သတင်း

မတူပီ – မင်းတပ်လမ်းမှ စစ်ယာဉ်တန်းကို CDF အကြိမ်ကြိမ်ဝင်တိုက်

ဇန်နဝါရီ ၂၄ ကတည်းက ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမှ မင်းတပ်မြို့သို့ ပြန်လာသည့် မော်တော်ယာဉ် ၈၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းကို ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) မင်းတပ်က ယမန်နေ့အထိ နေ့စဉ် ချုံခိုတိုက်ခိုက်နေသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂ ) နံနက်ပိုင်းက မတူပီ – မင်းတပ်လမ်း မိုင်တိုင် ၃၂ အနီးတွင် တစ်ကြိမ်၊ ညနေပိုင်း မိုင်တိုင် ၃၀ အနီး၌ တစ်ကြိမ် တိုက်ခိုက်ခဲ့သည်ဟု CDF မင်းတပ်ဘက်က ပြောသည်။ 

ယမန်နေ့တိုက်ပွဲများအတွင်း MA 3 သေနတ် ၁ လက် သိမ်းဆည်းရမိကြောင်း ဆိုသည်။

မင်းတပ်မြို့တွင် တပ်စွဲထားသည့် ထိုစစ်ကြောင်းသည် ဇန်နဝါရီ ၆ တွင် မိုင် ၁၀၀ ကျော်အကွာရှိ မတူပီမြို့သို့ စစ်အင်အားနှင့် ရိက္ခာ ဖြည့်တင်းရန် သွားရောက်ခဲ့ပြီး ဇန်နဝါရီ ၂၄ တွင် မင်းတပ်ဘက်သို့ ပြန်ဆင်းလာစဉ် လမ်းခရီး၌ CDF – မင်းတပ်က ဝင်ရောက်တိုက်ခိုက်နေခြင်း ဖြစ်သည်။ 

ထိုစစ်ယာဉ်တန်းအား မင်းတပ် – မတူပီလမ်းပိုင်းရှိ မိုင်တိုင်အမှတ် ၇၀ ၊ ၅၆ ၊ ၄၅ ၊ ၃၈ ၊ ၃၆ ၊ ၃၂ နှင့် ၃၀ တို့တွင် တိုက်ခိုက်ခဲ့သည်။

မင်းတပ် – မတူပီလမ်းမှာ ပုံမှန်အားဖြင့် တစ်ရက်ခရီးသာရှိသော်လည်း ထိုသို့ ချုံခိုတိုက်ခိုက်ခံနေရမှုများကြောင့် တစ်နေ့လျှင် မိုင်အနည်းငယ်သာ ခရီးဆက်နိုင်နေခြင်း ဖြစ်ကြောင်း CDF မင်းတပ်ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ပြောသည်။ 

“စစ်ကားတွေရှေ့မှာ ရှေ့ပြေးကင်း အယောက် ၆၀ လောက်ရှိမယ်။ အဲဒီလောက်ကို ရှေ့ပြေးကင်းအနေနဲ့ သွားပြီးတော့ အဲဒီရှေ့ကလူတွေက တကယ့်ကို ၅ မိုင်၊ ၁၀ မိုင်လောက် ဆက်သွား၊ ရပ်။ ဆက်သွား၊ ရပ်။ အဲဒီလို တဖြည်းဖြည်းရပ်ပြီး သွားတာ” ဟု ၎င်းက ဆိုသည်။

“ကားပေါ်မှာ လူနည်းနည်းနဲ့ ပစ္စည်းတွေပဲပါတာ။ ဆိုတော့ ရှေ့ပြေးကင်းတွေပဲ တောက်လျှောက် တိုက်ပွဲဖြစ်နေကြတာပေါ့”

CDF မတူပီကလည်း ၎င်း၏ နယ်နိမိတ်အတွင်း ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။

ဇန်နဝါရီ ၂၄ မှ ဖေဖော်ဝါရီ ၂ အထိ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဝန်းကျင် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားခဲ့သည်ဟု CDF မင်းတပ်ဘက်မှ ပြောဆိုခဲ့သော်လည်း ထိုတိုက်ပွဲများနှင့် ပတ်သက်၍ စစ်တပ်ဘက်က တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထိုယာဉ်တန်းပါ စစ်သားတို့၏ လုပ်ဆောင်မှု၊ ထိုယာဉ်တန်းတိုက်ခိုက်ခံရမှုတို့နှင့် ပတ်သက်ပြီး သတင်းဌာနတချို့က ဆက်သွယ်မေးမြန်းထားကြသော်လည်း စစ်ကောင်စီပြန်ကြားရေးဌာနက တုံ့ပြန်ခြင်း မရှိသေးပေ။

မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီ၏ အမှတ်၂၇၄ တပ်ရင်းကလည်း မင်းတပ် – မတူပီလမ်းဘက်သို့ လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း ကိုယောမန်က ပြောသည်။

စစ်တပ်ဘက်က ထောင်ခဲ့သည်ဆိုသော နင်းမိုင်းများ ဖောက်ခွဲဖျက်ဆီးပြီးနောက် CDF ဘက်မှ ထုတ်ပြန်ထားသည်ကို ဇန်နဝါရီ ၁၃ က တွေ့ရစဉ်။ (ဓာတ်ပုံ – CDF – MIndat) 

စစ်ဗျူဟာအရ အရေးပါသည့် မတူပီမြို့သို့ အင်အားဖြည့်ရန် သွားသည့် ထိုစစ်ယာဉ်တန်းကို မင်းတပ်မှ မတူပီ အသွားလမ်းတွင်လည်း ချင်းဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့သည်။ 

ထိုယာဉ်တန်းကလည်း မင်းတပ် – မတူပီ လမ်းတောက်လျှောက်ရှိ ကျေးရွာများကို ဝင်ရောက်မွှေနှောက် လုယူခဲ့သည့်အတွက် ကျေးရွာ ၅ ရွာမှ ရာနှင့်ချီသည့်ဒေသခံများ ထွက်ပြေးခဲ့ရပြီး ယခုထက်ထိ တိမ်းရှောင်နေရဆဲ ဖြစ်သည်။

အသွားခရီး ၄၅ မိုင်လမ်းခွဲတွင် စစ်တပ်က နင်းမိုင်းများ လမ်းပေါ်ထောင်ထားခဲ့သည့်အတွက် ဖောက်ခွဲရှင်းလင်းခဲ့ရကြောင်း CDF – မင်းတပ်က ဇန်နဝါရီ ၁၃ တွင် ထုတ်ပြန်ထားသည်။ 

အဆိုပါ မင်းတပ် – မတူပီလမ်းအတိုင်း ယမန်နှစ် အောက်တိုဘာလအတွင်း သံချပ်ကာနှစ်စီးပါယာဉ်တန်းဖြင့် စစ်အင်အား၊ ရိက္ခာဖြည့်တင်းခဲ့စဉ်ကလည်း ဒေသခံကာကွယ်ရေးအဖွဲ့များ၏ အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့မှုကြောင့် စစ်တပ်ဘက်က အထိနာခဲ့သည်။ 

ဇန်နဝါရီ ၃၁ ကလည်း အမှတ်၂၇၄ တပ်ရင်းကို သွားရောက် တိုက်ခိုက်ခဲ့ကြောင်း CDF မှ ကိုယောမာန်က ပြောသည်။

“မင်းတပ်မြို့ ၂၇၄ တပ်ရင်းကို ၈၈ မမ လက်နက်ကြီးနဲ့ သွားထုထားတယ်။ နှစ်လုံးပေါ့။ တပ်ရင်းနားထိ အရမ်းနီးကပ်အောင် သွားပြီးတော့ ပစ်ထားတာ။ လက်နက်ကြီးနှစ်ခုလုံးကွဲတော့ အကုန်လုံး ပျာယီးပျာယာဖြစ်တာပေါ့” ဟု ဆိုသည်။

“နောက်တစ်နေ့ကစပြီး တစ်မြို့လုံးကို လုံခြုံရေး တော်တော်တင်းကျပ်နေတယ်”

လက်နက်ကိုင် ပြန်ခုခံနေသည့် ချင်းပြည်နယ်ကို ယမန်နှစ် အောက်တိုဘာအတွင်း “အနော်ရထာ” စစ်ဆင်ရေးဖြင့် ထိုးစစ်ဆင်ခဲ့သော်လည်း အထိနာခဲ့ပြီးနောက် ယခုနှစ်ဆန်းမှစ၍ အင်အားအလုံးအရင်းဖြင့် ထပ်မံ ထိုးစစ်ဆင်နေသည်။

CDF သည် မြို့နယ်များအလိုက် စုစည်းကာ ဒေသကာကွယ်ရေးအဖွဲ့ ဖွဲ့စည်း၍ လှုပ်ရှားနေသည်။ ထို့ပြင် ဒေသတွင်း သက်တမ်းရှည်အဖွဲ့အစည်းဖြစ်သော ချင်းအမျိုးတပ်မတော်/ ချင်းအမျိုးသားတပ်ဦး (CNA/CNF) နှင့် ပူးပေါင်းတိုက်ခိုက်နေသလို နယ်မြေထိစပ်နေသော စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသတချို့တွင် PDF များ၊ ၅ မြို့နယ် ပေါင်းထားသည့် ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) တို့နှင့်လည်း ပူးပေါင်းလုပ်ဆောင်နေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button