
မကွေးတိုင်း၊ ချောက်မြို့တွင် အသက်မပြည့်သေးသော ကျောင်းသား ၂၀ ခန့် စစ်အာဏာရှင်ဆန့်ကျင်မှု သံသယနှင့် ဆက်လက်ထိန်းသိမ်းခံထားရသည်ဟု မကွေးလူထုတိုက်ပွဲကော်မတီထံမှ သိရသည်။
တစ်နိုင်ငံလုံးအနှံ့ပြုလုပ်မည့် စည်ကားသပိတ်တွင် ပါဝင်ကြရန် ဖေဖော်ဝါရီ ၂၁ ညနေက ချောက်မြို့၊ ရွှေပုံတောင် စိမ်းလန်းစိုပြည်နယ်မြေ၌ လှုံ့ဆော်စာရွက်များ ကပ်နေသည့် ကျောင်းသား ၄ ဦးကို စစ်ကောင်စီတပ်က စတင် ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
ထိုညတွင် အခြားကျောင်းသားများကိုလည်း လိုက်လံဖမ်းဆီးခဲ့သည်ဟု မကွေးလူထုတိုက်ပွဲကော်မတီမှ တာဝန်ရှိသူတစ်ဦးဖြစ်သော ကိုချစ်ဝင်းမောင်က ပြောသည်။
“၂ ခြောက်လုံးနေ့အတွက် လှုပ်ရှားမှုလုပ်ဖို့ အကြိုလှုံ့ဆော်တဲ့အနေနဲ့ စာရွက်သွားကပ်တာမှာ ဖမ်းဆီးခံရတာ။ ဖမ်းဆီးခံရတဲ့ညီငယ်တွေကို နှိပ်စက်ပြီး တစ်ဆင့်လိုက်ဖမ်းတာပါ” ဟု ၎င်းက ဆိုသည်။
ဖမ်းဆီးခံရသူများသည် ၁၈ နှစ်မပြည့်သေးသည့် အဋ္ဌမတန်း၊ နဝမတန်းနှင့် ဒသမတန်း ကျောင်းသားများဖြစ်ပြီး မိန်းကလေး ၅ ဦးခန့် ပါဝင်သည်ဟု မကွေးလူထုတိုက်ပွဲသပိတ်ကော်မတီကလည်း ယမန်နေ့က ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၂ တွင် စည်ကားသပိတ်အဖြစ် ခမောက်၊ ဦးထုပ်ဆောင်းရန်၊ သနပ်ခါးလူးရန်၊ ပန်းတစ်ခုခုကိုင်ရန်၊ စာရွက်ကြဲရန်နှင့် သံပုံးတီးကြရန် တော်လှန်ရေးသပိတ်အင်အားစုများက နှိုးဆော်ထားသည့်အတွက် နိုင်ငံတစ်ဝန်း သပိတ်ဆင်နွှဲခဲ့ကြပြီး ဖမ်းဆီးခံရသည့်လူငယ် အများအပြားရှိခဲ့သည်။
ထိုကျောင်းသားတို့ကို ချောက်မြို့ရှိ ဘိုအိမ် ၆၀ ဟုခေါ်သည့် စစ်တပ် တပ်စွဲထားသည့်စခန်းတွင် ညှဉ်းပန်းနှိပ်စက်နေကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးကို ကိုးကား၍ ကိုချစ်ဝင်းမောင်က ပြောသည်။
“ဖမ်းခံရတဲ့ ကောင်လေးတွေဆိုရင် အဝတ်တွေချွတ်ပြီး ဒီအတိုင်းထားတယ်။ ပါးတွေရိုက်တယ်၊ ထိုးနှက်ကန်ကျောက်ပြီး ခေါင်းဆောင်လို့ သူတို့ယူဆတဲ့ ကောင်လေးကိုတော့ လိင်အင်္ဂါကို ဆေးလိပ်မီးနဲ့ ထိုးပြီးပါ လူမဆန်စွာ နှိပ်စက်နေတယ်” ဟု သူက ဆိုသည်။
အဆိုပါကျောင်းသားလူငယ်များကို စစ်ကား ၃ စီးနှင့် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ချောက်မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မကွေးတိုင်း၊ ချောက်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အနည်းငယ်သာ ရှိသည်ဟု သူက ဆိုသည်။
“အရင်က စာရွက်တွေ လိုက်ကပ်လေ့ရှိတယ်၊ သခင်ဖိုးလှကြီးရုပ်တုရှေ့တို့မှာ ကပ်တယ်” ဟု ထိုဒေသခံ အမျိုးသားက ပြောသည်။
“ပြောရရင်တော့ အကြောက်တရားနဲ့ နေနေတာပေါ့ဗျာ။ ဒီဘက်ကတော့ ပြေးစရာတွေလည်း မရှိတော့၊ ပြေးရလွှားရ မရှိတော့ တော်ရုံ အဲဒါတွေ (စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ) သိပ်မရှိကြတော့ဘူး”
ချောက်မြို့နှင့်ကပ်လျက် စဉ့်ကူးမြို့တွင်မူ လက်နက်ကိုင်တော်လှန်ရေးအားကောင်းသည့် စစ်ကိုင်းတိုင်းအစပ်ဖြစ်သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြား တပ်စွဲထားသည်ဟု ဒေသခံများထံမှ သိရသည်။
ဖမ်းဆီးခံထားရသည့် လူငယ်များသည် အသက်မပြည့်သေးသည့် လူငယ်များဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို စိုးရိမ်နေကြောင်း မကွေးလူထုတိုက်ပွဲကော်မတီဝင် ကိုချစ်ဝင်းမောင်က ပြောသည်။
“ဒီအခင်းအကျင်းက လူ့အခွင့်အရေးရှုထောင့်ကပဲ ကြည့်ကြည့်၊ ကလေးသူငယ်အခွင့်အရေးရှုထောင့်ကပဲ ကြည့်ကြည့်၊ တကယ့်ကို လူမဆန်တဲ့လုပ်ရပ်ကို ပြောင်ပြောင်တင်းတင်း သက်သေထပ်ပြတဲ့သဘောပဲ” ဟု ၎င်းက ဆက်ပြောသည်။
“ဖမ်းဆီးပြီးနောက် ကလေးတွေရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို အရမ်းစိတ်ပူပါတယ်”
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်ခဲ့ကြသူများထဲတွင် ကျောင်းသားသမဂ္ဂများ၊ ကျောင်းသားကျောင်းသူများက ထိပ်ဆုံးမှ ပါဝင်ခဲ့ကြပြီး စစ်ကောင်စီက နှိပ်ကွပ်ရာတွင် ကျောင်းသားများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ထောင်ချခြင်း စသည့် နည်းလမ်းများကိုလည်း အသုံးပြုနေသည်။
ဒေသအသီးသီးတွင် စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် သေဆုံးသည့် အရပ်သားအရေအတွက် ၁၅၇၉ ဦးထက်မနည်း ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ယနေ့ ထုတ်ပြန်ထားသည်။ ထိုသေဆုံးမှုများထဲတွင် စစ်ကြောမေးမြန်းစဉ် သေဆုံးမှုများလည်း ပါဝင်သည်။
ထိုအသင်းက ထုတ်ပြန်သော ကိန်းဂဏန်းမှာ ၎င်းတို့ လက်လှမ်းမီသမျှကိုသာ စုစည်းမှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
စစ်ကောင်စီကမူ ရွေးကောက်ပွဲမဲစာရင်းကြောင့် အာဏာသိမ်းထားရခြင်း ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ထပ်လုပ်ပေးမည်ဖြစ်ကြောင်း ၎င်းတို့၏ နေ့စဉ်သတင်းစာတွင် ဖော်ပြနေသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)