သတင်း

ကျောက်ဆည်တွင် စစ်ကောင်စီ ဆန့်ကျင်သူတချို့၏ နေအိမ်နှင့်ဆိုင်များ ချိပ်ပိတ်ခံရ

စစ်ကောင်စီက မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အတွင်း အာဏာသိမ်းမှု ဆန့်ကျင်သူတချို့၏ နေအိမ်နှင့် ဆိုင် ၇ ခုကို ယမန်နေ့ (ဖေဖော်ဝါရီ ၈) တွင် ချိပ်ပိတ်သိမ်းဆည်းလိုက်ကြောင်း ကာယကံရှင်များထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် သက်ဆိုင်နေသည့် နေရာဟု စွပ်စွဲကာ နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း စာကပ်၍ ချိပ်ပိတ်ခဲ့သည်ဟု ၈၈ မျိုးဆက် ကျောင်းသားဟောင်း ကိုစိုးသီဟက ‌ပြောသည်။

“လွန်ခဲ့တဲ့ ငါးလလောက်ကတည်းက အိမ်အတွင်းကို အင်အားအများအပြားနဲ့ ဝင်စီးတယ်၊ ရှာတယ်၊ ကျွန်တော်တို့က အိမ်မှာ မနေတော့တာ ကြာပြီဆိုတော့ လူတွေမပါခဲ့ဘူး။ အိမ်နဲ့ ဆိုင်အတွင်းက ပစ္စည်းတွေ အကုန်သယ်သွားပြီး၊ အိမ်ကိုလည်း သော့ခတ်သွားပြီးသား။ အခုကျတော့ PDF နဲ့ ပတ်သက်တယ်ဆိုပြီးတော့ စာကပ်သွားတာပေါ့” ဟု ၎င်းက ဆိုသည်။ 

ချိပ်ပိတ်ခံရသည့် အခြားနေရာများမှာ ညောင်ခြောက်ပင်ရပ်ကွက်ရှိ ဒေါက်တာမိုးဟိန်းထွန်း၏ အနန္တဂုဏ်ရည်ဆေးခန်း၊ ၈၈ မျိုးဆက်ကျောင်းသားဟောင်းများဖြစ်သော ကြက်မင်းတွန်ရပ်ရှိ ကိုစိုးသီဟ၏ သီဟမိတ္တူဆိုင်၊ သစ်ကြီးတန်းရပ်ရှိ ကိုစိုးရွှေ၏ နေအိမ်၊ ကိုသံမဏိ၏ ဇာမဏီရောင်းဝယ်ရေး၊ တောင်နံ့သာရပ်ရှိ ကိုကိုထွေး၏ နေအိမ်၊ အေးမြကြည်လင်ရပ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) ပါတီဝင် ကိုမင်းသိန်း၏ နေအိမ်နှင့် ဈေးတန်းရပ်ရှိ ကိုမျိုးမင်းဝင်း၏ ကမ္ဘာကျော်တေးသံသွင်းလုပ်ငန်းတို့ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီသည် အာဏာသိမ်းမှုကို ဆန့်ကျင်နေကြသည့် ပြည်သူလူထုကို မတော်လှန်ရဲစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကိုစိုးသီဟက ပြောသည်။

“သူတို့ကတော့ ပါးစပ်ထဲရှိတဲ့ ဥပဒေနဲ့ လျှောက်လုပ်တာပဲ၊ ပြောရရင်တော့ မင်းတို့ ဒီလိုပိတ်ခံရမယ်၊ ဒီလိုလုပ်ခံရမယ်၊ ပြည်သူတွေကြောက်အောင်ပေါ့ဗျာ။ ဒီလူတွေကို မထောက်ခံရဲ၊ မဆက်သွယ်ရဲအောင် လုပ်တာ” ဟု ကိုစိုးသီဟက မှတ်ချက်ပြုသည်။

“ကျွန်တော်တို့က အသက်ကိုတောင် ဂရုမစိုက်ဘဲ၊ အိမ်တွေကို စွန့်လာပြီးသား။ လက်နက်ကိုင်လမ်းစဉ်ကို ပြောင်းခဲ့ပြီပဲ၊ အိမ်တော့ဘာလုပ်မလဲ၊ ဒါတွေ ပြီးသွားလို့ရှိရင် အချိန်မရွေး ပြန်ရှာလို့ရတယ်၊ ပြန်ယူလို့ရတယ်၊ စိတ်မဝင်စားဘူး။ အဲဒီလို များများလုပ်လေ၊ ပြည်သူက သူတို့ကို မုန်းတီးလာလေဖြစ်မှာ၊ ဒါကို သိသိကြီးနဲ့ ဆက်မိုက်နေတာ” ဟု ကိုစိုးသီဟက ပြောသည်။

ယခုချိပ်ပိတ်သိမ်းဆည်းခံရသည့် နေအိမ်များနှင့် ဆိုင်များသည် လူနေထိုင်ခြင်းမရှိဘဲ ရှောင်တိမ်းနေသူများရှိသလို အချို့မှာလည်း အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်နေကြသည့် ဒေသကာကွယ်ရေးတပ်ဖွဲများနှင့် ပူးပေါင်းလုပ်ဆောင်နေကြသူများဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီတွင် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည့် စစ်တပ်သည် အာဏာသိမ်းမှု ဆန့်ကျင်ကြသူများ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့နှင့် ဆက်စပ်သည်ဟု စွပ်စွဲခံရသူများ၏ နေအိမ်၊ ဈေးဆိုင်နှင့် အခြားလုပ်ငန်းများကို စီးနင်းရှာဖွေ ချိပ်ပိတ်ခြင်းကို ယမန်နှစ် အောက်တိုဘာနောက်ဆုံးပတ်မှစ၍ လုပ်ဆောင်လာကြသည်။ 

ဧရာဝတီတိုင်း ရေကြည်၊ ကျုံပျော်၊ မအူပင်၊ ပုသိမ် အပါအဝင် ရန်ကုန်၊ မန္တလေး၊ ရေစကြို၊ ပဲခူး၊ ရွှေဘိုမြို့၊ ဆင်ဖြူကျွန်းမြို့ အပါအဝင် မြို့ကြီးများရှိ နေအိမ်များကို PDF နှင့် ဆက်စပ်သူဟု သံသယရှိပါက စစ်ကောင်စီက နိုင်ငံပိုင်အဖြစ် ချိပ်ပိတ်နေသည်။ ယင်းအပြင် NLD ပါတီဝင်များ၏ နေအိမ်များ၊ ရုံးခန်းများကို ချိပ်ပိတ်ခြင်း၊ နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူခြင်းများ လုပ်ဆောင်နေသည်။ 

အာဏာသိမ်းဗိုလ်ချုပ်ကြီးများက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) တွင် ပါဝင်နေသူအားလုံးနီးပါး၏ နေအိမ်များကိုလည်း အလားတူ လုပ်ဆောင်ထားသည်။

အဆိုပါ ဥပဒေမဲ့လုပ်ရပ်ကြောင့် ပြည်သူလူထုက NLD နှင့် NUG တို့အပေါ် ပိုမိုထောက်ခံအားပေးကြလိမ့်မည်ဟု လေ့လာသူတို့က သုံးသပ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button