
မူဆယ်နယ်စပ်ကုန်သွယ်ရေးဂိတ်ပိတ်ပင်ခြင်းကြောင့် နယ်စပ်ရှိ ဂိုဒေါင်များတွင် လနှင့်ချီပြီး သောင်တင်နေသည့် ပို့ကုန်၊ သွင်းကုန်များကို စစ်ကောင်စီ၏ ကုန်သွယ်ရေးဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနက အခွန်ထပ်ဆောင်ခိုင်းနေကြောင်း မူဆယ်အခြေစိုက် ကုန်သည်နှစ်ဦးက ပြောသည်။
ကိုဗစ်နိုင်တင်း (Covid-19) ထိန်းချုပ်ရေးအကြောင်းပြချက်ဖြင့် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးကို ယမန်နှစ် ဇူလိုင်တွင် တရုတ်ဘက်က တစ်ဖက်သတ်ပိတ်ပင်ခဲ့ရာ ကုန်တင်တွဲကား ၃,၀၀၀ ကျော် ပိတ်မိခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ဒီဇင်ဘာ ၁ တွင် နယ်စပ်ဂိတ်ကို တရုတ်ဘက်က ပြန်ဖွင့်လိုက်သော်လည်း ကုန်သွယ်မှု နှေးကွေးနေ၍ ကုန်ကား ၁,၀၀၀ ခန့် ဆက်ပိတ်မိနေချိန်တွင် ထိုကုန်တင်ကားများကို လာမည့် ၂၀၂၂ ဖေဖော်ဝါရီ ၈ ရက်မှစ၍ အခွန် ထပ်မံပေးဆောင်ခိုင်းနေခြင်းဖြစ်သည်ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။
“မူဆယ် ၁၀၅ မိုင်မှာ (ကုန်ပစ္စည်းကို) အမေရိကန်ဒေါ်လာနဲ့ (ဈေး)သတ်မှတ်ပြီးတော့မှ ဆောင်ထားတာ။ ဒေါ်လာနဲ့ ဆောင်ထားပြီးပေမဲ့ အခု စနစ်အသစ်အရ ယွမ်ငွေနဲ့ ဆောင်ရမယ်။ ဘဏ်စနစ်နဲ့ သွားရမယ်ဆိုပြီးတော့ သတ်မှတ်လိုက်တယ်။ ဒါကြောင့် ကျွန်တော်တို့က ယခင်ဆောင်ထားပြီးသားဖြစ်ပေမဲ့ အခု ဖေဖော်ဝါရီ ၈ ရက်က စပြီး ယွမ်ငွေနဲ့ တိုက်ရိုက်ဆောင်ရမယ်” ဟု ၎င်းက ဆိုသည်။
ပိတ်မိနေသည့် ကုန်များမှာ ဆန်၊ ဆန်ကွဲ၊ ပဲနှင့် ရော်ဘာတို့အပြင် သွင်းကုန်များလည်း ပါဝင်သည်ဟု ကုန်သည်များထံမှ သိရသည်။
ယခုထပ်မံပေးဆောင်ရမည့်အခွန်မှာ ကုန်ပစ္စည်းဈေးနှုန်းနှင့် တန်ဖိုးအပေါ်တွင် ပေးဆောင်ရသည့် အကောက်ခွန်ဖြစ်ပြီး ဆန်တစ်တန်လျှင် ၁၂,၀၀၀ ကျပ် ကျသင့်သဖြင့် တွဲကားတစ်စီးလျှင် ကျပ် ၃ သိန်းခန့် ထပ်မံပေးဆောင်ရမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်က တရုတ်-မြန်မာကုန်သွယ်မှု၊ ကုန်သွယ်ရေးနှင့် ငွေပေးချေမှု၊ ကျပ်ငွေသုံးစွဲမှု တိုးမြှင့်ရန်ဟုဆိုကာ တရုတ်နယ်စပ်တွင် ယွမ်/ကျပ် တိုက်ရိုက်ပေးချေသည့်စနစ်ကို စတင်လိုက်ချိန်တွင် မူဝါဒအပြောင်းအလဲကြားတွင် ပိတ်မိနေသည့် ကုန်သည်များအနေဖြင့် အခွန် နှစ်ခါပေးဆောင်ရမည့် အခြေအနေဖြစ်သည်။
“အကုန်ဆောင်ပြီးသားကို နှစ်ခါပြန်ဆောင်ရတော့ Double ဖြစ်သွားပြီလေ။ ပိုက်ဆံပိုကုန်မှာပေါ့” ဟု နောက်ထပ် မူဆယ်အခြေစိုက် သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။
ကုန်တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးနှင့် အကောက်ခွန်ဌာနတို့ထံ ကုန်ပစ္စည်း၏တန်ဖိုးတင်ပြရပြီး ပစ္စည်းအမျိုးအစားနှင့် တန်ဖိုးအပေါ် မူတည်ကာ ၂ ရာခိုင်နှုန်း သို့မဟုတ် ၅ ရာခိုင်နှုန်း စသည်ဖြင့် အခွန်ကောက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ တွင် ထိုသို့ကောက်ခံမည်ဟု စာထွက်လာချိန်တွင် ကုန်ပစ္စည်းပိတ်မိနေသည့် ကုန်သည်များက သဘောမတူကြောင်း ပြောဆိုသဖြင့် ဖေဖော်ဝါရီ ၈ ရက်အထိ ကင်းလွတ်ခွင့်ပြုမည်ဟု အကြောင်းပြန်ခဲ့ကြောင်း မူဆယ်အခြေစိုက် ကုန်သည်အသိုင်းဝိုင်းထံမှ သိရသည်။
ယခင်က တရုတ်ကို ပို့ကုန်တင်ပို့ရာတွင် ကုန်ပစ္စည်းတန်ဖိုးကို ဒေါ်လာဖြင့် သတ်မှတ်ပြီး ကျသင့်အခွန်ကိုလည်း နေ့စဉ်ငွေပေါက်ဈေးဖြင့် ချိန်ထိုး၍ အခွန်ပေးဆောင်ရခဲ့ကာ နယ်စပ်တွင် ယွမ်ငွေတိုက်ရိုက်အသုံးပြုမည်ဖြစ်သဖြင့် အမေရိကန်ဒေါ်လာ၏ ပါဝင်ပတ်သက်မှုကျသွားကြောင်း ကုန်သည်များက ဆိုသည်။
ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းငွေကြေးဈေးကွက်တွင် ဒေါ်လာငွေလဲနှုန်း ကသောင်းကနင်းဖြစ်လာသဖြင့် ဒေါ်လာအပေါ် မှီခိုမှုလျှော့ချရန် စစ်ကောင်စီက တရုတ်ယွမ်အသုံးပြုရေးကို ပိုမိုတွန်းအားပေးလာသည်။
ယွမ်/ကျပ်တိုက်ရိုက်ပေးချေရန် မြန်မာတွင် နိုင်ငံခြားဘဏ်ခွဲ ဖွင့်လှစ်ခွင့်ပြုထားသည့် Bank of China နှင့် Industrial and Commercial Bank of China တို့ကို မြန်မာ့စီးပွားရေးဘဏ်နှင့် ချိတ်ဆက်လုပ်ကိုင်ခွင့်ပြုလိုက်ပြီး ကုန်သည်များကို ယွမ်စာရင်းဖွင့်ခွင့်ပြုကြောင်း ဒီဇင်ဘာ ၁၅ တွင် ထပ်မံထုတ်ပြန်ခဲ့သည်။
တရုတ်ယွမ်ကို နယ်စပ်ကုန်သွယ်ရေးတွင် သုံးခွင့်ပြုခြင်းမှာ အမေရိကန်နှင့် အခြားနိုင်ငံခြားငွေပြတ်လပ်မှုကို ဖြေရှင်းရန်ဖြစ်သည့်နည်းတူ အမေရိကန်ဒေါ်လာ၏လွှမ်းမိုးမှုကို တန်ပြန်ရန် အရေးပါသည့်ခြေလှမ်းဖြစ်ကြောင်း တရုတ်အစိုးရအာဘော် Global Time သတင်းစာက ဒီဇင်ဘာ ၁၅ တွင် ဖော်ပြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)