သတင်း

အသံတိတ်သပိတ်နေ့တွင် ရခိုင်၌ ဆွမ်းလောင်းပွဲကျင်းပရန် စစ်ကောင်စီ ကြိုးပမ်း

အာဏာသိမ်းမှုနှစ်ပတ်လည်နေ့ဖြစ်သည့် ယနေ့ (ဖေဖော်ဝါရီ ၁) တွင် တစ်နိုင်ငံလုံးမှ အသံတိတ်သပိတ် ဆင်နွှဲနေချိန် ရခိုင်ပြည်နယ်တွင် ပြည်လုံးကျွတ်ဆွမ်းတော်ကြီးလောင်းပွဲ ပြုလုပ်ကာ လူသူစည်ကားနေသည်ဟု ထင်မြင်အောင် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း ဒေသခံတချို့က ပြောသည်။ 

စစ်ကောင်စီက ဦးဆောင်ပြီး ရခိုင်တစ်ပြည်နယ်လုံးမှ မြို့နယ်များတွင် ပြည်လုံးကျွတ်ဆွမ်းတော်ကြီးလောင်းပွဲကို ယနေ့ နေ့လယ်တစ်နာရီခန့်မှစ၍ ပြုလုပ်ခိုင်းခြင်း ဖြစ်သည်။ 

ဌာနဆိုင်ရာပေါင်းစုံမှ ဝန်ထမ်းများကို မလာမနေရ ဖိအားပေးလာရောက်ခိုင်းကြောင်း မြောက်ဦးမြို့မှ ပညာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။ 

“သျှစ်သောင်းဘုရားမှာ လုပ်မယ်။ ဌာနအလိုက်ဝန်ထမ်းတွေ တန်းစီပြီး ဆွမ်းတော်ကြီးလောင်းကြရမှာ၊ မလာမနေရလို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။ 

ထို့ပြင် သံဃာတော်များကို ယင်းဆွမ်းတော်ကြီးလောင်းပွဲအတွက် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှ တစ်ပါးစီ ကြွရောက်ရန် ပင့်လျှောက်လွှာများဖြင့် ဖိတ်ကြားခဲ့သည်ဟုလည်း ဒေသခံများထံမှ သိရသည်။

ရခိုင်တွင် ဆွမ်းတော်ကြီးလောင်းပွဲ ယနေ့ ကျင်းပနေခြင်းမှာ နိုင်ငံရေးအရ ရခိုင်ပြည်သူလူထုကို နားလှည့်ပါးရိုက်လုပ်ကာ အသုံးချနေခြင်းဖြစ်သလို ရက္ခိုင့်တပ်တော်(AA)နှင့် ရခိုင်ပြည်သူလူထုကို အထင်အမြင်လွဲမှားအောင် ပြုလုပ်နေခြင်းဖြစ်သည်ဟု ထင်မြင်ကြောင်း မြောက်ဦးမြို့ မြတန်ဆောင်းဆရာတော်က မိန့်သည်။

“ပြည်သူတွေကို အကျပ်အတည်းဖြစ်အောင်လုပ်တယ်။ တခြားတစ်ဖက်မှာ ပုံရိပ်ကြီးမားတဲ့ ဆရာတော်ကြီးတွေကို သူတို့ အသုံးချလို့ရတယ်လို့ ထင်တဲ့ ရဟန်းသံဃာတွေကို အသုံးချပြီးတော့ သူတော်ကောင်းလုပ်ပြတယ်။ ဆရာတော်ကြီးတွေအနားကို ကပ်ပြီး ဘုရားဒကာဖြစ်ကြောင်းကို ပြတယ်လို့ မြင်တယ်” ဟု ဆရာတော်က မိန့်သည်။

“တလောက လူငယ် ၃၁ ဦးကို ဖမ်းတယ်။ သွားရေးလာရေးကိစ္စတွေကို သွားလို့လာလို့မရအောင်၊ အကျပ်အတည်းဖြစ်အောင် စစ်တယ်ဆေးတယ်။ ရခိုင်ပြည်သူတွေက တပ်တော် (AA) ကို ပါးစပ်ကပဲ အပြောရှိတယ်။ လက်တွေ့မှာ ဘာမှ မလုပ်နိုင်ပါလားဆိုတဲ့ အထင်အမြင်လွဲမှားမှုဖြစ်အောင် ဖန်တီးတယ်။ အဲဒီလိုပဲ မီးတစ်ဖက် ရေတစ်ဖက် ကိုင်ပြီး နားလှည့်ပါးရိုက်လုပ်နေတယ်လို့ မြင်တယ်”  

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ က ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟု ယူဆရသော လူငယ် ၃၁ ဦးကို ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၃ ရက်အကြာတွင် ပြန်လွှတ်ပေးလိုက်သည်ကို ဆရာတော်က ဆိုလိုခြင်း ဖြစ်သည်။  

တစ်နိုင်ငံလုံး ဆင်နွှဲနေသည့် အသံတိတ်သပိတ်ကို ရခိုင်ပြည်သူလူထုက မပါရုံသာမက စစ်ကောင်စီနှင့် ပူးပေါင်းနေသလို ပုံဖော်နေသည်ဟု ကျောက်တော်မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

“ဆွမ်းတော်ကြီးလောင်းပွဲဆိုရင်တော့ ဝမ်းသာရမှာဖြစ်ပေမဲ့ နိုင်ငံရေးအရ ခုတုံးလုပ်ခံရတယ် ဆိုရင်တော့ လက်မခံနိုင်ဘူး။ မလွှဲသာလို့ ဆွမ်းတော်ကြီးလောင်းပွဲကို ကြွဖြစ်ခဲ့ရင်တောင် ဒကာ/ဒကာမ တွေအနေနဲ့ ဆွမ်းမလောင်းကြဖို့ ဆရာတော်တချို့က မိန့်ကြားတာတွေရှိတယ်” ဟု ထိုသူက ပြောသည်။

မြောက်ဦးမြို့ရှိ ကျောင်းတိုက်တစ်တိုက်အား စစ်ကောင်စီက ဆွမ်းဆန်လောင်းပွဲ ကြွရောက်ရန် ပင့်ဖိတ်စာ။ (ဓာတ်ပုံ-ပေးပို့) 

ယမန်နေ့ (ဇန်နဝါရီ ၃၁) ကလည်း စစ်တပ်ထောက်ခံပွဲပြုလုပ်ခဲ့သည့် မောင်တောမြို့တွင် ယနေ့ နေ့လယ်၌ ဆွမ်းတော်ကြီးလောင်းပွဲအပြင် ညနေတွင် တရားပွဲကို ပြုလုပ်ခဲ့ကြောင်း မြို့မိမြို့ဖတစ်ဦးက ပြောသည်။ 

“ပြောမယ်ဆိုရင် စစ်ကောင်စီက ပွဲသုံးပွဲလုပ်တာ။ ပထမက တပ်ထောက်ခံပွဲ၊ အခုက ဆွမ်းတော်ကြီးလောင်းပွဲ၊ ညနေပိုင်းတရားပွဲ။ တရားပွဲကိုတော့ မောင်တောကရုဏာကွန်ရက်ပရဟိတအသင်းနာမည်နဲ့ လုပ်မှာဖြစ်တယ်လို့ သိရပါတယ်”ဟု ၎င်းမြို့မိမြို့ဖက ဆက်ပြောသည်။

စစ်ကောင်စီက ပြုလုပ်မည့် ထိုဆွမ်းတော်ကြီးလောင်းပွဲကို ပြည်သူလူထုအနေဖြင့် ပါဝင်သင့်မသင့် ဆင်ခြင်သုံးသပ်သင့်ကြောင်း အထက်ပါမြို့မိမြို့ဖက ဆိုသည်။

“မောင်တောမှာက ထွေအုပ်က ဦးစီးပြီးလုပ်တာ။ သူတို့ရည်ရွယ်ချက်က အာဏာသိမ်းတစ်နှစ်ပြည့်အနေနဲ့ လုပ်တာ ဖြစ်နိုင်တယ်။ နောက်တစ်ခုက အသံတိတ်သပိတ်ကို ချေပတာဖြစ်တယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရာသီမှာ ဘယ်တုန်းကမှ ဆွမ်းတော်ကြီးလောင်းပွဲဆိုတာမရှိဘူး” ဟု သူက ပြောသည်။

“ဒီလောက်အေးတဲ့ရာသီမှာ တရားပွဲဆိုတာချတယ်။ အရင်တုန်းက ငါတို့တရားပွဲချခဲ့တာက သိပ်မအေး၊ မပူတဲ့ရာသီလောက်မှာပဲ ချကြတယ်။ အခု သူတို့က ဒီလောက်အေးတဲ့ရာသီမှာ ချတယ်ဆိုတော့ အသံတိတ်သပိတ်ကို ဆန့်ကျင်တဲ့ အလုပ်တစ်ခုကို လုပ်တာဖြစ်တယ်”  

အလားတူ စစ်တွေမြို့ လောကနန္ဒာဘုရားပရိဝုဏ်အတွင်း ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ယူနီဖောင်းများ ဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်က လက်နက်အင်အား၊ လူအင်အားအပြည့်ဖြင့် နေရာယူထားသည်ကို တွေ့မြင်ရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“လောကနန္ဒာဘုရားအနီးမှာ စစ်ကား အစီး ၅၀ လောက်ရှိတယ်။ စစ်သားတွေ ယူနီဖောင်းနဲ့ လက်နက်အင်အား၊ လူအင်အားအပြည့်နဲ့ နေရာယူထားတာ တွေ့ရတယ်။ ရဲတွေ၊ မော်တော်ပီကယ်တွေလည်း အများကြီးပဲ” ဟု ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် အဆိုပါမြို့ခံက ပြောသည်။

ယင်းရက်မတိုင်မီများကလည်း မောင်တောမြို့နယ်နှင့် မြို့နယ်အချို့၌ စစ်ကောင်စီက အစစ်အဆေး တင်းကျပ်ခဲ့ပြီး အသံတိတ်သပိတ်တွင် မပါဝင်ရန် လက်ကမ်းစာစောင်များ ဝေငှခဲ့ကြသည်။ 

ယမန်နေ့ကလည်း ၉ မြို့နယ်ထက်မနည်း တပ်ထောက်ခံပွဲများကို ပြည်နယ်စစ်ကောင်စီက ဦးဆောင်ပြုလုပ်ခဲ့သော်လည်း စစ်ဒဏ်ခံစားခဲ့ရသည့် ရခိုင်ဒေသခံအများစုက မနှစ်သက်ကြောင်း ဆိုသည်။ 

အလားတူ ယမန်နေ့တွင် မြောက်ဦးမြို့၊ မြို့ဈေးကြီးရှိ ဈေးဆိုင်များပိတ်ကာ ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျရှုံးခြင်းနေ့ အထိမ်းအမှတ်အဖြစ် ဈေးဆိုင်များ ပိတ်ထားခဲ့ကြသည်။

AA နှင့် အပစ်ရပ်ထားသော်လည်း ယမန်နှစ် ဩဂုတ်မှစ၍ ရခိုင်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် စစ်ကောင်စီက လူသူ၊ ရိက္ခာ၊ လက်နက်အင်အား ဖြည့်တင်းခြင်းများဖြင့် စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်။ 

ချစ်ခင်လေးစားမှု လိုအပ်သူဆိုပါက ရိုးသားမှုရှိမှ ဖြစ်မည်ဟု မြတန်ဆောင်းဆရာတော်က မိန့်ကြားသည်။

“နိုင်ငံရေးပဲ လုပ်လုပ်၊ ဘာသာရေးပဲ လုပ်လုပ်၊ တော်လှန်ရေးပဲ လုပ်လုပ်၊ နိုင်ငံတည်ဆောက်ရေးပဲ လုပ်လုပ်၊ သေချာတာကတော့ ရိုးသားဖို့လိုတယ်။ စေတနာတွေ စစ်မှန်ဖို့ လိုတယ်။ အဲဒီလိုမဟုတ်ဘဲ မရိုးမသားနဲ့ ပြည်သူလူထုကိုသော်လည်းကောင်း၊ ရိုးရိုးသားသားလုပ်နေတဲ့ အဖွဲ့အစည်းကိုသော်လည်းကောင်း အသုံးချရုံသက်သက်နဲ့ ဟန်ပြလုပ်ပြနေရင်တော့ ဘာမှထူးခြားလာမှာမဟုတ်ဘူး” ဟု ဆရာတော်က မိန့်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button