သတင်း

ပြည်ခိုင်ဖြိုး အမတ်ဟောင်း၏ သားပိုင်သော ဓာတ်ဆီဆိုင် မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်အမတ်ဟောင်းတစ်ဦး၏သား ပိုင်ဆိုင်သော အောင်ချမ်းသာတိုးချဲ့ရပ်ကွက်ရှိ Petro One စက်သုံးဆီအရောင်းဆိုင် ဇန်နဝါရီ ၂၆ ညဦးပိုင်းတွင် မီးရှို့ဖျက်ဆီးခံလိုက်ရသည်။

ရေဦးမြို့အထွက် ရေဦး – မုံရွာ ကားလမ်းဘေးတွင် နေ့ညမပြတ်ရောင်းချနေသော ထိုဆိုင်အတွင်း ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် လက်နက်ကိုင်စစ်သားအချို့ ရောက်လာကာ ဆိုင်ဝန်ထမ်းများကို ဖမ်းဆီးပြီး ဆီဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ဆိုင်ပိုင်ရှင်၏ မိတ်ဆွေတစ်ဦးက Myanmar Now ကို ပြောသည်။

“သူတို့အားလုံး မပြေးနဲ့ ဘာညာပြောပြီးတော့ သေနတ်နဲ့ ထိုးချိန်တယ်။ ဖမ်းမိတဲ့ကလေးတွေကို ဒူးထောက် လက်မြှောက်ထိုင်ခိုင်းထားပြီး ဘယ်နှယောက်ရှိလဲ၊ ဘယ်တွေသွားလဲ၊ ဘာတွေလုပ်နေလဲဆိုပြီး မေးတယ်တဲ့” ဟု ထိုအမျိုးသားက ဆိုင်ဝန်ထမ်းအချို့ကို ကိုးကား၍ ပြောပြသည်။

“မေးပြီးတော့ ပစ်စရာရှိတာတွေ ပစ်၊ ပစ်ပြီးတော့ မီးရှို့တယ်ပေါ့နော်။ သူတို့မီးရှို့တဲ့အချိန်မှာ ကလေးတွေလည်း ဝရုန်းသုန်းကားနဲ့ ထပြေးတယ်လို့ သိရတယ်”

ဆီဆိုင်ပိုင်ရှင် အသက် ၃၅ နှစ်ခန့်အရွယ် ကိုကျော်ထင်သည် ၂၀၁၀ တွင် စစ်ကိုင်းတိုင်းလွှတ်တော် ရေဦးမဲဆန္ဒနယ် အမှတ်(၁) မှ အရွေးခံရသူ ဦးညိုဝင်း၏ သားဖြစ်ကြောင်း ရေဦးမြို့ ဒေသခံနှစ်ဦးထံမှ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ Perto One ဆီဆိုင်အား ၎င်းတို့လူမှုကွန်ရက်တွင် ကြေညာထားသည့် ဖုန်းနံပါတ်နှစ်ခုမှတစ်ဆင့် Myanmar Now က ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။

ဖျက်ဆီးခံရသည့် ဆိုင်ခွဲ အမှတ် ၁ ကို  ပိတ်ထားလိုက်ကြောင်း ယမန်နေ့နံနက်ပိုင်းတွင် ကိုကျော်ထင်က Facebook တွင် ရေးသားထားသည်။ 

“စစ်ဘေးကျရောက်နေတဲ့ အချိန်မှာ စီးပွားရေးချဲ့ရတာသည် အကန့်အသတ်တစ်ခုပဲ ကောင်းတယ်ဆိုတဲ့ အတွေ့အကြုံတစ်ခုရလိုက်ပါတယ်။ …..ယနေ့မှစပြီး ဆိုင် ၁ ပိတ်ပါပြီ” ဟု ဆိုင်ရှင်က ရေးသားထားသည်။

Perto One ဆီဆိုင်သည် ရေဦးမြို့တွင် ဆိုင်ခွဲ နှစ်ဆိုင်ရှိပြီး ဆိုင်ခွဲအမှတ် ၂ မှာ မြို့ထဲတွင်ရှိသည်။

မီးရှို့ခံရသည့် ဆိုင်ခွဲနှင့် ကပ်လျက်ရှိသော စက်မှုလယ်ယာရုံးဝင်းအတွင်း စစ်သားအချို့ စခန်းချခဲ့ကြောင်း၊ ယမန်နေ့ညက ဆီဆိုင်မီးရှို့ခံရမှုဖြစ်စဉ်အပြီးတွင် ထိုတပ်ဖွဲ့က ညတွင်းချင်းပင် ထွက်ခွာသွားကြောင်း အထက်ပါဆိုင်ရှင်၏ မိတ်ဆွေက ပြောသည်။

“ကျွန်တော့်အထင်ကတော့ စကစရဲ့ တပ်သားလေးတွေနဲ့ မပြေမလည်ဖြစ်လို့ လုပ်လိုက်တယ်ပဲ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က (တပ်သားတွေက) ဖြူတာ နီတာ စိမ်းတာ မသိနိုင်ဘူးလေ” ဟု ၎င်းက ပြောသည်။

ထို့ပြင် စစ်ကောင်စီ၏ ရေဦးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များသည်လည်း ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မည်သို့မျှအရေးတယူ ဆောင်ရွက်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

“လာစစ်တာဆေးတာ မရှိပါဘူး။ နယ်တွေမှာက ဘာဖြစ်ဖြစ် သူတို့အလေးမထားဘူး။ သူတို့လိုချင်တာ သူတို့လိုချင်တဲ့ နိုင်ငံရေးသမားတွေကိုပဲ စောင့်ကြည့်လေ့လာဖမ်းဆီးလုပ်တာဗျ” ဟု ၎င်းက ပြောသည်။

“မြို့ပေါ်ရဲ့ တရားဥပဒေစိုးမိုးရေး သူတို့ ဘာမှမလုပ်ဘူး။ ဘယ်အိမ်မှာပဲ ဘာဖြစ်ဖြစ် သူတို့ ဒီအတိုင်းပဲ လျစ်လျူရှုထားတယ်”

ထိုအခြေအနေနှင့် ပတ်သက်၍ ရေဦးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။

လက်နက်အပြည့်အစုံရှိသော အာဏာသိမ်းစစ်တပ်သည် ခုခံမှုအားကောင်းနေသော စစ်ကိုင်းတိုင်းအတွင်း ချုပ်ကိုင်နိုင်မှု လျော့ပါးလာသည်။  

လောင်စာဆီဆိုင်ကို ဖျက်ဆီးခြင်းသည် စစ်ကောင်စီ၏ ရိုင်းစိုင်းသော အပြုအမူဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေဦးမြို့နယ်၏ တာဝန်ခံက မှတ်ချက်ပြုသည်။

“ဒီတော်လှန်ရေးမှာ စကစတွေလုပ်ရပ်ဟာ တော်တော်ကို ယုတ်မာရိုင်းစိုင်းလွန်းတယ်၊ သူတို့အချင်းချင်းလည်း တွယ်တယ်ဆိုပြီး ဒါမျိုးဆိုတော့ မြို့ကလည်း တော်တော်လေး စိတ်ဝင်စားနေတယ်” ဟု အထက်ပါ ပကဖအဖွဲ့တာဝန်ခံ အမျိုးသားက ပြောသည်။

နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွင်း စစ်ကောင်စီတပ်က လေကြောင်းအကူအညီဖြင့် လက်နက်၊ လူအင်အား အများအပြားသုံးကာ ရေဦးမြို့နယ်အတွင်း အပြင်းအထန် ဝင်မွှေကာ လူနေအိမ်များ မီးရှို့ခြင်း၊ ဒေသခံများကို ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သဖြင့် ကျေးလက်ဒေသခံအများအပြား ထွက်ပြေး ရှောင်တိမ်းနေကြဆဲဖြစ်သည်။

ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခံရမည်ကို စိုးရိမ်သဖြင့် ပြည်ခိုင်ဖြိုးပါတီဝင်အများအပြား သိုသိုသိပ်သိပ်နေထိုင်ကြသည်ဟု ဒေသခံတို့ထံမှ သိရသည်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button