
စစ်ကောင်စီတပ်သားများ၊ လျှပ်စစ်မီတာရုံးဝန်ထမ်းများက မန္တလေးမြို့ပေါ် ရပ်ကွက်တချို့တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၃) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး နေအိမ်များကို မီတာဖြုတ်၊ မီးဖျက်ကာ ဓာတ်အားခများ အတင်းအကျပ်ပေးဆောင်ခိုင်းနေကြကြောင်း ဒေသခံများထံမှ သိရသည်။
လက်နက်ကိုင်ဆောင်ထားသည့် စစ်သားများက အတင်းအကျပ်ဆောင်ခိုင်းသည့်အတွက် မဖြစ်မနေပေးဆောင်နေကြရသည်ဟု ချမ်းအေးသာစံမြို့နယ်အတွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။
“စစ်သား ၇ ယောက်လောက်ပါတယ်၊ အကုန်သေနတ်တွေနဲ့ချည်းပဲ၊ အရင်ဆုံး မီးကို ဖြတ်ပစ်လိုက်တယ်၊ ပြီးတော့မှ ရပ်ကွက်ထဲမှာ မီတာရုံးဝန်ထမ်းတွေက စာရွက်တွေနဲ့ စောင့်နေပြီး ဆောင်ခိုင်းတာ” ဟု ကိုယ်တိုင်ပေးဆောင်ခဲ့ရသည့် ၎င်းက ဆိုသည်။
စစ်သားများသည် ရပ်ကွက်အတွင်း ဝင်ရောက်လာပြီးနောက် အိမ်တိုင်းမှ မီတာများနှင့် ကြိုးများကို လိုက်ဖြုတ်ချကာ၊ ဓာတ်အားခဆောင်ပြီးချိန်တွင်မှ မီတာများပြန်လည်တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
“အစက ကျွန်မတို့က နည်းနည်းချင်းဆောင်မယ်လို့ စိတ်ကူးတာပေါ့၊ ကျွန်မတို့ဆီက စာရွက်တွေကို သူတို့မကြည့်ဘူး။ သူတို့စာရွက်တွေနဲ့လာတာ” ဟု အထက်ပါအမျိုးသမီးက ဆက်ပြောသည်။
“ရုံးမှာလည်း သွားဆောင်လို့ရတယ်၊ ဒီမှာချက်ချင်းဆောင်ခိုင်းလည်း ရတယ်ဆိုပြီးပြောတော့၊ ပိုက်ဆံအများကြီးတစ်ခါတည်းမရှိဘူးလေ၊ ခွဲဆောင်လို့ရရင် ဆောင်ချင်ပေမဲ့ စစ်သားတွေက သေနတ်ကိုင်ပြီး ဘေးမှာ ရှိနေတော့ ဘာမှလည်း မပြောရဲဘူး”
၎င်တို့နေအိမ်အနေဖြင့် ဒဏ်ကြေး ၄၀၀၀၊ ဝန်ဆောင်ခအနေဖြင့် တစ်လ ၃၀၀၊ စစ်သားများဖြတ်ချလိုက်သည့်မီတာများကို ပြန်လည်တပ်ဆင်ပေးခ ၃,၀၀၀ နှင့် ဓာတ်အားခကျသင့်ငွေ စုစုပေါင်း ၂၀၀,၀၀၀ ကျော်ကို တစ်ခါတည်းပေးဆောင်ခဲ့ရကြောင်း သိရသည်။
လျှပ်စစ်အသုံးပြုမှုနည်းပါးသည့် နေအိမ်များအနေဖြင့် ၂၀၀,၀၀၀ ကျော်၊ ၃၀၀,၀၀၀ ခန့်သာ ပေးဆောင်ရသော်လည်း အသုံးပြုမှုများသည့် နေအိမ်များမှာ ၈၀၀,၀၀၀ ခန့်အထိ ပေးဆောင်ကြရကြောင်း ကြုံတွေ့ခဲ့ရသူများက ပြောဆိုသည်။
ချမ်းမြသာစည်မြို့နယ်အတွင်းတွင်လည်း အလားတူပင် လုပ်ဆောင်ခဲ့သဖြင့် မဖြစ်မနေပေးဆောင်ခဲ့ရကြောင်း ၇၀၀,၀၀၀ ထက်မနည်း ပေးဆောင်ခဲ့ရသည့် မြို့သစ်ရပ်နေသူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“အဓိကက သူတို့ကို ပိုက်ဆံမပေးချင်တာ၊ ကိုယ်သုံးတာကိုယ်ပေးရမှာ သိတယ်။ သူတို့မို့ မပေးချင်တာ။ အခုတော့ အိမ်ထဲ သေနတ်နဲ့ ရောက်လာတော့လည်း ဘာမှ မတတ်နိုင်ဘူးပေါ့” ဟု ယင်းအမျိုးသမီးက ဆိုသည်။
“ကျွန်မတို့က ဘာရာဇဝတ်မှုမှ ကျူးလွန်ထားတာမဟုတ်ဘဲ လူဆိုးဖမ်းသလို၊ သေနတ်တွေနဲ့ လာတယ်၊ မီးတွေအကုန်အတင်းဖြတ်ပြီးမှ မဆောင်မနေရ ဆောင်ခိုင်းတာကတော့ အဆင်မပြေဘူးလေ၊ မီတာမဆောင်တာ အကြမ်းဖက်မှုလုပ်နေတာမှ မဟုတ်တာ” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
ဌာနဆိုင်ရာသို့ ပေးသွင်းရမည့်ငွေသည် ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်မည့် လက်နက်ခဲယမ်းများ ဖြစ်သွားနိုင်ခြင်းကြောင့် မီတာခဆောင်ရန် ငြင်းဆန်သည့် နည်းလမ်းဖြင့် ပြည်သူအများအပြားက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် တတ်နိုင်သလောက်ပါဝင်နေကြခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မြို့အသီးသီးမှ ပြည်သူတို့က စစ်အာဏာရှင် သက်ဆိုးမရှည်ရေး အခွန်မပေးဆိုကာ မီတာဆောင်ခြင်း၊ အခြားသော အခွန်များဆောင်ခြင်းတို့ကို မပြုလုပ်ကြတော့ဘဲ သပိတ်မှောက်ခဲ့ကြပြီး မြို့ခံတော်လှန်ရေးအဖွဲ့များကလည်း အခွန်ရှောင်ကြရန် မေတ္တာရပ်ခံခဲ့ကြသည်။
ပြည်သူများက ဆက်လက် တောင့်ခံထားပါက ၁ နှစ်စာအတွက် ဓာတ်အားခ ကျပ်ဘီလျံ ၂၀၀၀ ကျော်ကို စစ်ကောင်စီ ရမည်မဟုတ်ဟု လေ့လာသူများက ၂၀၂၁ နှစ်လယ်ပိုင်းတွင် တွက်ချက်ထားကြသည်။
မန္တလေးမြို့ခံပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း အဆိုပါအခွန်ရုံးများ၊ မီတာရုံးများ၊ စစ်ကောင်စီနှင့် ဆက်နွှယ်သည့်နေရာများကို အကြိမ်ကြိမ်ဖောက်ခွဲ၍ သတိပေးနေကြသည်။
အာဏာသိမ်းပြီး ၅ လအကြာ ဇူလိုင် ၁၁ နံနက်ပိုင်းကလည်း အောင်မြေသာစံမြို့နယ်အတွင်းရှိ သာယာကုန်းရပ်ကွက်နှင့် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ လက်ရွေးရပ်ကွက်တို့တွင် မီတာခကောက်ခံသူ ၂ ဦးကို မြို့ခံပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်သတ်ခဲ့သည်။
စစ်ကောင်စီက မန္တလေးတွင် လမ်းသွားလမ်းလာများကို နေ့စဉ်စစ်ဆေးရှာဖွေ၍ ငွေတောင်းခံခြင်း၊ ငွေညှစ်ခြင်းအပြင် အာဏာသိမ်းတစ်နှစ်ပြည့်ရန် နီးကပ်လာချိန်တွင် မီတာခကဲ့သို့ အခွန်များရရှိရန် အပူတပြင်း ကြိုးပမ်းလာသည်ကို တွေ့ရသည်။
အလားတူ ယမန်နှစ် စက်တင်ဘာလမှစ၍ ဘဏ္ဍာ၊ အခွန်ငွေ ရပေါက်ရလမ်း နည်းပါးနေဆဲဖြစ်သည့် စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်မီတာခ ရရှိစေရန် ရန်ကုန်တွင်လည်း ကြိုးပမ်းနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)