မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အင်အားရာဂဏန်းဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ရေနံတွင်းများကို ဆက်ကြေးတောင်း မီးရှို့နေသည့်ပြင် ၅ ရက်အတွင်း အရပ်သား ၆ ဦးကို သတ်ဖြတ်ခဲ့ကြသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)နှစ်ဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီ ၂၃ ရက်နေ့က ကျောင်တိုင်ခင်ရွာတွင် ရွာသား ၃ ဦးကို သတ်ဖြတ်ကာ ရုပ်အလောင်းများကို ကောက်ရိုးပုံပေါ်တင်၍ မီးရှို့ခဲ့သလို ယမန်နေ့ (ဇန်နဝါရီ ၂၇)တွင်လည်း သရက်ကန်ရွာနှင့် ကြက်ဆူအိုင့်ရွာကြား အရပ်သားနှစ်ဦးကို သတ်ဖြတ်မီးရှို့သွားသည်ဟု မြိုင် PDF တောင်ပိုင်းဇုန်တာဝန်ခံ ဗိုလ်ခွန်းချိမ့်က ပြောသည်။
“၃ ယောက်က ကောက်ရိုးပုံပေါ်တင်ရှို့ခံရတာ။ မနေ့ကလည်း ၂ ယောက် ထပ်ရှို့ခံရတယ်၊ ပေါက်နဲ့ မြိုင်ကြားထဲက မှော်တွေထဲမှာ။ အခြေအနေအသေးစိတ်တော့ ကျွန်တော်လည်း မသိရသေးဘူး” ဟု ဗိုလ်ခွန်းချိမ့်က ပြောသည်။
ဇန်နဝါရီ ၁၉ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ခန့် ပေါက်မြို့နယ်သို့ ဝင်ရောက်လာစဉ် အမျိုးသားနှစ်ဦး ဖမ်းဆီးလာသည်ကို တွေ့ရသည်ဟု ပေါက်မြို့နယ်မြောက်ပိုင်း Anonymous Special Task Force အမည်ရ ပြောက်ကျားအဖွဲ့တာဝန်ခံတစ်ဦးက ပြောသည်။
ပေါက်မြို့နယ် မြောက်ပိုင်းဒေသကို စီးနင်းစဉ် ကြက်ဆူအိုင့်ရွာ၌ အသက် ၃၀ ဝန်းကျင် ကိုကျော်လင်းဦးဆိုသူကို ဖမ်းဆီးခဲ့ပြီးနောက် ဖမ်းထားသူ ၃ ဦးလုံးကို ထိုရွာ အနောက်တောင်ဘက် ၇ မိုင်အကွာရှိ ကျောက်တိုင်ခင်ရွာ၌ မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ တာဝန်ခံက ပြောသည်။
“၂၂ ရက်နေ့ကျတော့ ကျောက်တိုင်ခင်း၊ သရက်ကန် (ရေနံမှော်တွေ)နားမှာ ဆက်တိုက်မီးရှို့တယ်။ ၂၃ ရက်နေ့ကျတော့ ကျောင်တိုင်ခင်နားမှာ ၃ လောင်းကို မီးရှို့ထားတယ်” ဟု ၎င်းက ဆိုသည်။
“ဘယ်နေ့ကရှို့တာလဲတော့ မသိဘူး။ ၂၃ ရက်နေ့ မနက်ကျမှ အလောင်းတွေတွေ့တာ။ မှော်ထဲမှာ လူပေါင်းစုံရှိတာဆိုတော့ ဘယ်သူဘယ်ဝါလဲ အတိအကျမသိနိုင်ဘူး”
၂၃ ရက်နေ့တွင် တွေ့ရှိသည့် မီးကျွမ်းနေသော ရုပ်အလောင်း ၃ ခုတွင် ကိုကျော်လင်းဦး၏ ရုပ်အလောင်းပါဝင်သည်ဟု မျက်မြင်တချို့၏ ပြောပြချက်အရ အတည်ပြုနိုင်ခြင်းဖြစ်ပြီး ကျန်နှစ်ဦးကိုမူ အတည်မပြုနိုင်သေးကြောင်း Anonymous Special Task Force တာဝန်ခံက ပြောသည်။
“ဆိုင်ကယ်နဲ့ ရေနံမှော်တွေနားက ဖြတ်တဲ့အချိန် သေနတ်နဲ့ လှမ်းထုတာ။ သေနတ်မှန်ပြီးခါမှ လူကို ဆိုင်ကယ်ပေါ်တင် မီးရှို့သွားတာ”
ပေါက်မြို့နယ်အနောက်ဘက် ကုက္ကိုစုကျေးရွာ၌ စစ်ကောင်စီတပ်နှင့် စစ်ဝတ်စုံဝတ်ထားသည့် ရွာခံပျူစောထီးအဖွဲ့ဝင်များက အသက် ၄၈ နှစ်အရွယ် ဦးစန်းမြိုင်ဆိုသူကို ဇန်နဝါရီ ၂၆ တွင် သေနတ် နှစ်ချက် ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ကြောင်း၊ ဒဏ်ရာရရှိထားသည့် ဦးစန်းမြိုင်မှာ ထိတ်တုံးခတ် ချုပ်နှောင်ခံထားရစဉ် သွေးလွန်သေဆုံးသွားသည်ဟု သိရကြောင်း သူက ဆက်ပြောသည်။
“ထိတ်တုံးခတ်ထားတုန်း သေသွားတာ။ သေသွားတော့ သင်္ချိုင်းကုန်းကို ဆိုင်ကယ်နဲ့ သယ်ပြီး ချထားတာ။ အခုထိ အလောင်း မြေမမြှုပ်ရသေးဘူး”ဟု ၎င်းက ယနေ့ (ဇန်နဝါရီ ၂၈) ညနေ ၃ နာရီခန့်တွင် ပြောသည်။
ရေနံတွင်းများကို မီးရှို့ခြင်း
ဇန်နဝါရီ ၁၀ ကတည်းက စစ်တပ်က မြိုင်မြို့နယ်အတွင်း နေရာ ၇ ခုခွဲ၍ စစ်ကြောင်းထိုးခဲ့သည်။ ထိုအထဲမှ အင်အား ၁၂၀ ခန့်စီပါသည့် စစ်ကြောင်း ၃ ကြောင်းမှာ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အကြားရှိ ရေနံမြေများကို ဇန်နဝါရီ ၁၃ ကတည်းက စီးနင်းနေခြင်းဖြစ်သည်။
ဇန်နဝါရီ ၂၀ ဝန်းကျင်မှစ၍ လက်ယက်ရေနံတစ်တွင်းလျှင် ၁၂၀,၀၀၀ မှ ၅၀၀,၀၀၀ အထိ တောင်းယူကြကြောင်း၊ မပေးသည့် တွင်းများကို စစ်သားတို့က မီးရှို့ရာ ရေနံတွင်းအများအပြား မီးလောင်သွားကြောင်း PDF နှစ်ဖွဲ့ထံမှ သိရသည်။
“ရေနံတွင်းတွေက ရာကျော်မယ်ဗျ၊ သူတို့က ဆက်တိုက်ရှို့နေတာ။ ရေနံမှော်တွေထဲ ပတ်မွှေပြီး မီးထိုင်ရှို့နေတာ။ မနေ့က ညနေအထိကို ရှို့နေတုန်းပဲ” ဟု Anonymous Special Task Force တာဝန်ခံက ပြောသည်။
ပေါက်မြို့နယ် မြောက်ဘက်အစွန်ဆုံး၊ မြိုင်မြို့နယ်အစပ်ရှိ လက်ပံတို၊ သပြေညို၊ ကြက်စုအိုင်၊ နယ်သပ်၊ ကျောက်တိုင်ခင်၊ ထန်းပေါက်ကုန်း၊ သရက္ကန် ၊ ရေခါး၊ မကျည်းကုန်း၊ အိုင်းမ၊ လယ်အို စသည့်ရေနံမှော်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ခဲ့သည်ဟု ဆိုသည်။
ရာနှင့်ချီသော ဆီသိုလှောင်ကန်များနှင့် ရေနံကျင်းများ မီးလောင်ဆုံးရှုံးနေပြီဖြစ်ကြောင်း ဗိုလ်ခွန်းချိမ့်က ခန့်မှန်းသည်။
“ရေနံကျင်းပိုင်ရှင်တွေက အရင်လာတဲ့တစ်ဖွဲ့ကို ပိုက်ဆံပေးလိုက်လည်း နောက်တစ်ဖွဲ့က ထပ်ရောက်လာပြီး မပေးရင် မီးရှို့တယ်” ဟု ဗိုလ်ခွန်းချိမ့်က ပြောသည်။
ရေနံမှော်များအတွင်း စစ်ကောင်စီတပ် စီးနင်းနေဆဲဖြစ်သောကြောင့် အရပ်သားပြည်သူများ ထွက်ပြေးနေကြရသဖြင့် ရေနံမြေအတွင်း မီးလောင်ပျက်စီးမှုကို အတည်မပြုနိုင်သေးကြောင်း PDF နှစ်ဖွဲ့က ပြောသည်။
စစ်သားတို့က ဖမ်းဆီးသတ်ဖြတ်သည်၊ ရေနံမြေတွင် ဆက်ကြေးတောင်း မီးရှို့သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး မေးမြန်းရန် စစ်ကောင်စီပြန်ကြားရေးဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော ပြောရေးဆိုခွင့်ရှိသူတို့၏ ဖုန်းနံပါတ်များကို ယနေ့ ဆက်သွယ်သော်လည်း ဖုန်းများ ပိတ်ထားသည်။
ဒေသခံ ၅ ဦး သေဆုံးပြီးမှ အလောင်းဖျောက်ဖျက် မီးရှို့ခံရသည် သို့မဟုတ် မသေဆုံးမီ မီးရှို့ခံရသည် ဟူသည်ကို တိတိကျကျ မသိရသေးပေ။
မြိုင်မြို့တွင် ၃ ဦး အသတ်ခံရ
မြိုင်မြို့မြောက်ဘက် ၁၀ မိုင်ကျော်အကွာရှိ လက်ယက်မရွာတွင် စစ်တပ်က ဇန်နဝါရီ ၁၁ ရက်တွင် ဝင်ရောက်စီးနင်းပြီး တပ်စွဲခဲ့သည့် စစ်တပ်ပြန်ထွက်သွားပြီးနောက် မီးရှို့ခံထားရသည့် ရုပ်အလောင်း ၃ လောင်း တွေ့ရှိခဲ့သည်ဟု Anonymous Special Task Force ထံမှ သိရသည်။
ထို့အတူ ပေါက်မြို့နယ်မြောက်ပိုင်းတွင်လည်း ထန်းတောဖူးရွာ၌ နေအိမ် ၃ လုံး ညောင်းဝန်ရွာတွင် နေအိမ် ၁၀ လုံး ရိုက်ချိုးဖျက်ဆီးသွားသည့်ပြင် သစ်ညီနောင်ရွာရှိ နေအိမ် အလုံး ၃၀ မှ အိမ်တိုင်များကို ပြတ်လုမတတ် ဓားဖြင့်ခုတ်ထားသည်ဟု ထိုအဖွဲ့က ပြောသည်။
ထို့ပြင် ပေါက်မြို့နယ်တောင်ပိုင်း ဝန်ကျုံးရွာတွင် နေအိမ် ၃ လုံးနှင့် အိမ်ခြေ ၉၆ အိမ်ရှိသည့် ဘို့မယ်ရွာတွင်လည်း ရွာလုံးကျွတ် ရိုက်နှက်ဖျက်ဆီးခံထားရကြောင်း CDM ရဲတပ်သား ကိုပြည့်စုံက ပြောသည်။
နိုင်ငံအနှံ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများအတွက် တာဝန်အရှိဆုံးသူမှာ အာဏာသိမ်းစစ်ကောင်စီတပ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖြစ်သည်။
ဒီဇင်ဘာ ၂၃ ရန်ကုန် တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းပြောစဉ် စစ်ခေါင်းဆောင်က သွေးထွက်သံယိုမှုအနည်းဆုံးဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားသည်။