သတင်း

အသံတိတ်သပိတ်ကို စစ်ကောင်စီက ပုဒ်မကြီးများဖြင့် အလန့်တကြားခြိမ်းခြောက် 

တော်လှန်ရေးအင်အားစုများက စည်းရုံးဆော်ဩလျက်ရှိသည့် စစ်အာဏာသိမ်းတစ်နှစ်ပြည့် အသံတိတ်သပိတ်ကို စစ်ကောင်စီက ကြီးလေးသောပုဒ်မများဖြင့် အရေးယူမည်ဟု အလန့်တကြားခြိမ်းခြောက်နေသည်။ 

လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အသံတိတ်သပိတ် (Silent Strike) ဆင်နွှဲရန် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်အင်အားစုများ စုဖွဲ့ထားသည့် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ဇန်နဝါရီ ၂၂ ကတည်းက ဆော်ဩနေခြင်းဖြစ်သည်။ 

စစ်တပ်လက်ချက်ဖြင့် သေဆုံးခဲ့ရသူများနှင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို အောက်မေ့ဂုဏ်ပြုသောအားဖြင့် အပြင်မသွား၊ အလုပ်မသွား၊ ဈေးမသွားဘဲ အသံတိတ်သပိတ်တွင် တစ်နိုင်ငံလုံး ပါဝင်ဆင်နွှဲရန် GSCB က တိုက်တွန်းထားသည်။​

အသံတိတ်သပိတ်တွင် ပါဝင်ခြင်း၊ လှုံ့ဆော်ခြင်းများပြုလုပ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄ – က နှင့် ၅၀၅ – က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က) တို့ဖြင့် အရေးယူမည်ဟု စစ်ကောင်စီက ယမန်နေ့ ( ဇန်နဝါရီ ၂၅) တွင် သတိပေးထုတ်ပြန်သည်။​

လူထုလှုပ်ရှားမှုများအပေါ် လွန်စွာကြောက်ရွံ့နေသည့် စစ်ကောင်စီက တစ်ခုတည်းသော နည်းလမ်းအားဖြင့် လူထုကို ခြောက်လှန့်ခြင်း၊ ဖိနှိပ်ခြင်းသာ ဖြစ်သည်ဟု မန္တလေးမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတေဇာစန်းက Myanmar Now ကို ပြောသည်။

“ကြောက်တတ် လန့်တတ်ရင် ဒီတစ်နှစ်ဆိုတဲ့ တော်လှန်ရေးခရီးတောင် ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

စစ်တပ်က အာဏာသိမ်းခဲ့သော်လည်း ပြည်သူများကသာ အမှန်တကယ်အုပ်ချုပ်နေသည်ကို ပြသလို၍ ထိုသပိတ်တွင် လူထုပါဝင်ကြရန် တိုက်တွန်းခြင်းဖြစ်သည်ဟုလည်း ဒေါက်တာတေဇာစန်းက ပြောသည်။

“ကိုယ့်ပြည်သူကို ကိုယ်ယုံလို့ ဒီလိုတိုက်တွန်းရခြင်းဖြစ်တယ်ဗျ။ ဒီလိုမျိုး တစ်နိုင်ငံလုံးပါမှ အောင်မြင်မဲ့ လှုပ်ရှားမှုဆိုတာ ပြည်သူတွေရဲ့ တော်ရုံ နိုင်ငံရေးရေချိန်၊ စိတ်ဓာတ်နဲ့ မရပါဘူး” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ် မတ်လ ၂၄ နှင့် ဒီဇင်ဘာ ၁၀ တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသံပိတ်သပိတ်ပြုလုပ်ရာ ပြည်သူများ အပြည့်အဝပူးပေါင်းပါဝင်ခဲ့ကြပြီး အာဏာသိမ်းတစ်နှစ်ပြည့်တွင် ပြုလုပ်မည့် တတိယအကြိမ် သပိတ်ဆော်ဩခြင်းများကို စစ်ကောင်စီက ကြီးလေးသောပုဒ်မများဖြင့် အရေးယူမည်ဟု ကြိုတင်ထုတ်ပြန်လာသည်။​​

အသံတိတ်သပိတ်တွင် ပါဝင်ဆင်နွှဲရန် စည်းရုံးလှုံ့ဆော်ထားသည့် ပိုစတာ။

စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့် အကြမ်းဖက်ပုဒ်မ ၅၂ (က)၊ ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀) အထိ ချမှတ်နိုင်သည့် ပုဒ်မ ၁၂၄ – က အပြင် ထောင်ဒဏ် သုံးနှစ်မှ ငါးနှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မများဖြင့်ပါ အရေးယူမည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

ထို့ပြင် ပြစ်မှုနှင့်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဟုလည်း စစ်ကောင်စီက ခြိမ်းခြောက်သည်။​

သပိတ်မစခင်ကတည်းက ဖမ်းမည်ဟု ထုတ်ပြန်နေခြင်းက လူထုစုစည်းမှုအားကို ကြောက်ရွံ့ကြောင်း ပြသနေသည်ဟု မကွေးမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကော်မတီ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုချစ်ဝင်းမောင်က ပြောသည်။

“ကျွန်တော်တို့ လိုချင်တာ ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် ပြန်လည်ရရှိရေးပါ။ နောက်ဆုံး ပြည်သူက အာဏာပြန်ရတဲ့အထိ ကျွန်တော်တို့ ကဏ္ဍအသီးသီးကနေ ရုန်းကြဖို့ လိုပါတယ်” ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ်ကို ကြိုတင်တားဆီးမှုများလည်း ရှိနေပြီး ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့တွင် လာမည့်နှစ်ပတ်အတွင်း ဆိုင်မပိတ်ရန် ရဲနှင့် အုပ်ချုပ်ရေးဝန်ထမ်းများက ယနေ့ နံနက်ပိုင်းမှစ၍ လိုက်လံဖိအားပေးနေသည်ဟု မြို့ခံတစ်ဦးထံမှ သိရသည်။ 

“အဖွဲ့ ၃ ဖွဲ့ ခွဲပြီးတော့ ရပ်စောက်မြို့မှာရှိတဲ့ ဆိုင်တန်းတွေကိုပေါ့။ ရဲပါမယ်၊ အုပ်ချုပ်ရေးမှူးပါမယ်၊ စည်ပင်ပါတယ်။ သူတို့တွေ ဆိုင်တန်းတောက်လျှောက်ကို ခံဝန်လက်မှတ် လိုက်ထိုးခိုင်းနေတယ်။ တစ်ဖွဲ့ ၈ ယောက်လောက်ပါမယ်” ဟု ထိုသူက ပြောသည်။

“လကုန်နှစ်ပတ်ကို ဆိုင်မပိတ်ဖို့ ပြောတယ်။ တချို့က ပြန်မေးတော့ နှစ်ပတ်လုံး မပိတ်ပေးပါနဲ့တဲ့။ ဘာဖြစ်လို့လဲဆိုပြီး ဆိုင်ပိုင်ရှင်တချို့ ပြန်မေးတော့ ဘာမှမဖြစ်ပါဘူး ပြောတယ်” ဟု မျက်မြင်တွေ့ရှိသူ ထိုအမျိုးသားက ဆိုသည်။​

နည်းလမ်းပေါင်းစုံဖြင့် စစ်ကောင်စီကို တော်လှန်လာသည်မှာ တစ်နှစ်ရှိပြီဖြစ်ရာ လူထုအနေဖြင့် အသံတိတ်သပိတ်ကို ပါးပါးနပ်နပ် တုံ့ပြန်ကြရန် မန္တလေးသပိတ်အင်အားစု ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုသူရအောင်က တိုက်တွန်းသည်။

“ပါးနပ်မှုရှိရှိနဲ့ စစ်ကောင်စီကို တုံ့ပြန်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ဆိုင်ပိတ်မယ်ဆိုတဲ့အကြောင်းကို လိုင်း (လူမှုကွန်ရက်စာမျက်နှာ)ပေါ် သိပ်မတင်ကြပါနဲ့ပေါ့” ဟု ၎င်းက အကြံပြုသည်။​

အာဏာသိမ်းပြီးနောက်ပိုင်း လူထုအလွှာအသီးသီးက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပုံစံမျိုးစုံဖြင့် ဆန္ဒဖော်ထုတ်ခဲ့သည့်နည်းတူ တစ်နိုင်ငံလုံး ပါဝင်ဆင်နွှဲသည့် နည်းလမ်းမျိုးစုံဖြင့် သပိတ်များလည်း ပေါ်ထွက်ခဲ့သည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းယူပြီး တစ်နှစ်တာအတွင်း အရပ်သားပြည်သူ ၈,၇၈၈ ဦး ဖမ်းဆီးခံရပြီး ၁၄၉၃ ဦး သေဆုံးခဲ့ရပြီးဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button