သတင်း

ရဟတ်ယာဉ်နှင့် ပစ်ခံရသည့် ရေဦးမြို့တွင် အလောင်း ၇ လောင်းရှာတွေ့

လွန်ခဲ့သည့် သုံးရက်က ရဟတ်ယာဉ် လာရောက်ပစ်ခတ်သွားသည့် စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ ရေမြက်ရွာတွင် အရပ်သား ၇ ဦး၏ ရုပ်အလောင်းများကို ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ရှာဖွေတွေ့ရှိသည်။

ရေဦးမြို့မှ ၁၇ မိုင်ခန့်အကွာရှိ ထိုရွာတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်ကတည်းက စစ်တပ်က တပ်စွဲထားကာ ယနေ့ နံနက်ပိုင်း ပြန်ထွက်သွားချိန်မှ ဒေသခံအချို့ ရွာအတွင်း သွားရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

တွေ့ရသည့်ထဲတွင် အမျိုးသမီး ၂ ဦး၊ အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများ ပါဝင်ကြောင်း၊ ရုပ်အလောင်းနှစ်လောင်းမှာ မီးကျွမ်းနေကြောင်း ဒေသခံနှစ်ဦးက ပြောသည်။

အလောင်းတချို့ ပျက်စီးနေခြင်းမှာ လက်နက်ကြီးကျည်ဒဏ်ကြောင့် ဖြစ်နိုင်သည်ဟု ရွာသို့ ဝင်ရောက်ရှာဖွေခဲ့သည့် ရေဦးဒေသကာကွယ်ရေးအဖွဲ့ (PDF) ၏ ပြောဆိုချက်ကို ကိုးကား၍ ဒေသခံတစ်ဦးက ပြောသည်။

“ဘယ်သူဘယ်ဝါဆိုတာ လောလောဆယ်မှာ အတည်ပြုဖို့က ခက်ခဲနေသေးတယ်။ သိရသလောက် လက်နက်ကြီးကြောင့်မလို့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ စုတ်ပြတ်နေတာတွေရှိတယ်။ မီးဘေးသင့်ထားတာတွေလည်းရှိတယ်” ဟု  ထိုအမျိုးသားက ပြောသည်။

မီးလောင်ထားသည့် ၂ လောင်းမှာ မြေမြှုပ်လျက်သား တွေ့ရကြောင်း၊ ရုပ်အလောင်းအားလုံးကို သင်္ဂြိုဟ်ရန် ပြင်ဆင်နေစဉ် ကျေးရွာပေါ်သို့ စစ်ရဟတ်ယာဉ် ဖြတ်ပျံသဖြင့် ထားရစ်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အခြားဒေသခံတစ်ဦးက ပြောသည်။

“ရွာထဲမှာ လူတွေက မရှိတော့ဘူး။ ကျန်တဲ့ရွာတွေမှာ ရှောင်နေရတယ်။ (အလောင်းနှစ်လောင်းကို) အတူတူမြှုပ်ထားတာ။ ဘေးမှာယှဉ်လျက်နှစ်ကျင်း။ မီးလောင်နေတဲ့ အိမ်ရှေ့မှာပဲ မြှုပ်ထားတာ။ (ခန္ဓာကိုယ်) တစ်ပိုင်းလောက်က ပေါ်နေတာ”ဟု ၎င်းက ပြောသည်။

သေဆုံးသူတို့၏ အသေးစိတ်အချက်အလက်များကို သီးခြားအတည်မပြုနိုင်သေးပေ။

ရဟတ်ယာဉ် ၅ စီးသုံး၍ ပစ်ခတ်သည့် စစ်ကောင်စီတပ်က ရေမြက်ရွာတွင် စစ်သား ၁၀၀ နီးပါးနှင့် သုံးရက်ကြာ တပ်စွဲကာ နေအိမ်များကို မီးရှို့၊ မွှေနှောက်ရှာဖွေခဲ့ကြောင်း PDF နှင့် နီးစပ်သူက ပြောသည်။

အိမ်ခြေ ၄၀၀ နီးပါးရှိသည့် ရေမြက်ရွာမှ နေအိမ် ၆၀ ကျော် မီးလောင်ခဲ့သည်။ ဖျက်ဆီးခံရသည့် မော်တော်ယာဉ်များထဲတွင် ဆိုင်ကယ် ၃၀ ကျော်၊ ကုန်ကား၊ အိမ်စီးကား၊ ပရဟိတယာဉ်တစ်စီးစီ ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်တပ် တပ်စွဲခဲ့ချိန်အတွင်း မီးလောင်ကျွမ်းခဲ့သည့် စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ ရေမြက်ရွာ ပျက်စီးမှုများကို ဒီဇင်ဘာ ၂၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − ပေးပို့

ဒီဇင်ဘာ ၂၀ ရက် ရေမြက်ရွာသို့ ဝင်ရောက်စီးနင်းမှုကို စစ်ကောင်စီကလည်း နောက်တစ်ရက်တွင် သတင်းထုတ်ပြန်သည်။ PDF တို့  အစည်းအဝေးလုပ်နေကြောင်း သတင်းရ၍ တိုက်ခိုက်ခဲ့သည်ဟု အကြောင်းပြသော်လည်း ရဟတ်ယာဉ်နှင့် ပစ်ခတ်မှု၊ အရပ်သားသေဆုံးမှု၊ ရွာမှ ပစ္စည်းများ ပျက်စီးမှုတို့ကိုမူ ထုတ်ပြန်ချက်တွင် ထိမ်ချန်ထားသည်ဟု ရွာသားများက ပြောသည်။

ထိုဖြစ်စဉ်အပြီးတွင် ရေမြက်ရွာအနီးဝန်းကျင်ရှိ ဂွက်၊ နေပူကုန်း၊ ဥယျာဉ်၊ နတ်ကြီးကုန်း၊ ဆင်သေကုန်းအပါအဝင် ကျေးရွာ ၁၀ ရွာ နီးပါးမှ ဒေသခံ ငါးထောင်နီးပါး တိမ်းရှောင်နေရသည်ဟု အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။ သီးခြားအတည်မပြုနိုင်သေးပေ။

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် မကွေးတိုင်း ဂန့်ဂေါမြို့၊ နှမ်းခါးရွာ၊ စစ်ကိုင်းတိုင်း ကလေးမြို့ နတ်ချောင်းရွာ၊ ကျွန်းလှမြို့နယ် ကန်စွန်းအင်းရွာတို့ကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်တွေ့နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button