သတင်း

သပိတ်ကျင်းတွင် အရာရှိကား မိုင်းဆွဲခံရ၊ စစ်သားများ ရောက်လာစဉ် ထပ်မံပေါက်ကွဲ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်အရာရှိများပါဝင်သော မော်တော်ယာဉ်နှစ်စီးကို ယနေ့ (ဖေဖော်ဝါရီ ၂) နေ့လယ်ပိုင်းက မိုင်းဆွဲ တိုက်ခိုက်လိုက်ပြီး ထိုနေရာတွင် လာရောက် မိုင်းရှင်းကြစဉ် ပေါက်ကွဲမှု ထပ်ဖြစ်သောကြောင့် စစ်ကောင်စီတပ်သားအများအပြား ဒဏ်ရာရသွားနိုင်သည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ပြောသည်။

အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းအတွင်းမှ အရာရှိနှစ်ဦး အရပ်ဘက်သုံးကားများဖြင့် ကြာညှပ်ကျေးရွာသို့ သွားရောက်ကြကြောင်း၊ မွန်းလွဲ ၂ နာရီခွဲခန့်က ပေါက်တပင်ရွာနှင့် သီးကုန်းကျေးရွာအကြားတွင် ထိုကားများကို လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သပိတ်ကျင်း PDF  သတင်းပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“မတ်တူးကားနှစ်စီးနဲ့ သွားတာကို ကျွန်တော်တို့ သတင်းရလို့ စောင့်ပြီးခွဲလိုက်တာ၊ အရာရှိတစ်ယောက် ဒဏ်ရာ အပြင်းအထန်ရသွားတယ်၊ ဘယ်အဆင့်ဘာရာထူးလဲ ကျွန်တော်တို့ သေချာမသိပေမဲ့ ပခုံးပေါ်မှာ အပွင့်တွေ၊ အခွေတွေ မြင်ရတယ်”ဟု ယင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒဏ်ရာရအရာရှိကို ကြာအင်းစစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် မွန်းလွဲ ၃ နာရီခွဲ အချိန်တွင် စစ်ကား နှစ်စီး၊ အင်အား ၃၀ ခန့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာသို့ လာရောက်ပြီး မိုင်းရှင်းလင်းရေးလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

“သူ့တို့ဟာသူတို့ မိုင်းရှင်းရင်းနဲ့ တစ်လုံးက ထကွဲတာ၊ သူတို့ မိုင်းရှင်းတာက အင်အား ၃၀ လောက်နဲ့ အပြုံလိုက်ကြီး လုပ်နေကြတော့ ဘယ်နှယောက်ထိသလဲ အတိအကျမသိရပေမဲ့ ၁၀ ယောက်ဝန်းကျင်လောက်တော့ ထိမယ်လို့ ကျွန်တော်တို့ ခန့်မှန်းပါတယ်”ဟု အမည်ရင်း ထုတ်ဖော်မပြောလိုသော ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ပေါက်တပင်ကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ပေါက်ကွဲသံကို ရွာထဲမှလည်း ကြားရသည်၊ မည်သည့်လက်နက်ကိုင်မျှ ရွာကို လာရောက် စစ်ဆေးခြင်း မရှိဟု  ညနေပိုင်းတွင် ပြောသည်။ 

“ဒီနေ့တင် သုံးကြိမ်ရှိပြီ၊ အသံတွေ ကြားနေရတာပဲ၊ မနက်က တစ်ခါ၊ နေ့လယ်က တစ်ခါ၊ ခုညနေတစ်ခါ၊ တစ်လုံးစီ တအုန်းအုန်းပဲ” ဟု သူက ဆိုသည်။

“ရွာထဲ ဝင်လာတာမျိုးတော့ မရှိဘူး။ ရွာပြင်တင် ဖြစ်နေတာနေမှာ။ အသံတွေက ကြားနေရတော့ သိပ်လည်း မသွားရဲဘူး။ ဒီအတိုင်းကြားနေရတာပဲ”

အတိုက်ခံရသည့် စစ်အရာရှိများ ထွက်လာသည့် အမှတ် ၁၃ တန်းမြင့်လေ့ကျင့်ရေးကျောင်းသည် သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာအနီးတွင် ရှိသည်။ အနီးဝန်းကျင်ကို စစ်ကြောင်းထိုးသည့်အခါ စစ်သားများ ထိုနေရာမှ ထွက်လာတတ်သည်ဟု သိရသည်။

သပိတ်ကျင်း PDF က ဒေသခံတို့ကို ည ၆ နာရီနှင့် နံနက် ၆ နာရီကြား အပြင်မထွက်ကြရန်၊ စစ်ကောင်စီတပ် မော်တော်ယာဉ်များနှင့် အနီးကပ်လိုက်ပါခြင်း မပြုရန် တိုက်တွန်းထားသည်။

ဇန်နဝါရီ ၂၅ ရက်စွဲဖြင့် ထိုသို့ တိုက်တွန်းသော ကြေညာချက်တွင် မြို့နယ်အတွင်း ဗန်းမော်နှင့် မိုးကုတ်ဘက်သို့ သွားသည့် လမ်းများကို ည ၇၊ မနက် ၆ ကြား အသုံးမပြုကြရန်လည်း ဖော်ပြထားသည်။

ဇန်နဝါရီ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တွင်လည်း စစ်ကောင်စီကို ဆက်ကြေးပေးပြီး လုပ်ကိုင်နေသော လောင်းကစားလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခြင်း မပြုရန် တိုက်တွန်းထားသည်။

သပိတ်ကျင်း PDF ၏ ထုတ်ပြန်ချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button