(ရန်ကုန်) – ရဲစည်းကမ်းဥပဒေဖောက်ဖျက်မှုဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံထားရသည့် ဒုရဲမှူးဟောင်းမိုးရန်နိုင်အတွက် သီးခြား စုံစမ်းစစ်ဆေးရေးအဖွဲ.တစ်ဖွဲ. ဖွဲ့စည်းကာ အမှႈကိုဖော်ထုတ်ရေး၊ မြန်မာနိုင်ငံရဲချုပ်အောင်ဝင်းဦးအပါအဝင် လျှို့ဝှက် စာတမ်းများ အမှန်တကယ်ပေးခဲ့သူများကို နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် ပြန်လည် အရေးယူပေးရေးအပါအဝင် အချက်ခုနစ်ချက်ပါ လျှောက်ထားလွှာတစ်စောင်ကို ၎င်း၏ဇနီးဖြစ်သူမတူးတူးက ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းထံသို့ ယနေ့နေ့စွဲဖြင့် တိုင်ကြားစာ ပေးပို့လိုက်သည်။
ရိုက်တာသတင်းထောက်နှစ်ဦးကို ဖမ်းဆီးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ မူလသတင်းထုတ်ပြန်ချက်၌ သတင်းထောက် နှစ်ဦးအား စာရွက်စာတမ်းများပေးသည့်ပြစ်မှုဖြင့် ဒုရဲမှူးမိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီးခင်မောင်လင်းတို့ကို ၁၉၂၃ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေအရ အရေးယူမည်ဟု ထုတ်ပြန်ထားခြင်းသည် အပြစ်ရှိကြောင်း တရားရုံးက မဆုံးဖြတ် ရသေးမီ တင်ကြိုအပြစ်ရှိကြောင်း ဖော်ပြခြင်းကြောင့် ဥပဒေနှင့်မညီဟု မတူးတူးက ထိုတိုင်ကြားစာတွင် ရေးသားထားသည်။
“(ဒီလို) ထုတ်ပြန်တာဟာ ဥပဒေနဲ့မညီပါဘူး၊ လူ့ကျင့်ဝတ်ဂုဏ်သိက္ခာ ထိခိုက်စေပါတယ်။ သားသမီး မိသားစုတွေရဲ့ အနာဂတ် ဂုဏ်သိက္ခာ ထိခိုက်စေပြီး လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရပါတယ်ရှင့်။
“သမီး အမျိုးသားရဲ့ ထွက်ဆိုချက်အရ သတင်းထောက် (၂) ဦးတို့ကို စာရွက်စာတမ်းပေးတာ သူ မဟုတ်ပါဘူး။ ရဲမှူးချုပ်တင်ကိုကို ကိုယ်တိုင် ရဲတပ်ကြပ်နိုင်လင်းကို တာဝန်ပေးတာ ဖြစ်ကြောင်း၊ အဲဒီနေ့မတိုင်မီထဲက သူတို့ကို ခေါ်စုစည်းပြီး ထိန်းသိမ်းချုပ်နှောင်ထားကြောင်း … ဒါကြောင့် ရဲတရားရုံးနဲ့ ထောင် (၁) နှစ် အမိန့်မချမီထိ ရက်ပေါင်း (၁၃၀) ခန့် လေးလကျော် ချုပ်နှောင်ခဲ့တာဟာ ဆိုရင်လည်း … ဥပဒေနဲ့အညီ မဟုတ်နိုင်ပါဘူးရှင့်။ ညီအောင်လည်း စာရွက်စာတမ်းတွေ အတုလုပ်ထားကြမှာ ဖြစ်ပါတယ်ရှင့်”ဟု Myanmar Now က မိတ္တူရရှိထားသော သုံးမျက်နှာပါ အဆိုပါစာတွင် ရေးသားဖော်ပြထားသည်။
ဆက်လက်ပြီး ၎င်း၏ခင်ပွန်းဖြစ်သူသည် သတင်းထောက်နှစ်ဦးအား စာရွက်စာတမ်းပေးသူမဟုတ်ကြောင်း ပေါ်လွင်လာပြီဖြစ်သဖြင့်၊ ၎င်းအား လျှို့ဝှက်အက်ဥပဒေဖြင့် အရေးယူ၍ မရတော့ဘဲ ရဲစည်းကမ်း ထိန်းသိမ်းရေး ပုဒ်မများဖြင့်သာ အရေးယူခဲ့ခြင်းသည် အပြစ်မရှိကြောင်း သက်သေဖြစ်သည်ဟု ဆိုထားပြီး၊ တပ်တွင်း သက်သာဆိုင်တွင် သတင်းထောက် ကိုဝလုံးနှင့် တွေ့ဆုံခဲ့သူ ရဲအရာရှိခြောက်ဦး အနက်မှ ၎င်း၏အမျိုးသားမှလွဲလျှင် ကျန်ရဲဝန်ထမ်းများ အဘယ်ကြောင့် အရေးယူမခံရပါသလဲဟု မေးခွန်းထုတ်ထားသည်။
“ဘဘကြီးရှင့်၊ သမီးအားကိုးပါတယ်ရှင့်၊ ရဲချုပ်ကိုယ်တိုင်လည်း ပါမယ်၊ သူ့နောက်မှာ ပြည်ထဲရေး ဝန်ကြီးအဆင့် အနည်းဆုံး ပါဝင်ကြတယ်လို့လည်း ကြားသိရပါတယ်။ ဒါ့ကြောင့် တော်ရုံ မထိရဲကြပါဘူးရှင့်။ သို့သော် တမင် ချောက်ချတယ်ဆိုတာ အရင်ထဲက ရိပ်မိနေကြပြီး အခုဆိုရင် ပိုပြီးထင်ရှားပါတယ်ရှင့်။ အမေစုနှင့် နိုင်ငံတော် သမ္မတကြီးတို့ ဦးဆောင်ပြီး သီးခြားလွတ်လပ်တဲ့ အဖွဲ့နဲ့ အစအဆုံး ခေါ်စစ်ဆေးမှ ဖြစ်မှာပါ ဘဘရှင့်” ဟု ၎င်း တိုင်ကြားစာထဲတွင် ရေးသားထားသည်။
အဆိုပါစာပါတောင်းဆိုချက်များထဲတွင် အမည်နှင့်တကွ ဂုဏ်သိက္ခာထိခိုက်အောင် သတင်းစာမှာ ထုတ်ပြန်သူများအား ဖော်ထုတ်ပေးရန်၊ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေပုဒ်မဖြင့် မူလက တပ်ထားပြီး ရဲစည်းကမ်း ဥပဒေ ၁၆(ခ) အရ အရေးယူထားပြီးဖြစ်၍ ကာယကံရှင်နစ်နာကြောင်း ထုတ်ပြန်ကာ တာဝန်ရှိသူများအား အရေးယူပေးရေး၊ ထောင်ဒဏ် တစ်နှစ်ချမှတ်ရာတွင် ချုပ်ရက် လေးလကျော်ကို ထည့်သွင်းမရေတွက်သည့်အပေါ် လူ့အခွင့်အရေးရှုထောင့်မှ ပြန်လည် စဉ်းစားပေးရန် စသည့်အချက်များလည်း ပါသည်။
“(သတင်းထောက်နှစ်ဦးအား) စာရွက်စာတမ်းများပေးသည့် ရဲမှူးချုပ်တင်ကိုကို၊ ရဲချုပ်အောင်ဝင်းဦးနှင့် ပေးသူ ဒုတပ်ကြပ်နိုင်လင်းတို့မှသာ လျှို့ဝှက်ချက် စာရွက်စာတမ်းများပေးမှုနှင့် ၁၉၂၃ လျှို့ဝှက်ချက်ဥပဒေနှင့် ပြန်လည်အရေးယူပေးပါရန်”ဟူ၍ အဆုံးသတ်ထားသည်။
နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီ စသည်တို့ထံ ဧပြီလ ၆ ရက်နေ့တွင် ပထမအကြိမ် တိုင်ကြားစာပေးပို့ခဲ့သော်လည်း ယနေ့အချိန်အထိ ထူးခြားမှုမရှိသေးကြောင်း၊ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ သည် နိုင်ငံတော်သမ္မတကိုယ်တိုင် ဖွဲ့စည်းပေးထားသည့် အဖွဲ့ဖြစ်သည့် အတွက် ထပ်မံ၍အားကိုးတကြီး တိုင်ကြားရခြင်းဖြစ်ကြောင်း ဦးမိုးရန်နိုင်၏ညီ ဦးရဲဝင့်နိုင်က Myanmar Now ကိုပြောသည်။
ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တွင် ဦးဉာဏ်ဝင်းက ဥက္ကဋ္ဌဖြစ်ပြီး၊ ထိုအဖွဲ့သည် မြန်မာနိုင်ငံတွင် ဥပဒေအခွင့်အရေး အညီအမျှ မရနိုင်သူများကို ညီမျှသော အခွင်းအရေး ရနိုင်ရန်၊ ဆင်းရဲခြင်း၊ ခရီးဝေးခြင်း၊ ဥပဒေသဘောတရားကို နားမလည်ခြင်း စသည်တို့ကြောင့် ပြည်သူများ ဥပဒေအခွင့်အရေး မထိခိုက်စေရန်၊ ဥပဒေအကာအကွယ်ပေးနိုင်ရန် ရည်ရွယ်ပြီး ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။
“အရပ်စကားနဲ့ပြောမယ်ဆို အဓိကကတော့ ရှေ့နေမငှားနိုင်သူတွေအတွက် ကျနော်တို့က ရှေ့နေရအောင် စီစဉ်ပေးတာမျိုး၊ ခရီးဝေးလို့ တရားရုံးသွားရမယ့်သူတွေ အခက်အခဲဖြစ်နေရင် ကူညီတာမျိုးပေါ့။ ဥပဒေပိုင်းဆိုင်ရာ တိုင်ပင်တာ၊ ဆွေးနွေးတာတွေ၊ ငွေကြေးလိုအပ်သူတွေကို ငွေကြေးပံ့ပိုးပေးတာမျိုးတွေ ဒါတွေကို ကျနော်တို့က လုပ်ပေးနိုင်တယ်။ ဒါပေမယ့် တရားစီရင်ရေးမှာ ဟုတ်တယ်၊ မဟုတ်ဘူး စတာတွေကို ကြားဝင်ပေးလို့တော့မရဘူး။ စုံစမ်းစစ်ဆေးမှုမျိုးတွေကိုလည်း လုပ်ပေးလို့တော့မရဘူးပေါ့” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ဒုတိယရဲမှူးဟောင်း မိုးရန်နိုင်အား ရဲတရားရုံးက ချုပ်မိန့်ပေးခြင်းသည် ဥပဒေနှင့်မညီကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လူတစ်ယောက်ကို ၂၄ နာရီထက်ကျော်ပြီး ချုပ်နိုင်ဖို့ရန်မှာ တရားသူကြီးကသာ ရမန်ပေးနိုင်ကြောင်း ဦးဉာဏ်ဝင်းက VOA သတင်းဌာနကို ယခုလ ၆ ရက်နေ့က ပြောခဲ့ဖူးသည်။
အခုတိုင်ကြားစာပါ ရေးသားချက်များကို သေချာကြည့်ပြီး လိုအပ်သည်များကို ဆောင်ရွက်မည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။
“ဘာရေးထားသလဲကို သေချာသိမှ ကျွန်တော် ဘာဆက်လုပ်ရမလဲဆိုတာ သိလာနိုင်မှာပါ။ သူ့ကို ထောင်ချတဲ့ကိစ္စကတော့ တရားရုံးကိစ္စတွေ ဆက်ရှိနေနိုင်သေးတာမို့ ကျွန်တော် မပြောချင်သေးဘူး။ ကျွန်တော် ပြောလိုက်တာက တရားရုံးဆုံးဖြတ်မယ့်ဟာတွေအပေါ် လွှမ်းမိုးသလိုမျိုး ဖြစ်နေမှာစိုးလို့ပါ။ အခုက သူတို့ဘက်ကလည်း အယူခံတို့ ဘာတို့က ဆက်ရှိနေချင် ရှိဦးမှာမို့ပါ” ဟု ၎င်းက ဆိုသည်။