
စစ်အာဏာသိမ်းမှုတစ်နှစ်ပြည့်သည့် ဖေဖော်ဝါရီ ၁ တွင် တစ်နိုင်ငံလုံးအနှံ့ တိတ်ဆိတ်ခြင်းသပိတ် (Silent Strike) ပြုလုပ်ခဲ့ရာ စစ်ကောင်စီက နည်းမျိုးစုံဖြင့် ပျက်ပြားအောင် လုပ်ဆောင်နေသည့်ကြားမှ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။
ယနေ့ နံနက် ၁၀ နာရီမှ စတင်ပြီး ညနေ ၄ နာရီအထိ အသံတိတ်သပိတ် ဆင်နွှဲခဲ့ကြရာတွင် စစ်ကောင်စီကလည်း တပ်ထောက်ခံပွဲများ၊ စက်ဘီးစီးပြိုင်ပွဲ၊ ဆွမ်းလောင်းပွဲများ ကမန်းကတန်း စီစဉ်ပြီး တုံ့ပြန်ခဲ့သည်။
မကွေးတိုင်း၊ ပွင့်ဖြူမြို့တွင် ဒေသခံအများစုက နေအိမ်၌သာ နေထိုင်နေစဉ် စစ်တပ်ထောက်ခံသူဟု ဆိုသူများက လမ်းပေါ်ထွက်ကာ စစ်ကောင်စီကို ထောက်ခံပွဲပြုလုပ်ခဲ့ကြသည်။ အလားတူ မန္တလေးမြို့တွင်လည်း တိတ်ဆိတ်ခြင်း မရှိစေရန် စစ်ကောင်စီက ကြီးမှူးပြီး စက်ဘီးစီးပြိုင်ပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်တွင်မူ ပြည်နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းပွဲ ပေါ်ပေါက်လာရာ ရခိုင်ဒေသခံများက ဝေဖန်ခဲ့ကြသည်။
မြောက်ဦးမြို့ မြတန်ဆောင်းဆရာတော်က ရခိုင်ပြည်သူလူထု နိုင်ငံရေးအရ နားလှည့်ပါးရိုက် လုပ်ခံရခြင်းဖြစ်သလို ရက္ခိုင့်တပ်တော် (AA)နှင့် လူထုကို အထင်အမြင်လွဲမှားအောင် ပြုလုပ်နေခြင်း ဖြစ်သည်ဟု ထင်မြင်ကြောင်း မိန့်ကြားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့တွင်လည်း “ မြန်မာ့တပ်မတော်ထောက်ခံပွဲ “ နှင့် ဆွမ်းဆန်စိမ်းလောင်းပွဲ ပြုလုပ်ခဲ့သည်။
“ဒီနေ့ကတော့ စစ်တပ်က အထူးလုံခြုံရေးပေးပြီး တပ်ထောက်ခံပွဲကို လုပ်ခဲ့ပါတယ်” ဟု ရပ်စောက်မြို့ခံ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။
“အာဏာမသိမ်းခင်ကာလမှာ ဒုသမ္မတ လာတဲ့အချိန်တုန်းကတောင်မှ အဲဒီလောက် လုံခြုံရေးမပေးခဲ့ပါဘူး။ အခု အတွင်းလမ်းကြိုလမ်းကြားမှာ အစ လုံခြုံရေးပေးခဲ့ပြီးတော့ တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့တာပါ”
အင်အား ၂၅၀ ဝန်းကျင်ဖြင့် ရပ်စောက်မြို့ ပြည်ခိုင်ဖြိုးရုံးအနီးမှစ၍ နံနက်ပိုင်း၌ တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့ပြီး နေ့လယ်တွင် ဆွမ်းဆန်စိမ်းလောင်းပွဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် CDM မလုပ်သော ဝန်ထမ်းများ၊ ပြည်ခိုင်ဖြိုးပါတီအဖွဲ့ဝင်များ ပါဝင်ခဲ့ကြသည်ဟု သူက ဆိုသည်။
နံနက်အစောပိုင်း ရဲနှင့် စည်ပင်ဝန်ထမ်းများက ဆိုင်ဖွင့်မဖွင့် မြို့ထဲ လှည့်လည် စစ်ဆေးကြသည်၊ နံနက် ၁၀ နာရီခွဲခန့်တွင် တပ်ထောက်ခံပွဲ ပြုလုပ်သည်ဟု သူက ပြောသည်။
“မြို့ခံလူထုက လုံးဝ မပါပါဘူးခင်ဗျ။ စစ်တပ်ရဲ့ အပွင့်တင်ထားတဲ့ ဘာမဟုတ်တဲ့ဗိုလ်ကြီးတွေနဲ့ ရှိသမျှကားတွေ အကုန်ထုတ်လာပြီး လမ်းဘေးမှာ ဝန်ထမ်း၊ ဆိုင်ရာတွေနဲ့ အကုန်နေရာယူပြီး ဆွမ်းဆန်စိမ်းလောင်းပွဲ ပြုလုပ်သွားပါတယ်” ဟု ထိုသူက ဆိုသည်။
“ဆိုင်တွေကတော့ ဖိအားပေးမှုကြောင့် ဖွင့်ရတာပါ။ တချို့ရွာတွေကတော့ သတင်းစီးဆင်းမှုအားနည်းလို့ မသိတဲ့အတိုင်းအတာနဲ့ အပြင်ထွက်ခဲ့တယ်။ အဲလောက်ပဲ ရှိမယ်။ ကျန်တဲ့နေရာ အောင်မြင်ပါတယ်ဗျ။ တော်တော် အောင်မြင်ပါတယ်”
ရပ်စောက်မြို့သည် စစ်တပ်အခြေစိုက်မြို့ဖြစ်သည့်အတွက် ပြီးခဲ့သည့် တိတ်ဆိတ်ငြိမ်သက်မှု သပိတ်နှစ်ခုတွင် မအောင်မြင်ခဲ့ကြောင်း ထိုသူက ဆိုသည်။
စစ်ကောင်စီက ခြိမ်းခြောက်မှု၊ တန်ပြန်လှုပ်ရှားမှုများနှင့် ကြိုတင်ပြင်ဆင်နိုင်ခဲ့သော်လည်း ကချင်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအပါအဝင် ဒေသအနှံ့အပြား၌ လမ်းပေါ် လူသူမရှိဘဲ ရှင်းလင်းနေခဲ့ကာ တိတ်ဆိတ်ခြင်းသပိတ်၌ ပါဝင်ခဲ့ကြသည်။
ရန်ကုန်မြို့သည်လည်း အသံတိတ်သပိတ်တွင် ပါဝင်ဆင်နွှဲခဲ့ကြပြီး သပိတ်အချိန် မစတင်မီ လူငယ်များက ဆန္ဒပြကြသည်။
“တော်တော်များများက ဆိုင်တွေပိတ်ထားကြတယ်။ ရှော့ပင်းမောတွေမှာ လူမရှိဘူး။ ကားလမ်းမတွေမှာ လူမရှိဘူး” ဟု ရန်ကုန်မြို့မှ လူငယ်တစ်ဦးက ပြောသည်။
“မြေနီကုန်းဘက်မှာတော့ စစ်ကောင်စီကားတွေ တောက်လျှောက် ပတ်နေတယ်။ တပ်မတော်ထောက်ခံပွဲလုပ်တဲ့သူတွေ မြေနီကုန်းမှာ လာပြီးတော့ ဆန္ဒထုတ်ဖော်တာတွေတော့ ရှိတယ်ဗျ”
တပ်ထောက်ခံသူဟု ဆိုသူများက ခဏသာ ဆန္ဒပြပြီး လူစုခွဲ၍ အသင့်စောင့်နေသည့် ကားများပေါ် တက်ကာ ပြန်ထွက်သွားကြကြောင်း ၎င်းက တွေ့မြင်ရပုံကို ပြောသည်။
သပိတ် မစတင်မီကတည်းက စစ်ကောင်စီသည် အသံတိတ်သပိတ်ပြုလုပ်ပါက အကြမ်းဖက်၊ နိုင်ငံတော်ပုန်ကန်မှု ကဲ့သို့သော ပုဒ်မများတပ်ကာ အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သော်လည်း အများစုက ထိုအမိန့်ကို အာခံပြီး ဆန့်ကျင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။
မန္တလေးတွင် အသံတိတ်သပိတ် ပါဝင်ရန် လှုံ့ဆော်သည်ဟု ဆိုကာ ဆိုင်တချို့ကို ဝင်ရောက်စီးနင်း၍ ဆိုင်ရှင်များကို ဖမ်းဆီးခြင်း၊ ဆိုင်ချိပ်ပိတ်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ယနေ့တွင် အစားအသောက်ရှိ ဈေးဆိုင်တချို့မှာ ဟန်ပြသာ ဖွင့်လှစ်ကာ အာဏာသိမ်းမှုတစ်နှစ်ပြည့်ချိန် ဆင်နွှဲနေသည့် တိတ်ဆိတ်ခြင်း အသံတိတ်သပိတ် (Silent Strike)တွင် ပါဝင်ခဲ့ကြသည်။
ကုန်ပစ္စည်း မထားရှိဘဲ စာရွက်ပေါ်တွင် ရောင်းကုန်အမည်များသာ ရေးသား ပြသထားခြင်း၊ အသားဆိုင်တွင် ကြက်တစ်ကောင်သာ ဗန်းထဲ ထည့်ပြထားခြင်းကဲ့သို့ ကုန်ပစ္စည်းမဆိုစလောက်သာ တင်ထားခြင်း စသည့် နည်းလမ်းများသုံးပြီး အန်တုသည့် စျေးသည်တချို့လည်း ရှိခဲ့သည်။
စစ်တပ်ကို လက်နက်ကိုင်ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ယနေ့ နံနက်ပိုင်းမှစ၍ အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း အသံတိတ်သပိတ်ပြုလုပ်နေစဉ် မြို့နယ်ကာကွယ်ရေးအဖွဲ့များက မြို့ဝင်မြို့ထွက်ဂိတ်များတွင် လုံခြုံရေးယူပေးခဲ့သည်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်စျေးအတွင်း ယနေ့ တစ်နေ့လုံး ဝယ်ယူသူ ခြောက်ကပ်တိတ်ဆိတ်နေခဲ့ပြီး အသံတိတ်ဆန္ဒပြမှုမှာ ရာနှုန်းပြည့်နီးပါး အောင်မြင်သည်ဟု ဒေသကာကွယ်ရေးအဖွဲ့တာဝန်ခံတစ်ဦးက ပြောသည်။
“စျေးဆိုင်တွေကို ဝင်ရောက်စစ်ဆေးရင်းနဲ့ စျေးအတွင်းထဲမှာ ဝယ်သူမရှိလို့ သေနတ်ဖောက်ပြီး ထွက်သွားတာ ကျွန်တော်တို့ သတင်းရတယ်” ဟု အဆိုပါ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ခံက ပြောသည်။
“ဆိုင်ကယ်စတန်း၊ ဘီးစတန်းတွေကို မနက်ဖြန်လာအပ်တဲ့သူတွေကို လက်မခံနဲ့ မီးရှို့ပစ်မယ်ဆိုတဲ့ ရမ်းကားပြောဆိုသွားတာရှိတယ်ဆိုတာ သတင်းရပါတယ်”
အသံတိတ်သပိတ်
စစ်အာဏာသိမ်းပြီးနောက် မတ် ၂၄ ရက်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အသံတိတ်သပိတ်လှုပ်ရှားမှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်သွားရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်တိုက်တွန်းခဲ့ပြီးနောက် နာမည်ကျော်စီးပွားရေးလုပ်ငန်းများနှင့် စားသောက်ဆိုင်များသည်လည်း ပိတ်သိမ်းခဲ့ကြသည်။
ထိုစဉ်က စီးတီးမတ်ဆိုင်ခွဲများ၊ Grab ဝန်ဆောင်မှုများ၊ Pizza Company၊ ABC ဆိုင်ခွဲများ၊ Beauty Diaries အလှကုန် ဆိုင်ခွဲများအပါအဝင် Rangoon Tea House ကဲ့သို့ စားသောက်ဆိုင်များသည် ထိုနေ့တွင် ဆိုင်ပိတ်ကာ ဝန်ဆောင်မှု ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ၎င်းတို့၏ Facebook စာမျက်နှာများမှတစ်ဆင့် ကြိုတင်ကြေညာခဲ့သည်။
မြို့ရွာများတွင် အေးချမ်းစွာဖြင့် ပြည်သူများသွားလာနေကြကြောင်း ပုံဖော်လိုသည့် စစ်အုပ်စု၏ ကြိုးပမ်းမှုကို ချေဖျက်ရန်၊ တော်လှန်ရေးကာလအတွင်း အသက်ပေးခဲ့ရသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နေအိမ်များအတွင်း၌သာ နေထိုင်၍ အသံတိတ်သပိတ် (Silent Strike) ပြုလုပ်ကြခြင်း ဖြစ်သည်။
စစ်ကောင်စီသည် ယင်းကာလကလည်း ရန်ကုန်မြို့ရှိ မြို့နယ်အချို့၌ ပုံမှန်စျေးသွားလာခြင်းများ၊ အပြင်ထွက်သွားလာခြင်းများကို စိတ်အေးချမ်းသာစွာဖြင့် ပုံမှန်ပြုလုပ်သွားကြရန် နှိုးဆော်ကြောင်း အသံတိတ်သပိတ်ပြုလုပ်သွားမည့်နေ့မတိုင်မီ မတ် ၂၃ ရက် ည ၉ နာရီဝန်းကျင်တွင် အသံချဲ့စက်များဖြင့် လိုက်လံကြေညာခဲ့ကြသည်။
ထိုစဉ်ကလည်း စစ်ကောင်စီ၏ ဟန့်တားမှုများ မအောင်မြင်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သပိတ်၌ အင်တိုက်အားတိုက်ပါဝင်ခဲ့ကြပြီး ကမ္ဘာ့မီဒီယာများတွင်ပါ ထိုပုံရိပ်များ ပျံ့နှံ့ခဲ့သည်။
ထို့နောက် ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ တွင် တိတ်ဆိတ်ခြင်းသပိတ် ဒုတိယအကြိမ် ပြုလုပ်ကြပြန်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါဝင်နေစဉ်တွင် စစ်ကောင်စီက ၎င်းတို့အား ထောက်ခံသူများဖြင့် တပ်ထောက်ခံပွဲများ ပြုလုပ်ကာ လမ်းမပေါ် လူအများ ထွက်လာသယောင် ဖန်တီးခဲ့သည်။ တပ်ထောက်ခံပွဲတက်သူတို့မှာ အမိန့်မလွန်ဆန်နိုင်သော တပ်မိသားစုဝင်များ၊ နေ့စားခံယူပြီး ပွဲတက်သူများ ဖြစ်သည်ဟူသော သတင်းများ ထိုစဉ်က ထွက်ပေါ်ခဲ့သည်။
ထိုစဉ်ကလည်း တိတ်ဆိတ်ခြင်းသပိတ် အောင်မြင်စွာပြီးဆုံးခဲ့သည်။ ထိုစဉ်က ရန်ကုန်တွင် ညနေပိုင်းပြန်ဖွင့်သော ဆိုင်အချို့ ရန်ရှာခံခဲ့ရသည်။
ယခုတစ်ကြိမ်တွင်မူ စစ်ကောင်စီက ထောင်နှစ်ရှည်ချ၍ ရမည့် ပုဒ်မများတပ်ကာ အရေးယူရန် ခြိမ်းခြောက်ခဲ့ပြီး မလိုက်နာပါက အရေးယူမည်ဟု ဖော်ပြထားသော လက်ကမ်းစာရွက်များ ဝေငှခဲ့ကြသည်။ လမ်းပေါ်တွင် လက်ကိုင်ဖုန်း စစ်ဆေးလျက်ရှိရာ တိတ်ဆိတ်သပိတ်နှင့် ပတ်သက်ပြီး Facebook လူမှုကွန်ရက်တွင် ဝေမျှထားသူတို့ကို ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်သည့်နည်းလမ်းဖြင့်လည်း အကြီးအကျယ် ခြိမ်းခြောက်ခဲ့သည်။
စစ်ကောင်စီကို လှည့်စားသည့်အနေဖြင့် ဆိုင်တချို့က ဟန်ပြဖွင့်လှစ်ခဲ့သော်လည်း အများစုက နေအိမ်၌သာ နေထိုင်ပြီး အသံတိတ်သပိတ်ကို အသံတိတ်ဆင်နွှဲခဲ့ကြသည်။
[youtube https://www.youtube.com/watch?v=syaSr0V4GGo]
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)