
ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟု ယူဆရသော လူငယ် ၃၁ ဦးကို ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ယနေ့ (ဇန်နဝါရီ ၃၁) ၌ ပြန်လွှတ်ပေးလိုက်သည်ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ မောင်တောမြို့ဘက်မှ မောင်းနှင်လာသည့် ခရီးသည်တင် လိုင်းကား နှစ်စီးပေါ်တွင် စီးနင်းလိုက်ပါလာသည့် ထိုသူများသည် ကြိမ်ချောင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ) စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ထိုလူငယ်များမှာ ရသေ့တောင်မှ ၁ ဦး၊ ပေါက်တောမှ ၁ ဦး၊ မာန်အောင်မှ ၃ ဦး၊ ကျောက်ဖြူမှ ၂ ဦး၊ ရမ်းဗြဲမှ ၂၄ ဦး ဖြစ်သည်ဟု ကျောက်ဖြူဒေသခံဖြစ်သော ထိုသူက ပြောသည်။
ကျောက်ဖြူ၊ ရမ်းဗြဲတို့မှ လူငယ်များကို ကျောက်ဖြူမြို့နယ်တွင် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးနှင့် မိသားစုဝင်များထံ ပို့ပေးခဲ့ပြီး ကျန်လူများကို သက်ဆိုင်ရာမြို့နယ်များသို့ ပို့ဆောင်လိုက်ကြောင်း အဆိုပါသတင်းရင်းမြစ်က ဆိုသည်။
“မာန်အောင်က ၃ ယောက်ကို ကားနဲ့ ယူသွားတယ်။ ရသေ့တောင်နဲ့ ပေါက်တောက လူတွေကို စစ်တွေမှာ ထားခဲ့တယ်လို့ သိရတယ်” ဟု ထိုသူက ဆက်ပြောသည်။
ရခိုင်အခြေစိုက် Western News သတင်းဌာန၏ နေ့လယ်ပိုင်း သတင်းတစ်ပုဒ်တွင် ဖမ်းဆီးထားသည့် လူငယ်များအနက် ၈ ဦး လွတ်လာကြောင်း၊ ယနေ့ မွန်းတည့် ၁၂ နာရီက ကျောက်ဖြူမြို့တွင် စစ်တပ်အရာရှိများက အပ်နှံခဲ့ကြောင်း မိသားစုဝင်တစ်ဦးကို ကိုးကား၍ ဖော်ပြထားသည်။
ကျောက်ဖြူမြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးဖိုးစံက ကျောက်ဖြူ၌ ပြန်လွတ်လာသူ ၂၆ ဦးအနက် ၃ ဦးမှာ မိသားစုနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ လာရောက်ခေါ်ယူမည်ကို စောင့်ဆိုင်းနေသည်ဟု သိရကြောင်း ပြောသည်။
“အမိအဖနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ မရောက်သေးတဲ့အတွက် အဲဒီသုံးယောက်ကို ဆိုင်းငံ့ထားတာပါ။ မိသားစုနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ရောက်လာလို့ရှိရင် လွှတ်ပေးမယ်လို့ ပြောတယ်။ အဲဒီသုံးယောက်ကို မိသားစုတွေက လာမယူတာ နယ်မြေခရီးဝေးနေလို့လား၊ တချို့မိဘတွေက ကြောက်လို့ မလာရဲတာလား၊ တစ်စုံတစ်ရာ ဘာမှ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။
“သူတို့ကို နေဖို့ထိုင်ဖို့ အဆင်ပြေပြေနဲ့ ထားတယ်လို့ သိရတယ်။ အခု သူတို့ကို ၅၄၃ တပ်ရင်းထဲမှာ ထားတယ်။ လွတ်လာတဲ့သူတွေက အရပ်သားတွေလားဘာလားဆိုတာကို သေချာမသိရသေးဘူး”
ဒေသတွင်း AA နှင့် စစ်ကောင်စီကြား အပစ်ရပ်ထားသော်လည်း နှစ်ဖက်ထိတွေ့မှုရှိခြင်း၊ နားလည်မှုဖြင့်သာ အပစ်ရပ်ထားခြင်းတို့ကြောင့် ဒေသတွင်း စစ်ရေးတင်းမာလာမည်ကို စိုးရိမ်နေကြချိန်တွင် ထိုဖြစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
တစ်ဖက်တွင်လည်း AA တပ်ဖွဲ့ဝင်များကို စစ်ကောင်စီ၏ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်ကာကွယ်ဆေးများ ထိုးပေးခဲ့သလို AA သံသယနှင့် ဖမ်းခံရသူများကို လွှတ်ပေးခဲ့သည်။
သို့ရာတွင် ရခိုင်မြောက်ပိုင်းဒေသများတွင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်နေသောကြောင့် မောင်တောဘက် ပြေးဆွဲသည့် ကားလိုင်းတချို့ ယနေ့ ရပ်နားနေကြောင်း ကားသမားများထံမှ သိရသည်။
AA နှင့် ဆက်စပ်သည်ဟု ယူဆပြီး ဖမ်းဆီးခံရသည်ဟူသော ပြောဆိုချက်များနှင့် စပ်လျဉ်း၍ AA ထံ ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)