သတင်း

စစ်အုပ်စုကို အမေရိကန် ၁၂ ကြိမ်မြောက် ဒဏ်ခတ်

စစ်အာဏာသိမ်းမှုတစ်နှစ်ပြည့်မြောက်ချိန်တွင် အမေရိကန်က ၁၂ ကြိမ်မြောက်အဖြစ် ဒဏ်ခတ်အရေးယူရာ ထိုအထဲတွင် စစ်ကောင်စီခန့်သည့် ဝန်ထမ်းအကြီးအကဲ ၃ ဦး၊ စစ်တပ်နှင့် ဆက်နွှယ်သည့် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ၄ ဦး၊ စီးပွားရေးလုပ်ငန်း ၁ ခု၊ စစ်လက်နက်ဝယ်ယူရေးဌာန ၁ ခုတို့ ပါဝင်နေသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၂ ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်သည့် အရေးယူမည့်စာရင်းတွင် ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦးတို့၏ အမည်များကို တွေ့ရသည်။

ထို့ပြင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်တွင် စီးပွားပိုဖြစ်လာသူ ခရိုနီ ဦးတေဇ၊ သားဖြစ်သူ ထူးထက်တေဇနှင့် ပြည့်ဖြိုးတေဇ၊ လက်နက်ပွဲစားအဖြစ် နာမည်ကျော်လာသည့် ဦးဂျွန်နသန် မျိုးကျော်သောင်းနှင့် ၎င်းပိုင် KTSL ကုမ္ပဏီတို့လည်း ပါဝင်သည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်လက်နက်ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးကိုလည်း ထိုစာရင်းထဲတွင် ထည့်သွင်းထားသည်။

“ဘဏ္ဍာရေးအထောက်အပံ့ပေးသူတွေ၊ အာဏာသိမ်းစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ထောက်ပံ့ကူညီသူတွေ၊ စစ်အာဏာသိမ်းမှုနဲ့ ဆက်လက်ဖြစ်ပေါ်နေဆဲ အကြမ်းဖက်မှုတွေအတွက် တာဝန်ရှိသူတွေကို ဆက်ပြီးတော့ ပစ်မှတ်ထားသွားမှာပါ”ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာထောက်လှမ်းရေးတာဝန်ရှိသူ Brian E. Nelson က ပြောဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထိုသို့ အရေးယူမှုတွင် အမေရိကန်၏ မဟာမိတ် ဗြိတိန်နှင့် ကနေဒါတို့လည်း ပူးပေါင်းပါဝင်လာသည်။ ဒေါ်သီတာဦး၊ ဦးထွန်းထွန်းဦးနှင့် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးတို့ကို ဒဏ်ခတ်အရေးယူကြောင်း ဗြိတိန်က ဇန်နဝါရီ ၃၁ တွင် ထုတ်ပြန်သည်။

ကနေဒါကလည်း အမေရိကန်က ထပ်တိုးပိတ်ဆို့သည့် စစ်ကောင်စီ၏ အထက်ပါ ဝန်ထမ်းအကြီးအကဲ ၃ ဦးကို ပစ်မှတ်ထားအရေးယူထားသည်။ ၎င်းတို့သည် တရားဥပဒေစိုးမိုးမှုပျက်ယွင်းခြင်း၊ နိုင်ငံရေးအတိုက်ခံများကို ဖယ်ရှားခြင်းတို့အတွက် တာဝန်ရှိသူများဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရေးယူခံရသူတို့၏ ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွားများကို အမေရိကန်တွင် ပိတ်ဆို့ထိန်းချုပ်ထားမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးကို အကြောင်းကြားရမည်ဖြစ်ကြောင်း အမေရိကန်ဘက်က ဆိုထားသည်။

ထိုသူတို့ ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများ၊ တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်၍ ၅၀ ရာခိုင်နှုန်းအထက်ပိုင်ဆိုင်သည့် လုပ်ငန်းများကိုလည်း အမေရိကန်က ပိတ်ဆို့ရန် အစီအစဉ်ချထားသည်။

၂၀၂၁၊ ဒီဇင်ဘာ ၁၀ရက်အထိ စစ်ကောင်စီနှင့် အပေါင်းအပါများကို အမေရိကန်၏ ဒဏ်ခတ်အရေးယူမှုများ။ ဒီဇိုင်း − Myanmar Now

ဖေဖော်ဝါရီ ၁၊ စစ်အာဏာသိမ်းပြီးချိန်မှစ၍ အမေရိကန်နှင့်အတူ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့က မြန်မာစစ်ဗိုလ်ချုပ်များ၊ ၎င်းတို့မိသားစုဝင်များ၊ ပတ်သက်ဆက်နွှယ်သူများနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများကို အကြိမ်များစွာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့သည်။

ယနေ့အထိ အမေရိကန်အစိုးရ၏ မြန်မာစစ်အုပ်စုအပေါ် ဒဏ်ခတ်အရေးယူမှု ၁၂ ကြိမ် ရှိပြီဖြစ်ကာ ထိုအထဲတွင် စစ်ဗိုလ်ချုပ်ကြီးများအပါအဝင် စုစုပေါင်း လူပုဂ္ဂိုလ် ၇၅ ဦး၊ ကုမ္ပဏီနှင့် ဌာနအဖွဲ့အစည်းပေါင်း ၂၅ ခု ပါဝင်သည်။

အာဏာသိမ်းပြီးနောက်တွင် မြန်မာပြည်သူများကလည်း စစ်တပ်၏ ထုတ်ကုန်များကို သပိတ်မှောက်နေကြပြီး မြန်မာဘီယာနှင့် Mytel ဆက်သွယ်ရေးကုမ္ပဏီများ အထိနာနေမှုမှာ ထင်ရှားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button