
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တောင်ပိုင်း၊ ဖလဲကျေးရွာကို ဖေဖော်ဝါရီ ၈ တွင် စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်ရာ ကာကွယ်ရေးအဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု ဒေသခံများနှင့် ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့ထံမှ သိရသည်။
ထိုနေ့ နံနက်က ရွာအတွင်း ရောက်သွားပြီး နေအိမ် ၆ လုံးကို မီးရှို့သည့် စစ်ကောင်စီတပ်က ထိုရွာတွင် ရှိနေသည့် ကာကွယ်ရေးအဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ်ပွားကြောင်း ဖလဲကျေးရွာနှင့် ကပ်လျက်ရွာမှ အမျိုးသားတစ်ဦးက ဆိုသည်။
“မနက်အစောကြီး မိုးမလင်းခင်လောက်ကို စပြီး စစ်ကြောင်းထိုးလာတော့ ကာကွယ်ရေးအဖွဲ့တွေ အငိုက်မိသွားပုံ ပေါ်ပါတယ်။ သိပ်ပြင်ဆင်ချိန်မရလိုက်ဘူး” ဟု ထိုသူက ပြောသည်။
“ကင်းသမား ၅ ယောက် ကျပြီး ၁ ဦးက ဒဏ်ရာအပြင်းအထန်ရပြီး သတိမေ့နေတယ်လို့ ကြားတယ်။ အိမ် ၃ လုံးကတော့ လုံးဝကျွမ်းသွားပြီး ကား ၄ စီးလည်း ရှို့သွားတယ်”
အခြားအိမ် ၃ လုံးလည်း ပျက်စီးသွားသည်ဟု ဆိုသည်။
မွန်းလွဲ ၂ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်လည်း ပြန်လည်ပစ်ခတ်ခံရသည်ဟု ကြားသိရကြောင်း ပြောပြသည်။
စစ်တပ်က ရွာထဲမှအိမ်များကို မီးရှို့သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ချက် ရရှိရေးအတွက် စစ်ကောင်စီပြန်ကြားရေးဌာနကို ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တစ်ဦး ဒဏ်ရာရကာ ၅ ဦး သေဆုံးသည်ဟု Myanmar Now ကို အတည်ပြုသည်။
“ကျတာတော့ ကျတယ်ဗျ။ ပေါက်ကုန်းမှာ ကျတာများတယ်။ ပကဖတွေ ပူးပေါင်းပြီးတိုက်တယ်” ဟု ၎င်းက ဆိုသည်။
ကောလင်းမြို့နယ်အတွင်း ယခုရက်ပိုင်း စစ်ကောင်စီနှင့် တိုက်ပွဲများ စိပ်နေကြောင်း ၎င်းက ဆက်ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယနေ့အထိ နေရပ်မပြန်နိုင်သေးကြောင်း ဖလဲကျေးရွာတွင်နေထိုင်သည့် မိသားစုကို ကိုးကား၍ ထီးချိုင့်မြို့နေ အမျိုးသားတစ်ဦးက ဆိုသည်။
“မနက်အစောကြီးကတည်းက တိုက်ပွဲက စဖြစ်တာ၊ နေ့လယ် ၂ နာရီလောက်မှ စကစဘက်က တပ်ဆုတ်သွားတယ် ပြောတယ်။ ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း ၆ ယောက်ထိတယ်၊ စကစဘက်ကလည်း အနည်းဆုံး ၂၀ လောက် ထိတယ်လို့ ဆိုတယ်” ဟု ထိုအမျိုးသားက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ တွင် အနီးရှိ မြစ်ဒူးကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့ပြီး နေအိမ်များကို ပစ်ခတ်ဖျက်ဆီးခဲ့သည့်အတွက် ဒေသခံကာကွယ်ရေးအဖွဲ့များက ပြန်လည်တိုက်ခိုက်ခဲ့ပြီး ထိုစဉ်က တိုက်ပွဲမှာ နောက်တစ်နေ့ မွန်းလွဲပိုင်းအထိ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်များသည် ထီးချိုင့်၊ ကသာ၊ ကောလင်း မြို့နယ်များတွင် စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးကာ ဒေသကာကွယ်ရေးအဖွဲ့များကို လိုက်လံရှာဖွေနေသည်။
ဒေသတွင်း လက်နက်ကိုင် ခုခံသူအများအပြားသည် နယ်မြေချင်း ထိစပ်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြသည်ဟု သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)