(ရန်ကုန်) — နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် ရိုက်တာသတင်းထောက် နှစ်ဦးအမှုတွင် တရားလိုဘက်က ရုံးတော်သို့ တင်သွင်းလာသော သက်သေခံများသည် သတင်းထောက်များ၏ လက်ကိုင်ဖုန်းများအတွင်းမှတွေ့ရသော စာရွက်စာတမ်းများဖြစ်သဖြင့် ရဲတပ်ဖွဲ့က မူလအမှုဖွင့် စွဲဆိုစဉ်က တင်ပြခဲ့သည့် သက်သေခံ စာရွက်စာတမ်းများနှင့် ကွဲလွဲနေသည်ဟု သတင်းထောက်နှစ်ဦး၏ ရှေ့နေက ပြောသည်။
“ဒီအမှုက ပထမဆုံး တရားစွဲတဲ့အခါမှာ အစွဲခံရသူလက်ထဲ စာရွက်စာတမ်းတွေ တွေ့လို့ တရားစွဲတာ။ သတင်းစာတွေထဲမှာလည်း ဒီအတိုင်းပဲ ကြေညာတယ်။ အမှုတွဲမှာလည်း ဒီအတိုင်းပဲ ပြောထားတယ်။ ဒီကျွမ်းကျင်ပညာရှင်ရဲ့ အလှည့်ရောက်တော့မှသာ လက်ကိုင်ဖုန်းထဲက အချက်အလက်တွေကို ထုတ်ပြီး ဒီဟာတွေက ထိပ်တန်းလျှို့ဝှက်ချက်တွေပါဆိုပြီး တရားရုံးတော်ပေါ် တင်သွင်းပြီး ထပ်မံလာရောက် ထွက်ဆိုတယ်။ ကနဦးဖွင့်ထားတဲ့ သတင်းပေးတိုင်ချက်နဲ့တော့ သွေဖည်နေတာပေါ့” ဟု ဦးသန်းဇော်အောင်က ယနေ့ ရုံးချိန်းအပြီးတွင် ဆိုသည်။
နေပြည်တော်၊ ရဲမှုခင်းတပ်ဖွဲ့၊ နည်းပညာမှုခင်းဌာနမှ ရဲမှူးအောင်ကျော်ဆန်းက သတင်းထောက် နှစ်ဦး၏ လက်ကိုင်ဖုန်းများအတွင်းမှ တွေ့ရသည်ဟု ဆိုသည့် စာရွက်စာတမ်းများနှင့် ပတ်သက်ပြီး ၎င်း၏အမြင်ကို ယနေ့ ရုံးတော်သို့ လာရောက်ထွက်ဆိုခဲ့ခြင်းဖြစ်သည်။
ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ လက်ကိုင်ဖုန်းများအတွင်းမှ တွေ့ရှိခဲ့ရသည့် အချက်အလက်များသည် Facebook နှင့် Messenger များမှ ရရှိကြောင်း၊ Facebook နှင့် Messenger တို့သည် တစ်ဦးနှင့်တဦး Facebook တွင် သူငယ်ချင်းမိတ်ဆွေ(Friend) အဖြစ် ချိတ်ဆက်ပြီးမှသာ တစ်ဦးနှင့်တဦး အပြန်အလှန် ဆက်သွယ်ခြင်း၊ အချက်အလက်များ ပေးဝေခြင်း ပြုလုပ်နိုင်ကြောင်း၊ Friend မဖြစ်ပါက အလွယ်တကူ ရရှိနိုင်မည်မဟုတ်ကြောင်း ရဲမှူးအောင်ကျော်ဆန်းက ယနေ့ ထွက်ဆိုသည်။
သက်သေခံအဖြစ် သိမ်းဆည်းထားသည့် လက်ကိုင်ဖုန်းများတွင် Friend ဆိုသူ သူငယ်ချင်းများထံသို့ Facebook, Messenger စသည်တို့မှတစ်ဆင့် အချက်အလက်များ ပေးပို့ခြင်း၊ လက်ခံခြင်းများ ပြုလုပ်ထားသည်ကိုလည်း စစ်ဆေးတွေ့ရှိရသည်ဟု ၎င်းက ထွက်ဆိုခဲ့သည်။
သတင်းထောက်နှစ်ဦး၏ လက်ကိုင်ဖုန်းများအတွင်း ရဲစည်းကမ်း ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် တစ်နှစ် ကျခံနေရသည့် ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်ကို ရဲအုပ်မှ ဒုရဲမှူးသို့ ရာထူးတိုးခဲ့ သည့် စာရွက်များ၊ ပုပ်ရဟန်းမင်းကြီး၏ မြန်မာနိုင်ငံခရီးစဉ်ဆိုင်ရာ လုံခြုံရေးအစီအမံများ၊ ပြည်ထောင်စု ဝန်ကြီးဌာနတချို့၏ စီမံချက်တချို့၊ ဒုတိယသမ္မတခရီးစဉ်များပါ အကြောင်းအရာတချို့၊ ရခိုင်ပြည်နယ်လွှတ်တော်သို့ မာန်အောင်ကျွန်း ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် စသည်တို့ကို ဓာတ်ပုံအဖြစ် တွေ့ရသည်ဟု ပြီးခဲ့သည့် ရုံးချိန်းက ရဲမှူးအောင်ကျော်ဆန်းက တင်ပြခဲ့သည်။
ရဲ၏မူလတင်ပြချက်နှင့် ယခု သက်သေတင်ပြချက် ဆန့်ကျင်ကွဲလွဲသည့်အပေါ် လတ်တလောတွင် မှတ်ချက်ပြုရန် စောနေသေးပြီး မနက်ဖြန်(မေလ ၂၉ ရက်) ရုံးချိန်းတွင် အဆိုပါ နည်းပညာကျွမ်းကျင်သူဟု ဆိုထားသည့် နည်းပညာမှုခင်းဌာနမှ ရဲမှူးအောင်ကျော်ဆန်းအပေါ် ပြန်လှန်စစ်မေးချက်များ၊ ထွက်ချက်များ ရရှိပြီးမှသာ ကျယ်ကျယ်ပြန့်ပြန့် ပြောကြားနိုင် မည်ဟု ဦးသန်းဇော်အောင်က ပြောသည်။
ထိုသို့ ကနဦးဖွင့်ဆိုချက်များနှင့် ဆန့်ကျင်နေမည်ဆိုလျှင် “ရဲစက္ကူ” ခေါ် ရဲတပ်ဖွဲ့၏မူလထွက်ဆိုချက်ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၆၂ ဖြင့် တောင်းယူခွင့်ရှိကြောင်း၊ ရဲတပ်ဖွဲ့၏ မူလတိုင်တန်းချက်နှင့် သွေဖည်နေသည့် အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးကာ အဆိုပါ ထွက်ဆိုချက် ပေးခဲ့သည့် တရားလိုပြသက်သေကို မယုံကြည်ထိုက်သော သက်သေအဖြစ် သတ်မှတ်ပေးရန် သက်ဆိုင်ရာ တရားသူကြီးထံ လျှောက်ထား၍ရကြောင်း ဥပဒေအကြံပေး ဦးခင်မောင်မြင့်က သုံးသပ်သည်။
“ဒီအချက်က တကယ်အမှန်ဖြစ်မယ်ဆိုရင် မယုံကြည်ထိုက်သော သက်သေအဖြစ် လျှောက်ထားလို့ရပါတယ်။ အဲ့ဒီအခါ သူက ရုံးတော်ရှေ့မှာ ထွက်ဆိုထားခဲ့တာတွေက ဥပဒေအရ အကျုံးမဝင်တော့ဘူးပေါ့” ဟု ၎င်းက ဆိုသည်။
ယနေ့တွင် အဆိုပါ နည်းပညာကျွမ်းကျင်သူ၏ ရုံးတော်ရှေ့ ထွက်ဆိုချက်များနှင့် ပတ်သက်ပြီး တရားလိုဘက်က မိမိတို့ကို ထောင်ထဲသို့ “တော်တော်ထည့်ချင်နေ”သည်ဟု ထင်မြင် ကြောင်း၊ ပြည်သူတွေ၏ သိပိုင်ခွင့်နှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကိုပင် လျှို့ဝှက်ဟုဆိုပြီး ပြောဆိုနေသည်ကို တွေ့မြင်ရကြောင်း စွပ်စွဲခံ သတင်းထောက် ကိုကျော်စိုးဦးက တရားခွင်အပြီးတွင် ပြောသည်။
“ဒါတွေက တကယ်တမ်းပြောလို့ရှိရင် လျှို့ဝှက်ချက်တွေ ဘာမှမဟုတ်ပါဘူး။ မာန်အောင်ကျွန်းစီမံကိန်း ဆိုလို့ရှိရင် လွှတ်တော်မှာတင်ပြီး ဆွေးနွေးခဲ့တဲ့ဟာတွေ။ ကျွန်တော်တို့ဒါတွေကို သတင်းမရေးရတော့ဘူးလား” ဟု ကိုဝလုံးက တရားခွင်အပြီးတွင် မေးခွန်းထုတ်ခဲ့သည်။
ရိုက်တာသတင်းဌာန သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ပြီးခဲ့သည့်နှစ် ဩဂုတ်လ မောင်တောမြို့နယ် တိုက်ခိုက်မှုနောက်ပိုင်း အင်းဒင်ရွာသား ဆယ်ဦးကို တပ်မတော်ဘက်က သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်ပြီး သတင်းလိုက်နေစဉ် “လျှို့ဝှက်စာရွက်စာတမ်း”များ လက်ဝယ်တွေ့ရှိမှုဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက မင်္ဂလာဒုံမြို့နယ် စားသောက်ဆိုင်တစ်ဆိုင်မှ အထွက်တွင် ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသည်။
သတင်းထောက်နှစ်ဦးနှင့်တကွ တရားလိုပြသက်သေတစ်ဦးဖြစ်သူ ဒုရဲမှူးဟောင်းမိုးရန်နိုင်တို့ကမူ ၎င်းသည် တမင် ထောင်ချောက်ဆင် ဖမ်းဆီးသည့်အမှု တစ်မှုဖြစ်ကြောင်း ထွက်ဆိုထား သည်။
အပြစ်ရှိသည်ဟု ဆုံးဖြတ်ခံရပါက ဤအမှုအတွက် သတင်းထောက်နှစ်ဦးကို အများဆုံး ပေးနိုင်သည့် ထောင်ဒဏ်မှာ ၁၄ နှစ် ဖြစ်သည်။