပါဝင်၍ ရိုက်နှက်ခံရကာ ဒဏ်ရာများနှင့် တိုက်ပိတ်ခံရသည့် ကိုလေပြေစိုးမိုး၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်သည်ဟု ၎င်း၏ ရှေ့နေက ပြောသည်။

“သူ့မိသားစုက (ချမှတ်သည့် အမိန့်အပေါ်) အယူခံတက်မယ်ဆိုရင်တော့ ရက်ပေါင်း ၃၀ အတွင်း ခရိုင်တရားရုံးကို အယူခံတက်ရမှာပေါ့” ဟု ၎င်းက ပြောသည်။

ကိုဝေယံဖြိုးမိုးနှင့် ကိုစစ်နိုင်တို့မှာမူ အယူခံတက်မည်မဟုတ်ဟု ၎င်းတို့၏ ရှေ့နေ ဦးသက်နောင်က ပြောသည်။ သို့သော် သူ၏ အမှုသည်နှစ်ဦး ထောင်တွင်းလုံခြုံရေးကို စိုးရိမ်သည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့ကတော့ တည်တည်ငြိမ်ငြိမ်အေးအေးဆေးပါပဲ။ ဝေယံဖြိုးမိုးအတွက်ကတော့ ရှေ့မှာလည်း ဖြစ်ခဲ့တာတွေရှိတော့ လုံခြုံရေးပဲ စိုးရိမ်တယ်” ဟု ရှေ့နေ ဦးသက်နောင်က ပြောသည်။

ကိုဝေယံဖြိုးမိုးနှင့် ကိုစစ်နိုင်တို့သည်လည်း အကျဉ်းထောင်အတွင်း ဆန္ဒပြမှုကြောင့် နှိပ်စက်၊ တိုက်ပိတ်ခံရဖူးကြောင်း ကျောင်သားသမဂ္ဂများက သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။

ယနေ့အမိန့်ချခံရသူများအနက် ကိုဝေယံဖြိုးမိုးမှာ ၂၀၂၀၌ ရခိုင်ဒေသ အင်တာနက်ပြန်ဖွင့်ပေးရန် ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှုဆိုင်ရာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မ ၅၀၅ – က တို့ဖြင့် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ထောင်ဒဏ် ၂ နှစ် ၁ လ ချမှတ်ခံထားရသည်။

ထိုအမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ်တရားရုံးတွင် အလားတူပုဒ်မ နှစ်ခုဖြင့် စွဲဆိုထားသည့် အမှုကိုလည်း ကိုဝေယံဖြိုးမိုး ရင်ဆိုင်နေရဆဲဖြစ်သည်။

ကျောင်းသားခေါင်းဆောင်လေးဦးကို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခြင်းသည် နိုင်ငံရေးအကျဉ်းသားများအပေါ် ထားရှိသည့် စစ်ကောင်စီ၏ သဘောထားကို ထင်ဟပ်ခြင်းပင်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ကောင်းဆက်က ပြောသည်။

“ကျနော်တို့သမဂ္ဂအနေနဲ့ကတော့ အရင်ကတည်းက ရပ်တည်ခဲ့တဲ့အတိုင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး မူဝါဒတွေကို ဆက်လက်ကိုင်စွဲသွားပြီးတော့ ဆက်လက်တော်လှန်ဖို့ပဲ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသူ ၁၆၀၀ နီးပါး၊ ဖမ်းဆီးခံရသူ ၁၂၀၀၀ ကျော်ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

ကိန်းဂဏန်းများချဲ့ကားလွန်းသည်ဟု စစ်ကောင်စီက တုံ့ပြန်လေ့ရှိသော်လည်း လက်လှမ်းမီသလောက် ကောက်ခံခြင်းသာဖြစ်၍ ထို့ထက်များနိုင်သည်ဟု AAPP က ဆိုထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကတည်းက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်စလုံးကို ကိုင်စွဲမည်ဟု စစ်ကောင်စီက ကြေညာထားပြီးဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button