သတင်း

မကွေးမှ စစ်တပ်အလိုရှိသူ၏ မိဘများ အိမ်နှင့်ဆိုင် ချိပ်ပိတ်ခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်းကို ယနေ့ (ဒီဇင်ဘာ ၁၁) နေ့လယ်ပိုင်းက စစ်ကောင်စီတပ် အင်အား ၃၀ ကျော်ဖြင့် လာရောက်ရှာဖွေရာ မတွေ့ရှိသဖြင့် မိဘများ၏ နေအိမ်နှင့် ဆိုင်ကို ချိပ်ပိတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

၂၉ နှစ်အရွယ် ထိုအမျိုးသားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲပြီး လာရောက်ရှာဖွေခြင်းဖြစ်သည်ဟု လုံခြုံရေးအရအမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုသည်။

“လမ်းထိပ်နှစ်ဖက်ကို ပိတ်ထားပြီးတော့ လမ်းထဲကို ဘယ်သူမှပေးမဝင်ဘူး။ သူ့ကို မတွေ့လို့ မဆိုင်တဲ့မိဘအိမ်ကို ချိပ်ပိတ်သွားတာ။ ဆိုင်ကယ်နှစ်စီးနဲ့ ပစ္စည်းတွေလည်း ပါသွားတယ်လို့ ကြားတယ်”ဟု ဒေသခံအမျိုးသားက ပြောသည်။

“ဆိုင်က မိဘတွေပိုင်တာ။ အိမ်နဲ့သူ အဆက်အသွယ်မရှိတော့တာ ကြာပြီ။ မိဘတွေနဲ့မဆိုင်ဘဲ ဒီလိုလုပ်တာတော့ မဖြစ်သင့်ဘူးပေါ့”

ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ကတည်းက သူ့ကို မိဘများက အမွေပြတ်စွန့်လွှတ်ထားပြီးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ကိုချမ်းမြေ့ကိုကိုသည် မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် ၂၀၁၈ ခုနှစ်က တာဝန်ယူခဲ့ပြီး ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျောင်းသားရေးရာကိစ္စများတွင် တက်ကြွစွာ ဦးဆောင်ခဲ့သည်၊ ပရဟိတသမားတစ်ဦးလည်းဖြစ်ပြီး ၂၀၁၉တွင် M.SC Geology ဖြင့် ကျောင်းပြီးထားသည်ဟု သိရသည်။

ချိပ်ပိတ်ခံရသည့် ဆင်ဖြူကျွန်းမြို့ရှိ စားသောက်ဆိုင်။ (ဓာတ်ပုံ-ပေးပို့) 

စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များတွင် ပါဝင်မှုကြောင့် တိမ်းရှောင်နေရပြီး စက်တင်ဘာလကုန်တွင် စစ်ကောင်စီတပ်က နေအိမ်သို့ သွားရောက်ရှာဖွေခဲ့သည်ဟု ကိုချမ်းမြေ့ကိုကိုက Myanmar Now ကို ပြောသည်။

“ကျွန်တော်က အိမ်နဲ့ အဆက်အသွယ်မရှိတာ ကြာပြီ။ ၉ လပိုင်းအကုန်တုန်းကလည်း ကျွန်တော့်အိမ်ကို ဝင်ရှာတယ်။ ကျွန်တော့်ကို မေးတယ်။ အဖေက မသိဘူးပြောတာကို နံပါတ်တုတ်တွေနဲ့ ရိုက်တယ်။ အခုက ဒုတိယအကြိမ်ပေါ့၊”ဟု ၎င်းက ဆိုသည်။ 

“PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုတာတော့ သူတို့က PDF ဆိုတာကို နားမလည်လို့ စကစက သူတို့ကို ဆန့်ကျင်သူမှန်သမျှကို သူတို့သတ်ချင်သတ်လို့ရအောင် အကြမ်းဖက်ခေါင်းစဉ်တပ်လိုက်တာပါ။ PDF ဆိုတာ ပြည်သူပြည်သားအားလုံးရဲ့ တော်လှန်ရေးအသိစိတ်ပါပဲ” ဟု ကိုချမ်းမြေ့ကိုကိုက ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး မေးမြန်းရန် Myanmar Now က စစ်ကောင်စီနှင့် မကွေးရဲစခန်းများသို့ အဆက်အသွယ် မရရှိသေးပေ။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းတွင် ၎င်းတို့အလိုရှိသူများကို မမိလျှင် မိသားစုဝင်များကို ဓားစာခံပြုလုပ်၍ ဖမ်းဆီးခြင်း၊ နေအိမ်များကို ချိပ်ပိတ်ခြင်းတို့ လုပ်ဆောင်နေသည်။

ထို့ပြင် ​​အောက်တိုဘာနောက်ဆုံးပတ်မှစ၍ ဧရာဝတီတိုင်းအပါအဝင် ရန်ကုန်၊ မန္တလေး၊ ရေစကြို၊ ပဲခူး၊ ရွှေဘိုမြို့ အပါအဝင် မြို့ကြီးများရှိ နေအိမ်များကို PDF နှင့် ဆက်စပ်သူဟု သံသယရှိပါက စစ်ကောင်စီက နိုင်ငံပိုင်အဖြစ် ချိပ်ပိတ်နေသည်။ 

နိုဝင်ဘာ ၂၅ နံနက်ကလည်း PDF အဖွဲ့ဝင်ဟု စွပ်စွဲခံထားရသည့် လူငယ်တစ်ဦးကို လိုက်လံရှာဖွေနေသည့် စစ်ကောင်စီတပ်သားတို့သည် မန္တလေး၊ ချမ်းမြသာစည်မြို့နယ်တွင် သူ၏ အသက် ၅ဝ ကျော် မိခင်ကို ဖမ်းဆီးကာ နေအိမ်ကို ချိပ်ပိတ်ခဲ့ကြသည်။ 

စစ်အာဏာရှင်ကို ဦးဆောင်ဆန့်ကျင်သူများတွင် ရှေ့ဆုံးက ပါဝင်နေသည့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များကို စစ်ကောင်စီက ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ကာ ဖိနှိပ်နေသည်။  

ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ကလည်း ​​စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ဇာတိဖြစ်သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) အဖွဲ့ဝင်ဟောင်း အသက် ၂၆ နှစ်အရွယ် ကိုနှင်းအောင်သည် စစ်တပ်နှင့် ပျူစောထီးအဖွဲ့တို့၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button