သတင်း

အင်းစိန်တွင် ထောင်အစားအစာ ငြင်းဆန်သည့်နည်းဖြင့် နိုင်ကျဉ်းများ ဆန္ဒပြ

ရန်ကုန်မြို့၊ အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားတချို့က ထောင်ထမင်း/ဟင်းကို ငြင်းဆန်သည့်နည်းဖြင့် ဖေဖော်ဝါရီ ၁ တွင် စတင်ဆန္ဒပြနေကြပြီး နောက်ထပ် ရက်အနည်းငယ်ကြာအောင် ငြင်းဆန်ကြဦးမည်ဟု အင်းစိန်ထောင်နှင့်နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

မိသားစုများထံမှ ရရှိထားသည့် အစားအစာကိုသာ စားသောက်ကာ တစ်နိုင်ငံလုံးရှိ ပြည်သူများနှင့် တစ်သားတည်းရပ်တည်ခြင်းကို ပြသခြင်းဖြစ်ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောသည်။ 

“ကြားသိရသလောက်တော့ ၁၂ ရက်နေ့အထိကို သူတို့တွေ ဆက်လက်ပြီးတော့ ဒါမျိုးလုပ်မယ်” ဟု ၎င်းက ဆက်ပြောသည်။ 

ရန်ကုန်မှ ရှေ့နေတစ်ဦးက ထိုဆန္ဒပြမှု၌ ၎င်းတို့ အမှုလိုက်ပါဆောင်ရွက်ပေးနေသူ ၁၀၀ ဝန်းကျင်အပါအဝင် အရေအတွက်အများအပြား ပူးပေါင်းပါဝင်နေကြသည်ဟု Myanmar Now ကို ပြောသည်။ 

ထိုအထဲတွင် ဗကသကျောင်းသားများဖြစ်သော ဝေယံဖြိုးမိုး၊ ဇော်ထက်နိုင်တို့ အပါအဝင် အခြားနိုင်ငံရေးလှုပ်ရှားသူများလည်း ပါဝင်ကြသည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် ထိုရှေ့နေက ဆိုသည်။

“တော်တော်များများပေါ့။ အသံတိတ်သပိတ်စတဲ့နေ့က တူညီအနက်ရောင်ဝတ်စုံ ဝတ်ကြတယ်။ ထောင်က တစ်နေ့ကို ၃ နပ် ပေးတယ်ပေါ့။ အဲဒါကို သူတို့တွေက ဘာမှ မစားဘဲနဲ့ မိသားစုပေးတဲ့ ပါဆယ်ထဲကပဲ၊ ပြောရရင်တော့ဗျာ၊ ခေါက်ဆွဲခြောက်ရှိတဲ့လူက ခေါက်ဆွဲခြောက် ပြုတ်စားမယ်။ ဘာမှ မရှိလို့ရှိရင် အချင်းချင်း မျှစားမယ်။ ထောင်က ပေးတဲ့ အစာတော့ မစားဘူးဆိုပြီးတော့ ဆန္ဒထုတ်ဖော်တဲ့ပုံမျိုးပေါ့” ဟု ၎င်းက ဆိုသည်။

ထိုကဲ့သို့ ထောင်မှကျွေးမွေးသော အစားအစာများကို ငြင်းပယ်မှု အစပြုသည့်ရက်သည် အာဏာသိမ်းခံရမှု နှစ်ပတ်လည်နေ့ဖြစ်ပြီး နောက်ဆုံးရက်သည် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဗိုလ်ရှုသဘင်ကျင်းပမည့်ရက်နှင့်လည်း တိုက်ဆိုင်နေသည်။ 

ဖိနှိပ်မှုတွင် အမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန်မှ ထောင်အာဏာပိုင်များအနေဖြင့် အစာငတ်ခံဆန္ဒပြမှုလည်း မဟုတ်သော ထိုလှုပ်ရှားမှုကို အရေးယူခြင်းမပြုဘဲ ဆက်စောင့်ကြည့်နေကြောင်း အထက်ပါရှေ့နေအပါအဝင် ထောင်တွင်းသတင်းရင်းမြစ်တချို့မှ သိရသည်။ 

“အထဲက လူတွေက သူတို့အခွင့်အရေးကို တောင်းဆိုနေတာမဟုတ်ဘူး။ ကျွန်တော်တို့ကိုတော့ ဘာပေးပါ၊ ဘယ်လိုမျိုးအခွင့်အရေးမှ မတောင်းဘူး။ အခွင့်အရေးမတောင်းတဲ့အတွက် သူတို့ (ထောင်အာဏာပိုင်တွေ) အရေးယူလို့ မရဘူး” ဟု အထက်ပါ ရှေ့နေက ဆိုသည်။ 

“တစ်နှစ်ပြည့်သွားတဲ့အခါမှာ အပြင်မှာ လက်ရှိတိုက်ပွဲဝင်နေတဲ့၊ မြေပြင်မှာ ကျဆုံးသွားတဲ့လူတွေနဲ့ အထဲမှာ သူတို့က တရားရင်ဆိုင်နေရတယ်ဆိုပေမဲ့ အပြင်က ပြည်သူတွေနဲ့ တစ်သားတည်းရှိတယ်ဆိုတဲ့အပေါ် လက်ရှိမှာ သူတို့လုပ်နိုင်တာ ဒါရှိနေတယ်ဆိုတဲ့အတွက် လုပ်နိုင်တဲ့အပေါ်မှာ သူတို့တွေ လုပ်ပေးတာ” 

ယမန်နှစ် ဒီဇင်ဘာ ၁၀ လူ့အခွင့်အရေးနေ့တွင် တစ်နိုင်ငံလုံး ပါဝင်ခဲ့သည့် ဒုတိယအကြိမ်အသံတိတ်သပိတ်တွင်လည်း အင်းစိန်ထောင်တွင်းမှ နိုင်ကျဉ်းများလည်း ပါဝင်ခဲ့ကြသည်။

အသံတိတ်ဆန္ဒပြခြင်း၊ အာဏာရှင်ဆန့်ကျင်ရေး သီချင်းသီဆိုခြင်းများကြောင့် အင်းစိန်ထောင်အာဏာပိုင်များက လူငယ်ကျောင်းသားသမဂ္ဂခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသား ၈၀ ကျော်ကို သတိလစ် မေ့မြောသည်အထိ လူမဆန်စွာ ရိုက်နှက်မှုများ၊ တိုက်ပိတ်မှုများ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာများကို ဆေးကုသခွင့် မပေးခြင်းမျိုးအထိ လူ့အခွင့်အရေးချိုးဖောက်ခဲ့ကြသည်။

ယမန်နှစ် ဇူလိုင် ၂၃ ကလည်း အင်းစိန်ထောင်တွင်း အမျိုးသမီးများထားရှိရာ အဆောင်နှစ်ခုဘက်မှ စတင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ထွက်ပေါ်ခဲ့ပြီးနောက် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာ အပြင်းအထန် ရိုက်နှက်ခံရသူများအပြင် လူ ၂၀ ခန့် တိုက်ပိတ်ခံရနိုင်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ခန့်မှန်းသည်။ 

ထိုစဉ်က နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန်၊ ထောင်တွင်းဆေးကုသမှု လုံလောက်စွာပေးရန်၊ ထောင်စည်းကမ်းတင်းကျပ်လာမှုကို ဖြေလျှော့ပေးရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ တွင် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ခဲ့ပြီးနောက် တစ်နိုင်ငံလုံး အသံတိတ်သပိတ် တတိယအကြိမ်ပြုလုပ်ခဲ့ကြရာ ထိုနေ့ကလည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ စာရေးဆရာ မောင်သာချိုနှင့် စာရေးဆရာ ထင်လင်းဦးတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားအများစုက အင်္ကျီအနက်ရောင်ဆင်တူများဝတ်ဆင်ပြီး တစ်နိုင်ငံလုံးရှိ ပြည်သူများနှင့်အတူ ပါဝင်ခဲ့ကြောင်း ထောင်သတင်းရင်းမြစ်များထံမှ သိရသည်။ 

စစ်ကောင်စီက အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို ဖမ်းဆီးပြီး အများအပြားကို ပြန်လွှတ်ပေးခဲ့လင့်ကစား ဆက်လက်ထိန်းသိမ်းခံနေရသူ ၉၀၀၆ ဦး အနည်းဆုံးရှိသည်ဟု AAPP ၏ ဖေဖော်ဝါရီ ၇ မှတ်တမ်းတွင် ဖော်ပြထားသည်။ ၎င်းတို့အနက်မှ ၆၇၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည်။ 

မြန်မာနိုင်ငံ၏ အကြီးဆုံးထောင်ဖြစ်သည့် အင်းစိန်ထောင်ကို အရပ်သားအစိုးရလက်ထက်က လူ့အခွင့်အရေးချိုးဖောက်မှု နည်းပါးအောင် ဆောင်ရွက်နေစဉ် စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button