သတင်း

မင်းတပ် – မတူပီလမ်း ပစ်ခတ်မှုတွင် ၇ တန်းကျောင်းသား သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့် နေရာအနီးရှိ ၁၃ နှစ်အရွယ် စစ်ဘေးဒုက္ခသည်တစ်ဦး သေဆုံးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 

သံချပ်ကာယာဉ် နှစ်စီးနှင့် ကားအစီးရေ ၇၀ ကျော်ပါဝင်သည့် စစ်ယာဉ်တန်း မင်းတပ် – မတူပီလမ်းအတိုင်း ဆင်းလာစဉ် လမ်းတစ်လျှောက်ရှိ ကျေးရွာများကို ပစ်ခတ်လာရာ ဖေဖော်ဝါရီ ၇ တွင် မောင်ဟုန်ကီး လက်နက်ကြီးကျည်သင့်သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မင်းတပ်- မတူပီလမ်းပိုင်း၌ ထိုယာဉ်တန်း ဖြတ်သန်းစဉ်အတွင်း လူနေအိမ်များကို လုယက်ဖျက်ဆီး ပစ်ခတ်သဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးလေ့ရှိကြရာ ၉ မိုင်တွင် နေထိုင်သည့် မောင်ဟုန်ကီးနှင့် ဒေသခံများလည်း လုံခြုံသည့် နေရာသို့ ပြေးပုန်းကြကြောင်း၊ သို့သော်လည်း လက်နက်ကြီးကျည်က ၎င်းပုန်းအောင်းသည့်နေရာအနီး ကျရောက်ခဲ့ကြောင်း မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF မင်းတပ်) ထံမှ သိရသည်။

“သူတို့အိမ်က ကားလမ်းမပေါ်မှာ ရှိမယ်။ ကားလမ်းမအတိုင်း စစ်တပ်က ဆင်းလာတာဆိုတော့ လျှိုထဲ မြောင်ထဲ သွားပုန်းတာ” ဟု CDF မင်းတပ်၏ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ပြောသည်။ 

“သွားပုန်းနေရင်းနဲ့ စကစတွေ ပစ်တာမှာ ချောက်ထဲမှာ၊ လျှိုထဲ မြောင်ထဲကို (လက်နက်ကြီးကျည်) ကျပြီး ကွဲသွားတော့ အဲဒီ ၇ တန်းကျောင်းသားလေးကတော့ နေရာမှာတင် ပွဲချင်းပြီးဆုံးသွားတယ်” 

ကျေးရွာများမှ လူနေအိမ်အချို့လည်း လက်နက်ကြီးကျည်ထိမှန်ကာ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထိုကလေး၏ စျာပနနှင့် အသေးစိတ်အချက်များကို လတ်တလော မသိရှိရသေးကြောင်း ၎င်းက ဆိုသည်။ 

စစ်တပ်၏လက်ချက်ကြောင့် ကလေးတစ်ဦး သေဆုံးသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး မင်းတပ်မြို့မရဲစခန်းနှင့် စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူတို့ထံမှ တုံ့ပြန်ချက် ရရန် ယနေ့ ညနေပိုင်းက ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။

စစ်တပ် အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ မှစ၍ တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အသက် ၃ နှစ်နှင့် ၁၇ နှစ်ကြား ၁၁၄ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၇ တွင် ထုတ်ဖော်ပြောဆိုထားသည်။

မတူပီ-မင်းတပ်

မိုင် ၁၀၀ ကျော်ကွာဝေးသည့် မင်းတပ် – မတူပီလမ်းတွင် ဇန်နဝါရီ ၆ နှင့် ဖေဖော်ဝါရီ ၈ ကြား သွားလာနေသော ထိုစစ်ယာဉ်တန်းကို အသွားနှင့်အပြန်ခရီးတစ်လျှောက် ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောက်ကျားတိုက်ခိုက်ကြသည်။

ဇန်နဝါရီ ၂၄ တွင် ထိုစစ်ယာဉ်တန်း မတူပီမြို့မှ ပြန်ဆင်းလာစဉ် ၇ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ရာ စစ်တပ်ဘက်က ၂၀ ထက်မနည်း သေဆုံးကြောင်း၊ ပဒေသာမိုင်း ခေါ် အတန်းလိုက်ထောင်သည့် မိုင်းပေါက်ကွဲမှုဒဏ်ခံရကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ 

အထိနာခဲ့သည့် စစ်ကောင်စီယာဉ်တန်းသည် မင်းတပ် – မတူပီ လမ်းတစ်လျှောက် ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်လာခဲ့ကြောင်း CDF မင်းတပ်မှ သိရသည်။

“မတူပီကနေ ဆင်းလာတဲ့ စကကယာဉ်တန်းက လမ်းမှာ တောက်လျှောက်တိုက်ခိုက်ခံရတယ်။ ၁၃ မိုင်၊ ၁၄ မိုင် ဝန်းကျင်မှာ ပဒေသာမိုင်းတွေနဲ့ တောက်လျှောက်တိုက်ခိုက်ခံရတယ်” ဟု ကိုယောမန်က ပြောသည်။ 

“မတူပီကစပြီး လမ်းဘေးဝဲယာတောက်လျှောက် ရမ်းသန်းပစ်ခတ်လာတာပဲ။ တောက်လျှောက်ပဲ။ ရွာတွေထဲကို ကျတာကို မနည်းမနောပဲ”

မင်းတပ်မှ မတူပီသို့ စစ်ကောင်စီယာဉ်တန်း ဖြတ်သန်းစဉ် လက်နက်ကြီးပစ်ခတ်ရုံသာမက ခေါနူးသုမ် ကြိုးဝိုင်းဧရိယာအတွင်း မီးရှို့သွားသည်ကို ဇန်နဝါရီ ၁၂ က တွေ့ရစဉ်။ (ဓာတ်ပုံ – မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) 

မင်းတပ် – မတူပီလမ်းကြောင်းမှာ ပုံမှန်အားဖြင့် တစ်ရက်ခရီးသာ သွားလာရသော်လည်း ကြားဖြတ်တိုက်ခိုက်မှုများကြောင့် ထိုစစ်ယာဉ်တန်းသည် ၁၆ ရက်ကြာမှ မင်းတပ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

စစ်ကောင်စီယာဉ်တန်း မင်းတပ်ပြန်ရောက်သည့် ဖေဖော်ဝါရီ ၈၊ ည ၈ နာရီဝန်းကျင်တွင် ခြေလျင်တပ်ရင်း၂၇၄ တပ်ရင်းက မြို့မြောက်ဘက် ကျေးရွာများဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးသည်။ 

“(လက်နက်ကြီးက) ပြင်းတယ်။ ငလျင်တွေလှုပ်ကုန်သလိုပဲ။ ရွာပေါင်း ၄၊ ၅၊ ၁၀ ရွာလောက်ကို ကြားရတယ်။ ၄ ၊ ၅၊ ၁၀ ရွာ အကုန်လုံးက ကိုယ့်ရွာနားကျတယ်ချည်းပဲ ထင်ကြတာပဲ။ ကားလမ်းနဲ့ဆိုရင် ၁၈ မိုင် ၁၉ မိုင်ကျော်ကျော်လောက် ရှိမယ်” ဟု ကိုယောမန်က ပြောသည်။ 

ထိခိုက်မှု တစ်စုံတစ်ရာ သတင်းမရရှိဟု သူက ဆက်ပြောသည်။

စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်နေသည့် မင်းတပ်မြို့နယ်တွင် ဒေသခံ တစ်သောင်းနီးပါးသည် စစ်ဘေးဒုက္ခသည်များအဖြစ် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း မင်းတပ်မြို့ စစ်ဘေးရှောင်များအရေး စီမံခန့်ခွဲရေးကော်မတီထံမှ သိရသည်။ 

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် မင်းတပ်မြို့နယ်ကို စစ်တပ်က အင်တာနက်ဖြတ်တောက်ထားသည်မှာ လချီ ကြာမြင့်နေပြီး စားနပ်ရိက္ခာသယ်ယူရေးကိုလည်း စစ်တပ်က ဖြတ်တောက်ပိတ်ဆို့ထားကြောင်း ထိုကော်မတီအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

လက်နက်ကိုင်ခုခံသူတို့  မရှင်သန်နိုင်စေရန်အတွက် ဖြတ်လေးဖြတ် ခေါ် သတင်း၊ ရိက္ခာ၊ လူအင်အား၊ ငွေကြေး အကူအညီဖြတ်တောက်သည့် နည်းလမ်းကို စစ်တပ်က ထုံးစံအတိုင်း ကျင့်သုံးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီကို အစောဆုံးလက်နက်စွဲကိုင်ခုခံခဲ့သည့်မြို့နယ်များတွင် မင်းတပ်မြို့နယ်လည်း ပါဝင်သည်။ ဧပြီလကုန်ပိုင်းမှစ၍ စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့ကြား တိုက်ပွဲများ စတင်ခဲ့ပြီး မေ  ၁၃ တွင် မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် စစ်ကောင်စီက သတ်မှတ်ခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button