သတင်း

မောင်တောတွင် စစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ တိုက်ပွဲဖြစ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ယနေ့ (ဖေဖော်ဝါရီ ၄) နံနက် ၇ နာရီခန့်တွင် စစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့တို့ မိနစ်အနည်းငယ် တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

နယ်စပ်ခြံစည်းရိုး မိုင်တိုင်အမှတ် ၄၃ ဝေလာတောင်၊ အောင်သပြေကျေးရွာ၊ ရန်ခါစေ ဆိုသည့် နေရာနှင့် ဆာလီတောင်ကျေးရွာတို့အနီး စစ်တပ်က နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် ဖြစ်ပွားခြင်း ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မင်းခမောင်းကျေးရွာသားတစ်ဦးက ဆိုသည်။

“မနက် ၇ နာရီလောက်က စဖြစ်တယ်။ လက်နက်ငယ်အသံပဲ ကြားလိုက်ရတယ်။ ငါးမိနစ်လောက်ပဲ ဖြစ်ခဲ့တာပါ” ဟု ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးဖြစ်သည့် ထိုသူက Myanmar Now ကို ပြောသည်။

စစ်တပ်က အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့နှင့် ရင်ဆိုင်ရခြင်း ဖြစ်နိုင်သည်ဟု သူက ယူဆသည်။

အမည်အဖော်လိုသည့် ဒေသခံနောက်တစ်ဦးကလည်း မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်ခန့်တွင် မင်းခမောင်းကျေးရွာ အနောက်ဘက် တစ်မိုင်ခွဲခန့်အကွာ ငါးရံ့ချောင်းဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်သံ အဆက်မပြတ်ကြားနေရကြောင်း ပြောသည်။

“ဖြစ်နေတာ နာရီဝက်လောက်ရှိပြီ။ လက်နက်ကြီးသံတွေ အကျယ်ကြီးကြားနေရတယ်။ ဘယ်အဖွဲ့နဲ့ ဖြစ်တယ်ဆိုတာကို အတိအကျ မပြောနိုင်ဘူး။ မနက်ကတော့ ဆာလီတောင်ဘက်မှာ ARSA နဲ့ ဖြစ်ခဲ့တယ်လို့ သိရတယ်” ဟု အဆိုပါ ဒေသခံက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ကလည်း သက်ကိုင်းညာကျေးရွာအ‌နောက်ဘက် တစ်မိုင်ခန့်အကွာ ပန်းချောင်းကြီးအတွင်း စစ်တပ်နှင့် ARSA ဟု ယူဆရသည့် အဖွဲ့တို့ကြား ၄၅ မိနစ်ခန့် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောဆိုထားသည်။

ယင်းတိုက်ပွဲအတွင်း နှစ်ဖက် အသေအဆုံးရှိခဲ့သည်ဟု ဒေသတွင်းသတင်းများထွက်ပေါ်ခဲ့သော်လည်း Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ဖေဖော်ဝါရီ ၁ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က မောင်တောမြို့နယ်မြောက်ပိုင်းမှ ဒေသခံ ကျေးရွာသားများ တောတောင်အတွင်းသို့ မသွားကြရန် သတိပေးထားသည်ဟု တမန်းသားကျေးရွာသားတစ်ဦးက ဆိုသည်။

“အဲဒီ သက်ကိုင်းညာနောက်ဘက်မှာ တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်မယ်ဆိုပြီးတော့ ရွာသားတွေကို တောတောင်တွေကို မသွားကြဖို့ မှာထားတယ်။ အခု သူတို့နယ်မြေရှင်းလင်းရေးလုပ်နေတာ ဖြစ်မယ်” ဟု အဆိုပါ တမန်းသားကျေးရွာသားက ပြောသည်။

“မနက်က ခဏလေးဖြစ်ခဲ့တဲ့တိုက်ပွဲမှာ အာဆာဘက်က တစ်ယောက်ရတယ်။ စစ်တပ်ဘက်က ၂ ယောက် ပျောက်နေတယ်လို့ သတင်းတွေထွက်နေတယ်။ သို့သော် ဟုတ်မဟုတ်ကိုတော့ အတည်မပြုနိုင်ဘူး။ အခု ဒီညနေပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲကတော့ တော်တော်အသံအကျယ်ကြီးတွေ ကြားနေရတယ်”  

လက်နက်ကြီးသံများကြောင့် မင်းခမောင်းကျေးရွာမှ စာသင်ကျောင်း စောစောဆင်းလိုက်ရသည်ဟု အမည်မဖော်လိုသည့် ကျောင်းဆရာတစ်ဦးက ပြောသည်။

“တိုက်ပွဲက အကြီးအကျယ်ဖြစ်နေတာ။ လက်နက်ကြီးသံတွေ တအားကြားနေရ‌တော့ ကျောင်းကို လွှတ်ပေးလိုက်ရတယ်” ဟု ထိုကျောင်းဆရာက ဆိုသည်။

တိုက်ပွဲဖြစ်နေသည့် ဘက်သို့ စစ်တပ်က လက်နက်ကြီးပစ်ရန် ပြင်ဆင်နေသည်ဟု အမည်မဖော်လိုသော ဒေသခံတစ်ဦးက ပြောသည်။

“ခမောင်းဆိပ်ဗျူဟာက လက်နက်ကြီးကို ကားနဲ့ မင်္ဂလာညွန့်ဘက်ကို တင်သွားတာ တွေ့တယ်။ မင်္ဂလာညွန့်ရွာ အထက်က တောင်ကုန်းပေါ်ကနေ တိုက်ပွဲဖြစ်တဲ့ဘက်ကို လက်နက်ကြီးပစ်ကူပေးမယ်လို့ သိရတယ်” ဟု ထိုအမည်မဖော်လိုသည့် ဒေသခံက ဆက်ပြောသည်။

၂၀၁၇ ၊ ဩဂုတ်တွင် ARSA ဟု အမည်ပေးထားသည့်အဖွဲ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲစခန်းများကို တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က အရပ်သားများကို သတ်ဖြတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်။ 

ထိုဖြစ်စဉ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သူ သိန်းနှင့်ချီပြီး တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ ဒုက္ခသည်အဖြစ် ထွက်ပြေးခဲ့ကြရသဖြင့် တပ်က လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်သော ရာဇဝတ်မှုများကျူးလွန်ခဲ့သည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ 

ထိုဖြစ်ရပ်တွင် စစ်သားတချို့ ထောင် ၁၀ နှစ်စီ ချခံရပြီးနောက်ပိုင်းတွင် ထောင်ဒဏ် ၁ နှစ်သို့ ပြောင်းလဲကာ လွှတ်ပေးလိုက်သည်။

ရခိုင်ဒေသတွင် ၂၀၂၀ နိုဝင်ဘာလဆန်းမှစ၍ အပစ်ရပ်ထားသော်လည်း ယမန်နှစ် ဩဂုတ်မှစ၍ မြောက်ပိုင်း၌ စစ်တပ်က စစ်ရေးလှုပ်ရှားမှု ရှိလာပြီး ယခုရက်ပိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုများ ပိုပြုလုပ်လာနေသည်။ 

ယနေ့ တိုက်ပွဲဖြစ်ပွားသော နယ်မြေသည် အပစ်ရပ်ထားသည့် ရက္ခိုင့်တပ်တော် (AA) လည်း လှုပ်ရှားမှုရှိသောဒေသဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button