
စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အခြေချလှုပ်ရှားနေသော စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၁) တွင် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်အဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဖမ်းဆီးခံထားရသည့် ဒေသခံ အရပ်သား ၄၀ ကို ကယ်ထုတ်နိုင်ခဲ့သည်။
မုံရွာ PDF ၏ တပ်ခွဲများ၊ မဟာမိတ်များနှင့် ပူးပေါင်းတိုက်ခဲ့သော တိုက်ပွဲမှာ မွန်းလွဲ ၃ နာရီမှ ည ၁၂ နာရီအထိ ကြာမြင့်ခဲ့သည်ဟု ပုလဲ PDF အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။
“ကျွန်တော်တို့က (ရွာ) အထဲထိ ဝင်စီးတာ။ သူတို့ လုံးဝအထိုင်နေရာလေးတစ်ခုထဲက စနိုက်ပါနဲ့ စက်လက်နက် (လက်နက်ကြီး) တွေကြောင့် အထိုင်နေရာကို ကပ်မရခဲ့ဘူး” ဟု သူက ပြောသည်။
စစ်တပ်စခန်းကို သိမ်းနိုင်ခြင်းမရှိသော်လည်း အဖမ်းခံထားရသည့် ရွာသား ၄၀ ခန့်ကို ကယ်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်တို့မှာ လက်နက်နဲ့ ကျည် ချွေတာနေရတာနဲ့ ဆက်သွယ်ရေးအတွက် လုံလောက်တဲ့ပစ္စည်းတွေ မရှိဘူး။ ရန်သူကို တိုက်ခိုက်တဲ့နေရာမှာ သူတို့နဲ့ ရင်ပေါင်တန်းပစ်နိုင်တဲ့ တာဝေးပစ္စည်းတွေ မရှိဘူး။ လက်လုပ် (သေနတ်) တွေ လုပ်ထားတယ်ဆိုပေမဲ့ အားလုံး တစ်ပြေးညီမဟုတ်ဘဲ ကြောင်တာတွေ ပါတယ်ဗျ။ အစီအစဉ်လွဲချော်တာတွေ၊ ပိုင်ရမဲ့ခွင်မှာ မပိုင်လိုက်တာတွေရှိတယ်” ဟု ဗိုလ်နဂါးက တိုက်ပွဲအခြေအနေကို ပြောသည်။
“သူတို့ဘက်က အကျအဆုံးက အတည်မပြုနိုင်ဘူး။ အကျအဆုံးကတော့ များမဲ့သဘော ရှိတယ်။ သူတို့ နောက်ဆုံး အထိုင်နေရာလောက်ပဲ ရှိတော့တာ”
စစ်မျက်နှာ နှစ်ဖက်ဖွင့်၍ ပြင်းထန်သော ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်နိုင်ခဲ့သည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် မုံရွာမြို့နယ် PDF ၏ အောင်ဆန်းတပ်ခွဲက ယနေ့ နံနက်တွင် သတင်းထုတ်ပြန်ထားသည်။
မုံရွာ PDF ၏ တပ်ခွဲများဖြစ်သော သံမဏိတပ်ဖွဲ့၊ ပုံတောင်တိုက်ဂါးတပ်ဖွဲ့နှင့် မဟာမိတ်တပ်များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပါရှိသည်။
ဇီးဖြူကုန်းရွာကို ဝင်ရောက်စီးနင်းစဉ် ပြန်လည်ကယ်ထုတ်နိုင်ခဲ့သည့် အရပ်သား ၄၀ ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အပ်ထားကြောင်း ပုလဲ PDF ထံမှ သိရသည်။
စစ်ကောင်စီတပ် ဖမ်းဆီးခံထားရစဉ် ပျူစောထီးအဖွဲ့အတွင်း ဝင်ရောက်ရန် ခြိမ်းခြောက်ခဲ့ပြီး မဝင်ပါက ဒေသခံများကို သတ်ဖြတ်မှုများရှိသည်ဟု လွတ်မြောက်လာသူများက ပြောကြောင်း ဗိုလ်နဂါးက ပြောသည်။
“ဖမ်းထားတဲ့သူတွေကို သူတို့က သတ်သတ်နေတာ။ ဖမ်းပြီး သေနတ်ပေးတယ်။ သေနတ်မကိုင်ရင် တစ်ယောက်ချင်း သတ်သတ်ပြနေတာ။ စစ်သင်တန်းတက်ဖို့၊ သေနတ်ကိုင်ဖို့၊ ကိုင်ပြန်ရင်လည်း မသတ်ရဲရင် ပစ်သတ်ပြတယ်တဲ့။ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ၎င်းက ဆက်ပြောသည်။
ယနေ့ နံနက်တွင် ဇီးဖြူကုန်းရွာတစ်ဝိုက် ပစ်ခတ်မှုမရှိသော်လည်း ရွာခံအများစု ထွက်ပြေးနေသည်ဟု ကြားရကြောင်း အဆိုပါဒေသရှိ နယ်ခံအမျိုးသားတစ်ဦးက ပြောသည်။
“မနေ့က တိုက်ပွဲပြင်းထန်တယ်။ သူတို့ဘက်က ပျူတွေရော၊ စစ်သားတွေရော၊ အမြစ်မပြတ်သေးဘူး။ ကျွန်တော်တို့လည်း ရွာထဲ ဝင်ကြည့်လို့မရတော့ ဘယ်လောက်ကျလဲ အတိအကျတော့ မသိဘူး။ ဒီနေ့ ရွာထဲက ရွာသားတွေ ထွက်လာကြတယ်” ဟု သူက ဆိုသည်။
ပုလဲမြို့နယ် အနောက်ဘက် ဇီးဖြူကုန်းရွာနှင့် အင်မထီးရွာတို့မှာ အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ အထိုင်စခန်းချကာ ဒေသတွင်း ကျေးရွာများကို စီးနင်းမီးရှို့လေ့ရှိကြောင်း၊ ၎င်းတို့ကြောင့် ပုလဲမြို့နယ်အတွင်း အိမ်ခြေ ၂၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း ပုလဲ PDF ၏ အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ကလည်း ဇီးဖြူကုန်းရွာကို ပုလဲ PDF နှင့် မြန်မာ့တော်ဝင်နဂါးတပ်တော်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့ဝင် ၄၀ သေဆုံးခဲ့သည်ဟု PDF ဘက်က ဆိုသည်။
သေဆုံးမှုအရေအတွက်နှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းအမှောင်ချထားသည်။
စစ်ကောင်စီတပ်ဘက်မှ စစ်ကူနှင့် လက်နက်များ ရဟတ်ယာဉ်နှင့် ၅ ကြိမ် ရောက်လာသဖြင့် နောက်ဆုတ်ခဲ့ရကြောင်း ဗိုလ်နဂါးက ပြောသည်။
ထိုစဉ်က အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အကြီးအကဲကိုယ်တိုင် ဇီးဖြူကုန်းရွာသို့ လိုက်လာကာ အဖွဲ့ဝင်တစ်ယောက် အသတ်ခံရလျှင် ၁၀ ယောက်ပြန်သတ်ရန်၊ ပျူစောထီးအဖွဲ့ထဲ မဝင်လိုသည့် ရွာများကို မီးရှို့ရန် အမိန့်ပေးခဲ့သည်ဟု သတင်းရကြောင်း ၎င်းက ဆိုသည်။
ထို့နောက် အင်အားဖြည့်တင်းထားသော စစ်တပ်က ဖေဖော်ဝါရီ ၁၈ တွင် ဇီးဖြူကုန်းရွာမြောက်ဘက် ကပ်လျက် အိမ်ခြေ ၄၀၀ ရှိ ချောင်းဦးရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ အိမ်ခြေ ၃၅၀ မီးလောင်ပျက်စီးခဲ့သည်ဟု အမည်မဖော်လိုသော ရွာခံတစ်ဦးကလည်း ပြောသည်။

ပုလဲဒေသတွင်း အင်အားအများအပြားဖြင့် ပျူစောထီးနှင့် စစ်ကောင်စီတပ် လှုပ်ရှားနေရာ ဖေဖော်ဝါရီ ၄ ကလည်း ပုလဲ-ဂန့်ဂေါသွား လမ်းမအနီး ကိုင်းတွင်းရွာနှင့် လှော်ကားရွာများကို အင်အားရာဂဏန်းဖြင့် စစ်တပ်နှင့် အင်မထီးရွာခံ ပျူစောထီးများက ဝင်ရောက်စီးနင်းခဲ့သည်။
အဆိုပါရွာများရှိ ပြည်သူတို့၏ ပစ္စည်းများကို ကား ၁၀ စီးဖြင့် သယ်ယူပြီးနောက် အိမ်များကို မီးရှို့ခဲ့ရာ အိမ်ခြေ ၈၀၀ နီးပါး မီးလောင်ပြာကျခဲ့သည်။
အလားတူ ထိုလမ်းမဘေးရှိ မင်းတိုင်ပင်ရွာကို ဖေဖော်ဝါရီ ၃ က ဝင်ရောက်စီးနင်းခဲ့ပြီး အခြားမှ ဖမ်းဆီးလာသည့် အရပ်သား ၄ ဦးကို သတ်ဖြတ်မီးရှို့ခဲ့ကာ ထိုရွာသူ အမျိုးသမီး ၅ ဦးကို မုဒိမ်းကျင့်ခဲ့သည်ဟု ရွာခံများက Myanmar Now ကို ပြောဆိုထားသည်။
မင်းတိုင်ပင်ရွာတွင်လည်း ရွှေဆိုင်တစ်ဆိုင်မှ ရွှေထည်များနှင့် ငွေတန်ဖိုး ကျပ်သိန်း ၇၀၀၀ ကျော်၊ ငွေလဲပေးသည့် ဆိုင်တွင် ငွေကျပ် သိန်း ၄၀၀ နှင့် သိန်း ၅၀ တန်ဖိုးရှိ ဖုန်းငွေဖြည့်ကတ်များအပါအဝင် ၎င်းတို့ လိုအပ်သည့်ပစ္စည်းများကို ကား ၇ စီးဖြင့် တိုက်ယူသွားကြသည်ဟု ဒေသခံတို့က ပြောသည်။
ဒေသခံတို့၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီထံမှ တုံ့ပြန်ချက် ရရှိရန် ၎င်းတို့၏ ပြန်ကြားရေးတာဝန်ရှိသူတို့ကို ဖုန်းဆက်သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်း မရှိကြပေ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)