
စစ်ကောင်စီက ယနေ့ (ဖေဖော်ဝါရီ ၁၂) တွင် အကျဉ်းသား ရာနှင့်ချီ ပြန်လွှတ်မည်ဟု ကြေညာထားရာ ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်သည်ဟူသော သံသယဖြင့် ၃ နှစ်နီးပါး စစ်တွေထောင်၌ ချုပ်နှောင်ခံရပြီး အမှုရင်ဆိုင်နေရဆဲဖြစ်သည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသားများ အပါအဝင် ၂၆ ဦးကိုလည်း ပြန်လွှတ်လိုက်သည်။
မြောက်ဦးမြို့နယ် လက္ကာရွာမှ ၂၃ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် သာစည်ကျေးရွာ ဒေသခံ ၃ ဦး ယနေ့ ညနေ ၆ နာရီခန့်တွင် ပြန်လွတ်လာခြင်း ဖြစ်သည်။
အလားတူ ရန်ကုန်မြို့အင်းစိန်ထောင်တွင် AA သံသယဖြင့် ထိန်းသိမ်းခံနေရသူ ၂ ဦးလည်း လွတ်လာသည်ဟု ပြည်နယ်စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။
AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးတရားစွဲခံရသူ ၃၆၂ ဦးအထိ ရှိခဲ့ကြောင်း စစ်တွေအခြေစိုက် သဇင်ဥပဒေဆိုင်ရာအဖွဲ့ က ၂၀၂၀ မတ်လအထိ ကောက်ယူထားသည့်စာရင်းအရ သိရသည်။
စစ်အာဏာသိမ်းခြင်း၊ ကိုဗစ်ကပ်ဘေးတို့ကြောင့် ယမန်နှစ်အတွင်း ထိုအမှုများ စစ်ဆေးခြင်းများ ရပ်ဆိုင်းထားရာ ၎င်းတို့၏မိသားစုများ၊ ရခိုင်ဒေသအရေးလှုပ်ရှားသူများက အမှုများကို အမြန်ဆုံး ပုံမှန်ပြန်စစ်ဆေးရန်၊ ဖမ်းထားသူများ အပြစ်မရှိသဖြင့် ပြန်လွှတ်ရန် ဩဂုတ်လအတွင်းက တောင်းဆိုခဲ့ကြသည်။
အကျဉ်းသားများကို ကူညီပေးနေသည့် ဝေဟင်အောင်ပရဟိတအဖွဲ့ ၏ ၂၀၂၁ စက်တင်ဘာ ၁၅ အထိ စာရင်းများအရ AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများပြင်းထန်ခဲ့သည့် ၂၀၁၉ နှင့် ၂၀၂၀ အတွင်း ဖမ်းဆီးခံရပြီး ရခိုင်ပြည်နယ် အကျဉ်းထောင်အသီးသီး၌ အကြမ်းဖက်ပုဒ်မဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ စုစုပေါင်း ၁၆၆ ဦး ရှိကြောင်း သိရသည်။
၎င်းတို့မှာ စစ်တွေထောင်တွင် ၅၁ ဦး၊ ကျောက်ဖြူထောင်တွင် ၇၀ ဦး၊ သံတွဲထောင်တွင် ၉ ဦး၊ ဘူးသီးတောင်ထောင်၌ ၅ ဦး၊ မြောက်ဦးအချုပ်ခန်းတွင် ၃၁ ဦးတို့ဖြစ်သည်ဟု ထိုစာရင်းတွင် ဖော်ပြထားသည်။
စစ်ကောင်စီက တရားစွဲခံထားရသော AA တပ်ဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၄၆ ဦးကို ပြစ်မှုဆိုင်ရာအမှုများ ရုပ်သိမ်း၍ အမှုမှ လွှတ်မည်ဟု ယနေ့ ကြေညာခဲ့ရာ စစ်တွေထောင်ရှေ့တွင် မိသားစုဝင်များက နံနက်ပိုင်းမှ စတင်၍ လာရောက်စောင့်ဆိုင်းခဲ့ကြရာ လက္ကာရွာမှ မိသားစုများ ပါဝင်သည်ကို တွေ့ခဲ့ရသည်။

ယနေ့တွင် ရခိုင်အကျဉ်းထောင်များမှ စုစုပေါင်း ၅၉ ဦး ပြန်လွှတ်ပေးခဲ့သော်လည်း AA သံသယဖြင့် ဖမ်းခံရသူ ၃၅ ဦးသာ ပြန်လွတ်သေးသည်ဟု ပြည်နယ်စစ်ကောင်စီနှင့် နီးစပ်သူများထံမှတစ်ဆင့် သိရသည်။
AA ကို ရိက္ခာများ ထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် နှစ်နှစ်နီးပါး ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်ကျေးရွာသားငါးဦး ယနေ့ ပြန်မလွတ်သေးပေ။
ကျောက်ဖြူမြို့နယ်လွှတ်တော်အမတ်ဟောင်းတစ်ဦးက ယနေ့ ကျောက်ဖြူထောင်မှ လွတ်လာသူတို့မှာ AA သံသယဖြင့် ဖမ်းခံရသူများ မဟုတ်ကြောင်း ပြောသည်။
“ကျောက်ဖြူက လွတ်တာ ၄ ယောက်လွတ်တယ်လို့ပဲ ကြားတယ်။ အတိအကျ ဘာတစ်ခုမှ မသိရဘူး။ သူတို့ (စစ်ကောင်စီ)က စေတနာအမှန်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးတာဆိုရင် ဒါက AA နဲ့ ဆက်စပ်တဲ့သူ၊ ဒါက ဘယ်သူဆိုပြီး ပြောပြီး လွှတ်ပေးလေ။ အခုက သတင်းကို လျှို့ဝှက်ထားသလို ဖြစ်နေတယ်။ အခုလွတ်တဲ့ ၄ ယောက်ကလည်း AA နဲ့ဆက်စပ်တဲ့သူတွေ မဟုတ်ဘူးလို့ သိရတယ်။ အဲဒီအထဲမှာ မာန်အောင်က တစ်ယောက်ပါတယ်။ ခိုးဆိုးလုယက်မှုနဲ့ကျတာလို့ သိရတယ်” ဟု ၎င်းက ပြောသည်။
လက္ကာရွာသားများအမှု
မြောက်ဦးမြို့မှ ၈ မိုင်ခန့်အကွာ ရန်ကုန်-စစ်တွေကားလမ်းဘေးရှိ အိမ်ခြေ ၃၀၂ ခန့်ရှိ လက္ကာရွာကို ၂၀၁၉ ဧပြီ ၁၀ တွင် AA အမာခံရွာဟု စွပ်စွဲ၍ ရွာသား ၂၇ ဦး ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
စစ်တပ်၏ စစ်ကြောရေးတွင် ၃ ဦး သေဆုံးခဲ့ပြီးနောက် ကျန်သူများ အမှုဖွင့်ခံရခြင်း ဖြစ်ကြောင်း ထိုစဉ်က စစ်တပ်၏ ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောဆိုခဲ့သည်။
စစ်တပ်၏ သတင်းပြန်ကြားရေးက ယင်းနေ့မှာပင် “လက္ကာကျေးရွာအတွင်းသို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက ကျေးရွာအတွင်း ထက်ကြပ် လိုက်လံရှင်းလင်းရာ ရွာအတွင်း ဒေသခံရိုးသားသည့် ရွာသူ/ရွာသားများနှင့် ရောနှော တပ်ဖျောက်ထားသော ရွာခံမဟုတ်သည့် မသင်္ကာဖွယ်ရွာသား ၂၇ ဦးကို အရှင် ဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်” ဟု ထုတ်ပြန်ခဲ့သည်။
စစ်ဆေးမေးမြန်းစဉ် ၃ ဦး သေဆုံးခဲ့ပြီး အသက်မပြည့်သူ ၂ ဦး ကို ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန် ၂၂ ဦးမှာမူ စစ်တွေထောင်တွင် ချုပ်နှောင်ခံထားရရင်း အမှုရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးကိုပါ ထပ်မံဖမ်းဆီးခဲ့သည်။
အမျိုးသမီးတစ်ဦးအပါအဝင် ထို ၂၃ ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄ ခု၊ လက်နက်မှု တစ်ခု စုစုပေါင်း ပုဒ်မ ၅ ခုဖြင့် စစ်တွေမြို့နယ်တရားရုံးတွင် ၃ နှစ်နီးပါး တရားရင်ဆိုင်ခဲ့ရသည်။
ထိုသို့ရွာအတွင်း ဝင်ရောက်ပစ်ခတ်ခံရပြီးနောက် လက္ကာရွာသူရွာသားများမှာ မိုင်အနည်းငယ် ဝေးကွာသည့် တိမ်ညိုနှင့် ပီပင်ရင်းရွာတို့တွင် သွားရောက်ခိုလှုံနေကြစဉ် ၂၀၂၀၊ မေ ၁၆ နေ့လယ်တွင် စစ်သားများ လက္ကာရွာသို့ ထပ်ရောက်လာပြီး ယင်းညမှာပင် ရွာမီးလောင်ခဲ့သည်။
နောက်တစ်နေ့မနက် အနီးအနားကျေးရွာမှ ဒေသခံတို့ သွားရောက်စစ်ဆေးကြည့်သည့်အခါ နေအိမ် ၁၉၃ လုံးနှင့် စာသင်ကျောင်းဆောင်တစ်ခု မီးရှို့ခံခဲ့ရသည်ကို တွေ့ရပြီး အိမ် ၁၀၉ လုံးသာ မီးမလောင်ဘဲ ကျန်ခဲ့သည်။
စစ်တပ်ကမူ AA က မီးရှို့သည်ဟု ထိုအချိန်က သတင်းထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်ဖြင့် စွဲထားသူတချို့ ယမန်နှစ်က ပြန်လွတ်
AA ကို အကြမ်းဖက်အဖွဲ့အစည်းမှ ပယ်ဖျက်ပြီးနောက် AA နှင့် ဆက်စပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲဆိုထားသည့် အမှုများထဲမှ ပြန်လည်ရုပ်သိမ်းပေးခဲ့သည့် အမှု ၂၁ မှုရှိခဲ့ကြောင်း ယမန်နှစ် နှစ်လယ်အတွင်း ရခိုင်ပြည်နယ်စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခဲ့သည်။
AA နှင့် ဆက်နွှယ်သည်ဟု ယူဆခံရသူ အကျဉ်းသားများအနက် ၂၀၂၁ စက်တင်ဘာလလယ်တွင် ၃၅ ဦး ပြန်လွတ်ပြီး စစ်တွေထောင်မှ ၁၃ ဦး၊ ကျောက်ဖြူထောင်မှ ၆ ဦး၊ မြောက်ဦးအချုပ်မှ ၁၆ ဦး ပါဝင်သည်။
ငြိမ်းချမ်းရေးကို ရှေးရှုပြီး အထက်ညွှန်ကြားချက်အရ အမှုများကို ဥပဒေနှင့်အညီ ရုပ်သိမ်းခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီက ဆိုသည်။
ထိုစဉ်က ကျောက်ဖြူအကျဉ်းထောင်မှ လွတ်လာသူ ၆ ဦးမှာ အမ်းမြို့နယ်နေ ကိုဇော်ဇော်ထွန်း(ခ)ဇော်စေ့ကေ၊ ကိုမောင်မောင်ချေ၊ ကိုမင်းမင်း(အမည်လွှဲ)၊ မောင်ဝင်းခင် (ခ) မောင်ခင်ဝင်း၊ ကျောက်ဖြူမြို့နယ်နေ ကိုထွန်းမြင့်စိုးနှင့် ကိုအေးနိုင်တို့ဖြစ်သည်။
စက်တင်ဘာ ၉ တွင် စစ်တွေထောင်မှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် ၂ နှစ်ခန့် အချုပ်ဖြင့် တရားရင်ဆိုင်ခဲ့ရသူ မြေပုံမြို့နယ် ယောချောင်းကျေးရွာမှ ကိုဇော်နိုင်ဝင်း၊ ရသေ့တောင်မြို့နယ် ပြာပင်ရင်းကျေးရွာ မှ ကိုနေလင်းထွန်း၊ ရသေ့တောင်မြို့အရှေ့မြောက်ရပ်ကွက်မှ ကိုမောင်ချေနှင့် ပေါက်တောမြို့နယ် ရွာချောင်းကြီးကျေးရွာမှ ကိုမောင်သန်းဌေးတို့ လွတ်မြောက်လာကြသည်။
၎င်းတို့ ၄ ဦးသည် ၂၀၁၉ ၊ ဇူလိုင်တွင် စစ်တွေမြို့သို့ သွားရောက်ရန် ကားတစ်စီးတည်း လိုက်ပါစီးနင်းလာစဉ် ပုဏ္ဏားကျွန်းရဲစခန်းရှေ့၌ ဖမ်းဆီးခံရခြင်းဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)