သတင်း

နေပြည်တော်ဝင်ပေါက် မိုးဗြဲတွင် စစ်အင်အားတိုးချ

ယမန်နေ့ (ဖေဖော်ဝါရီ ၁၅)မှစ၍ စစ်ကောင်စီက နေပြည်တော်နှင့် လေးနာရီခွဲဝန်းကျင် ခရီးသာရှိသည့် ရှမ်းပြည်နယ် မိုးဗြဲမြို့တွင် သံချပ်ကာယာဉ် ၂ စီး၊ စစ်သား ၂၀၀ မှ ၃၀၀ ကြား တိုးမြှင့်ချထားသည်ဟု ဒေသကာကွယ်ရေးအဖွဲ့(PDF)ထံမှ သိရသည်။

ထိုနေ့တွင် ကယား(ကရင်နီ) ပြည်နယ် မြို့တော် လွိုင်ကော်ဘက်မှ ထွက်ခွာလာပြီး မိုးဗြဲသို့ နံနက် ၁၁ နာရီခန့်တွင် ရောက်ရှိလာသည့် သံချပ်ကာယာဉ် ၂ စီးကို အမှတ် (၄၂၂) ခြေမြန်တပ်ရင်းတွင် ထားကြောင်း၊ စစ်သားများမှာ တပ်မ ၆၆ မှ ဖြစ်ကာ မြို့အတွင်း၌ ဖြန့်ပြီး နေရာယူထားကြောင်း မိုးဗြဲ PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီးမော့ဆို၊ လွိုင်ကော်မြို့များနှင့်လည်း ကားလမ်းဖြင့် နာရီဝက်အတွင်း သွားလာနိုင်သည့် မိုးဗြဲမြို့ပေါ် ရပ်ကွက်များတွင် စစ်ကောင်စီက နေရာယူထားပြီး ယနေ့ (ဖေဖော်ဝါရီ ၁၆) နံနက် ၉ နာရီခန့်မှစ၍ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်နေသည်ဟု PDF ထံမှ သိရသည်။

“အခုလောလောဆယ် တစ်ချက်(ခဏ)တော့ နားတယ်။ ဒါပေမဲ့ ထပ်ဖြစ်ဖို့ပဲရှိပါတယ်” ဟု မိုးဗြဲ PDF တာဝန်ရှိသူတစ်ဦးက မွန်းလွဲ ၂နာရီခွဲတွင် ပြောသည်။

စစ်တပ်က ကင်းပုန်းဝပ်နေသည့် မိုးဗြဲမြို့၊ ပေါ်ဦး ၁ ရပ်ကွက်အတွင်း တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီက လက်နက်ကြီးပါသုံးသည်ဟု ထိုသူက ဆက်ပြောသည်။ သို့သော် ထိခိုက်၊ ပျက်စီးမှု အသေးစိတ်အခြေအနေများကို အတည်မပြုနိုင်သေးပေ။

ထိုသို့ စစ်ရေးတင်းမာနေသဖြင့် ဒေသခံ ပြည်သူတချို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း မိုးဗြဲလူမှုကယ်ဆယ်ရေးအဖွဲ့ (MBRT) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အရင်ကထက်စာရင် တော်ရုံနဲ့ မပြေးကြတော့ဘူး။ အမြဲတမ်းပြေးနေရတော့ သိပ်တော့ အဆင်မပြေတဲ့အခါကျတော့ နည်းနည်းလောက်ပဲ ပြေးကြတယ်။ ဘုန်းကြီးကျောင်းတွေမှာတော့ သူတို့ခိုလှုံတာရှိတယ်” ဟု ၎င်းက ပြောသည်။

အင်အားတိုးချဲ့ထားသည့် စစ်ကောင်စီတပ်သည် ပေါ်ဦး ၁ ရပ်ကွက် စာသင်ကျောင်း၊ ဈေးကုန်းရပ်ကွက် လူငယ်ရိပ်သာ၊ ပွဲကုန်း ၁ ရပ်ကွက် တံတားအနီးနှင့် မိုးဗြဲဘီလူးချောင်းတံတားအနီးတွင် တပ်စွဲထားသည်ဟု မိုးဗြဲ PDF တာဝန်ရှိသူထံမှ သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံတို့က အပြင်းအထန်ခုခံနေရာတွင် မိုးဗြဲသို့ စစ်အင်အား အလုံးအရင်းပို့လွှတ်သည်မှာ ယခုနှစ်ဆန်းမှစ၍ ပထမဆုံးအကြိမ်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“အခုနောက်ပိုင်းမှာတော့ ဖြတ်သွားဖြတ်လာတာလောက်ပဲရှိတယ်။ မိုးဗြဲမှာ လာအခြေချတာ တစ်ခါမှ မရှိဘူး။ ဒီတစ်ခေါက်မှာပဲ အခြေချမလိုလို နေရာယူထားသလိုလို အဲလိုပုံစံမျိုးဖြစ်နေတယ်” ဟု မိုးဗြဲ PDF တာဝန်ရှိသူက ဆိုသည်။

ထိုစစ်ကြောင်းမှ အချို့သည် ယမန်နေ့ညတွင် မိုးဗြဲမြို့ပေါ်ရှိ ညောင်းဝိုင်း၊ ပွဲကုန်း၊ ဈေးကုန်းရပ်ကွက်တို့တွင် အခြေချခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ထို့အတူ ယမန်နေ့ နံနက်တွင် ရှမ်းနှင့် ကယားပြည်နယ် နယ်စပ်ရှိ ဝါရီကောခူရွာရှိ နေအိမ်များကို စစ်တပ်က ဝင်မွှေကြောင်း၊ လွိုင်ကော်-မိုးဗြဲလမ်းမဘေး ကုန်းသာရွာရှိ ဆီဆိုင်တစ်ဆိုင်တွင် ဆိုင်ကယ်ဓာတ်ဆီသွားဖြည့်သည့် အမျိုးသမီးတစ်ဦး အဖမ်းခံရကြောင်း မိုးဗြဲ PDF တာဝန်ရှိသူထံမှ သိရသည်။

မိုးဗြဲမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်၍ ပျက်စီးသွားသည့် နေအိမ်တစ်လုံးကို ဖေဖော်ဝါရီ ၁၆ ရက်တွင် တွေ့ရစဉ်။ ဓာတ်ပုံ − ပေးပို့

မိုးဗြဲတွင် စစ်အင်အားတိုးချဲ့ခြင်းမှာ ကယားပြည်နယ်အတွင်း ဒေသခံ PDF အဖွဲ့များ ခုခံမှုအားကောင်းသည့် နန်းမယ်ခုံမှတစ်ဆင့် နာရီဝက်ခရီးသာရှိသည့် ​​​​ဒီးမော့ဆိုမြို့နယ်အတွင်းသို့ စစ်ချီရန်လည်းဖြစ်နိုင်သည်ဟု ၎င်းက ခန့်မှန်းသည်။

လွိုင်ကော်မှ ဒီးမော့ဆိုသို့ ကားလမ်းပေါက်သော်လည်း ထိုခရီးလမ်းတွင် PDF တို့ စိုးမိုးထားသည့် ဒေသများကို စစ်ကောင်စီတပ် ဖြတ်သန်းရမည်ဟု ထိုသတင်းရင်းမြစ်ကပင် ပြောပြသည်။

ဇန်နဝါရီလမှစ၍ စစ်မြေပြင်ဖြစ်နေသဖြင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသည့် လွိုင်ကော်မြို့ပေါ်ရှိ မိုင်းလုံး၊ ရွာတန်းရှည်၊ ငါးမြောင်းရပ်ကွက်များမှာ ယနေ့တိုင် စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်သည်။

ထိုမှလွန်လျှင် ဒီးမော့ဆိုဘက်ခြမ်းရှိ ဒေါပိုးစီ၊ စံပြ ၆ မိုင် စသည့် ကျေးရွာများကို စစ်ကောင်စီတပ် မဖြစ်မနေဖြတ်သန်းရမည်ဖြစ်ပြီး ထိုနေရာများတွင် ဒေသခံ PDF အဖွဲ့များ အားကောင်းပြီး တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်နေသည်။

“ပြည်သူ့(PDF)အင်အားတွေက ရှိနေတော့ အဲ့ဘက်တွေက သူလုံးဝ ထိုးစစ်ဆင်လို့မရဘူး။ အဲဒါကြောင့် မိုးဗြဲကနေပဲ (စစ်ကြောင်း) ထိုးရင် အဆင်ပြေမဲ့ပုံစံမျိုးလား၊ ဘယ်လိုပုံစံမျိုးလဲတော့ မပြောတတ်ဘူး” ဟု မိုးဗြဲ PDF တာဝန်ရှိသူက ဆိုသည်။

ထို့ပြင် ကယားပြည်နယ်မှ စစ်ဘေးရှောင်များ အဓိကခိုလှုံရာ မိုးဗြဲ-ဒီးမော့ဆို လမ်းပေါ်ရှိ နန်းမယ်ခုံမြို့ကို စစ်ကောင်စီက ဇန်နဝါရီလမှစ၍ တိုက်ပွဲမရှိသည့် နေ့တွင်ပင် လက်နက်ကြီးဖြင့်ပစ်၊ လေယာဉ်ဖြင့် ဗုံးကြဲသည်အထိ အာရုံစိုက်နေသည်။

အသက်မပြည့်သေးသူ နှစ်ဦးအပါအဝင် အမျိုးသားသုံးဦး သေဆုံးခဲ့ရသည့် ဇန်နဝါရီ ၁၆ ရက် လေကြောင်းတိုက်ခိုက်မှုအပြီး နန်းမယ်ခုံရောက် စစ်ဘေးရှောင်များ နေရာထပ်မံရွှေ့ပြောင်းရသည်အထိ ဖြစ်ခဲ့ရသည်။

ကယား (ကရင်နီ) ပြည်နယ်ရှိ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ တပ်ရင်း ၅ မှ သင်တန်းသားများ ဒီဇင်ဘာ ၁၈ ရက်က မွမ်းမံစစ်သင်တန်းတွင် လေ့ကျင့်နေစဉ်။ ဓာတ်ပုံ−Myanmar Now

၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်ကြရာတွင် ကယားပြည်နယ်သည်လည်း ရှေ့တန်းမှပါဝင်သည်။

ထိုနှစ် မေလမှစခဲ့သည့် ပြည်နယ်အတွင်း PDF များ ဦးဆောင်ခုခံရာ ၉ လအတွင်း မြို့တော် လွိုင်ကော်ရှိ စစ်အုပ်ချုပ်ရေးယန္တရားကိုပါ ခြိမ်းခြောက်နိုင်သည့် အခြေအနေသို့ ရောက်ခဲ့သည်။

ဇန်နဝါရီလကုန်ပိုင်းတွင် လက်နက်ခဲယမ်းအခြေအနေအရ မြို့တော် လွိုင်ကော်၌ PDF တို့လှုပ်ရှားမှု နည်းပါးသွားသော်လည်း စစ်ကောင်စီက အပြည့်အဝထိန်းချုပ်ထားနိုင်သည့် အခြေအနေမျိုးကို မတွေ့ရသေးပေ။

ဖေဖော်ဝါရီလဆန်းတွင် အာဏာသိမ်း ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် ကယားပြည်နယ်သို့ ရောက်ရှိလာပြီးနောက် ဒေသတွင်း ဖုန်း၊ အင်တာနက် သုံးစွဲရ ပိုမိုခက်ခဲလာကာ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ ပို၍ တိုးမြှင့်လာခြင်းဖြစ်သည်။

မိုးဗြဲ၌ အထက်ပါကဲ့သို့ စစ်အင်အားတိုးချဲ့လာသဖြင့် ကပ်လျက်ရှိသည့် ဖယ်ခုံမြို့နယ်အတွင်းတွင်လည်း လိုအပ်သည့် ပြင်ဆင်မှုများ လုပ်နေရသည်ဟု အထက်ပါ ဖယ်ခုံ PDF တာဝန်ရှိသူက ပြောသည်။ 

“တိုက်ပွဲကတော့ ဒီရက်ပိုင်းမှာ ဖြစ်လာမဲ့အနေအထားမှာ ရှိနေပြီ။ ကျွန်တော်တို့ဘက်ကတော့ အသင့်ပြင်ထားပြီ။ ကျွန်တော်တို့ဘက်ကနေ ကြွရင်လည်းကြွပေးမယ်။ စစ်ကူ‌ပေးတာလည်း ရှိပါမယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ PDF အားကောင်းသည့် ကယားပြည်နယ်အတွင်း စစ်ကောင်စီက အကြမ်းရမ်းဆုံး ပြုမူနေပြီး ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်က ဖရူဆိုမြို့၊ မိုဆိုရွာအနီး လူနှင့်ယာဉ်များ အစုလိုက်မီးပုံရှို့သည့် ဖြစ်စဉ်မှာ ထင်ရှားသည်။

ဖေဖော်ဝါရီ ၁၅ တွင် မိုးဗြဲသို့ ရောက်လာသည့် တပ်မ ၆၆ မှာ မိုဆိုရွာဖြစ်စဉ်တွင် ကျူးလွန်သူအဖြစ် သတင်းကြီးသည်။ သို့သော်လည်း အာဏာသိမ်း စစ်ကောင်စီက အဆိုပါ လူသတ် အလောင်းဖျောက်မှုမှာ ၎င်းတို့၏လက်ချက်မဟုတ်ဟု ငြင်းထားသည်။

ဘာသာရေးအဆောက်အအုံ၊ လူနေအိမ်၊ စစ်ရှောင်စခန်းများပင် မချန် လက်နက်ကြီးနှင့် လေကြောင်းပါ သုံး၍ စစ်ကောင်စီက တိုက်ခိုက်နေချိန်တွင် လူဦးရေ သုံးသိန်းကျော်သာရှိသည့် ကယားပြည်နယ်အတွင်း ထက်ဝက်ခန့်မှာ စစ်ပြေးနေရသည်ဟု ကရင်နီအရပ်ဘက်လူမှုအဖွဲ့ကွန်ရက်မှတ်တမ်းအရ သိရသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button