သတင်း

စစ်ကိုင်းတိုင်းတွင် ပျူစောထီးအဖွဲ့ ၈၀ နီးပါးကို လက်နက်တပ်ဆင်ပေးထား

အပြင်းအထန် ခုခံတော်လှန်မှုများကြောင့် လပေါင်းများစွာ နှိမ်နင်းတိုက်ခိုက်နေရသည့် စစ်ကိုင်းတိုင်းတွင် ပြည်သူ့စစ်အဖွဲ့ပေါင်း ၈၀ နီးပါး ဖွဲ့စည်းထားကြောင်း ပေါက်ကြားလာသည့် စစ်ကောင်စီ၏ အစည်းအဝေးမှတ်တမ်းတစ်ခုအရ သိရသည်။

စစ်ကောင်စီနှင့် ပြည်နယ်တိုင်းဝန်ကြီးချုပ်များ ယခုလ ၁၃ ရက်က နေပြည်တော်၌ ပြုလုပ်သော အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဖြစ်သူ ဦးမြတ်ကျော်က ပြည်သူ့စစ်အဖွဲ့များအကြောင်း တင်ပြခဲ့ခြင်းဖြစ်ကာ ပေါက်ကြားလာသည့် ထိုလျှို့ဝှက်အစည်းအဝေးမှတ်တမ်းကို Myanmar Now ကလည်း ရရှိထားသည်။

“တပ်မတော်နှင့် ရဲတပ်ဖွဲ့ကို အထောက်အကူပြုနိုင်ရန်အတွက် ကျေးရွာများ၌ ပြည်သူ့စစ်တပ်ဖွဲ့ ၇၇ ဖွဲ့၊ လက်နက် ၂၀၈၀ တပ်ဆင်ပြီးဖြစ်ပါကြောင်း” ဟူ၍ ထိုအစည်းအဝေးအတွင်း စစ်ကောင်စီခန့် စစ်ကိုင်းဝန်ကြီးချုပ်က တင်ပြခဲ့သည်။ 

မြို့နယ်ပေါင်း ၃၇ မြို့နယ်သာ ရှိသော စစ်ကိုင်းတိုင်းတွင် ပြည်သူလူထုက ပျူစောထီးဟု ခေါ်ဝေါ်သည့် ပြည်သူ့စစ်အဖွဲ့ပေါင်း ၈၀ နီးပါးအထိ ဖွဲ့စည်းထားသော်လည်း စစ်ကောင်စီက အပြည့်အဝထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း ဦးမြတ်ကျော်၏ တင်ပြချက်အရ သိရသည်။ 

အဖျက်လုပ်ရပ်များ ရှိနေဆဲဖြစ်သည့်အတွက် ရာနှုန်းပြည့်လုံခြုံမှု မရှိသေးကြောင်း၊ အမျိုးသားဝန်ထမ်းများကို စည်းရုံးကာ လက်နက်တပ်ဆင်ပေးရန်၊ စစ်ပညာသင်ပေးရန်လည်း စစ်ကိုင်းဝန်ကြီးချုပ်က တောင်းဆိုခဲ့သည်။ 

စစ်ကိုင်းတိုင်းအတွင်း ပုလဲ၊ ကန့်ဘလူ၊ တန့်ဆည်၊ မင်းကင်း၊ ကလေး စသည့်မြို့နယ်များတွင် စစ်တပ်က စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ထားသည့် ပျူစောထီးအဖွဲ့များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည်ကို တွေ့ရသည်။​

ပျူစောထီးအဖွဲ့များ အားကောင်းရာမြို့နယ်တစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းတောင်ပိုင်း ပုလဲမြို့နယ် မင်းတိုင်ပင်ရွာကို ယခုလအစောပိုင်းတွင် အင်အားရာဂဏန်းရှိ စစ်တပ်နှင့် ပျူစောထီးများ ဝင်ရောက်စီးနင်းကာ အရပ်သားသုံးဦးကို မီးရှို့သတ်ဖြတ်သည့်ပြင် အနီးရှိ ကိုင်းတွင်းနှင့် လှော်ကားရွာတွင်လည်း နေအိမ် ၈၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။​

စစ်တပ်နှင့်အတူ ထိုပျူစောထီးအဖွဲ့များက ကျေးရွာများကို စီးနင်းစဉ် ရွှေငွေကဲ့သို့ အဖိုးတန်ပစ္စည်းများအပြင် အခြားပစ္စည်းများကို ယူဆောင်သွားကြောင်း၊ ကျပ်သိန်းထောင်ဂဏန်းတန်ဖိုးရှိကြောင်း ဒေသခံများက Myanmar Now ကို ပြောကြားထားသည်။​

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာတွင် စစ်တပ်နှင့် ပျူစောထီးတို့ အခြေချလှုပ်ရှားနေသည့် တပ်စခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) များက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပူးပေါင်းတိုက်ခိုက်ကာ အဖမ်းခံထားရသည့် အရပ်သား ၄၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့သည့် ဖြစ်ရပ်လည်းရှိသည်။ 

ထိုအဖမ်းခံထားရသည့် အရပ်သားများကို စစ်တပ်က ပျူစောထီးအဖွဲ့ဝင်ရန် ခြိမ်းခြောက်ခဲ့ကြောင်း၊ မဝင်ပါက သတ်ဖြတ်သည်များလည်းရှိကြောင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက ဖေဖော်ဝါရီ ၂၂ တွင် ပြောသည်။​

စစ်ကိုင်းတိုင်းအလယ်ပိုင်း တန့်ဆည်မြို့နယ်တွင်လည်း စစ်တပ်က ဒေသခံများကို စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးထားကြောင်း ဒေသခံ PDF တာဝန်ခံတစ်ဦးက ယခုလအတွင်း ပြောသည်။ 

တန့်ဆည်မြို့နယ် ကျွန်းလည်ရွာတွင် တပ်စွဲထားသည့် အင်အားရာဂဏန်းနီးပါးရှိ စစ်တပ်က ထိုသို့ ပျူစောထီးများကို စစ်သင်တန်းပေးနေခြင်းဖြစ်သည်ဟု သိရသည်။​

“အဲဒီရွာတွေက အစောကတည်းက တပ်ထောက်ခံတဲ့ရွာတွေ။ ရွေးကောက်ပွဲဆိုရင်လည်း NLD အပြတ်အသတ်ရှုံးတဲ့နေရာတွေဗျ။ ကိုယ်စားလှယ်တွေ မဲဆွယ်ပွဲတွေသွားတုန်းကဆို အသက်အန္တရာယ် ခြိမ်းခြောက်တာတွေထိ လုပ်တာ” ဟု တန့်ဆည် PDF တာဝန်ခံက ပြောသည်။​

နေရာအနှံ့အပြားတွင် လက်နက်ကိုင်ခုခံမှုနှင့် ရင်ဆိုင်နေရသည့် စစ်တပ်သည် စစ်အင်အားလျော့နည်းလာခြင်း၊ ဒေသခံသတင်းပေးများ (သူလျှို) အသုံးပြုနိုင်မှု လျော့ပါးလာခြင်းတို့ကြောင့် ထိုသို့ ပျူစောထီးများကို လက်နက်တပ်ဆင်ပေးကာ အသုံးပြုလာခြင်းဖြစ်နိုင်သည်ဟု တန့်ဆည်မြို့နယ် ပ.က.ဖ အဖွဲ့ ကိုနေထွန်းက ယနေ့ (ဖေဖော်ဝါရီ ၂၅) တွင် ပြောသည်။ 

“စစ်တပ်က အင်အားလျော့လာတာပေါ့လေ။ သူတို့တွေက အရင်တုန်းကလို သူလျှိုတွေ၊ ဒလန်တွေကို အားမကိုးရတော့ ပြည်သူအချင်းချင်း ရန်တိုက်ပေးတဲ့ပုံစံမျိုးနဲ့ လက်နက်တပ်ပေးပြီး အချင်းချင်း သတ်ခိုင်းတဲ့ပုံစံပေါ့။..တော်လှန်ရေးကို ပုံဖျက်နေတဲ့ ပုံစံမျိုးလို့ ယူဆတယ်” ဟု ၎င်းက ပြောသည်။​

စစ်ကိုင်းတိုင်းအတွင်း ခုခံမှုအားကောင်းသည့် မြို့နယ်ဖြစ်သည့် ကလေးမြို့နယ်တောင်ပိုင်းမှ ကျေးရွာအချို့၌ ပြည်သူ့စစ်အဖွဲ့တွင် မဖြစ်မနေပါဝင်ရန် စစ်တပ်က ဖိအားပေးနေသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

၂၀၂၁ နိုဝင်ဘာလကုန်ပိုင်း ရဟတ်ယာဉ်ပေါ်မှ ကြဲချသည့် ဝါဒဖြန့်စာတွင်မူ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် အဖွဲ့ ၁၀၀ ကျော်နေပြီဟု ဖော်ပြထားသည်။  

စစ်တပ်နှင့် ပျူစောထီးတို့၏ အနိုင်ကျင့်၊ သတ်ဖြတ်၊ မီးရှို့မှုများနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီက ငြင်းဆန်လေ့ ရှိပြီး ထိုလုပ်ရပ်များမှာ လက်နက်ကိုင်ခုခံသူတို့၏ လက်ချက်ဖြစ်သည်ဟု သတင်းထုတ်ပြန်လေ့ ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button