
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက ၎င်းတို့၏ အဖွဲ့ဝင် ၇ ဦး ယနေ့ ( ဇန်နဝါရီ ၂၁) နံနက်တွင် ရွာမိဿာရွာအနီး ဖမ်းဆီးခံရပြီး ပစ်သတ်ခံရကြောင်း အတည်ပြုသည်။
“ကျွန်တော့်ရဲဘော် ၇ ယောက်ကျတယ်လို့ပဲ ပြောချင်တယ်။ ဘာမှတော့ မပြောချင်ဘူး” ဟု အဆိုပါ ခေါင်းဆောင်က ပြောသည်။
ဖမ်းဆီးပြီးနောက် အနီးကပ်ပစ်သတ်ခံရသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များမှာ ရေဦးမြို့မှ ၄ ဦး၊ ချမ်းသာရွာမှ ၂ ဦး၊ အင်ပက်ရွာမှ ၁ ဦး ဖြစ်သည်ဟု သိရသည်။
ရေဦးမြို့နယ် အဖွဲ့ဝင်တစ်ဦးကလည်း ချမ်းသာရွာတွင် ယမန်နေ့က ညအိပ်တပ်စွဲခဲ့သော စစ်ကောင်စီ တပ်သား ၄၀ ကျော်ပါ စစ်ကြောင်း ၃ မိုင်ခန့်အကွာရှိ ရွာမိဿာရွာသို့ ထွက်ခွာလာကြောင်း၊ ထိုလမ်းကြောင်းတွင် မိုင်းထောင်နေစဉ် တိုက်ခိုက်ခံရကြောင်း ပြောသည်။
“မထင်မှတ်ဘဲ ဖြစ်သွားတာဗျ။ လမ်းကြောင်းကို ပိုက်သွားထောင်တဲ့အချိန်မှာ နောက်စစ်ကြောင်းတစ်ကြောင်းက ရောက်လာပြီး နှစ်ဖက်ညှပ်မိသလိုဖြစ်ပြီး ကျွန်တော်တို့ ရဲဘော်တွေ ကျသွားတာ” ဟု သူက ဆက်ပြောသည်။
မိုင်းထောင်ရန် ပြင်ဆင်နေသူများထဲမှ ၂ ဦးသာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

နေ့ခင်းပိုင်းတွင် စစ်သားများ ပြန်လည်ထွက်ခွာသွားသောကြောင့် ဒေသကာကွယ်ရေးအဖွဲ့ဝင်များ ရွာအတွင်း ဝင်ရောက်ကြည့်ရှုခဲ့ရာ ရုပ်အလောင်းများ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“ဖမ်းမိပြီးမှ နှိပ်စက်ပြီးသတ်တာလို့ ပြောလို့ရတယ်။ အလောင်းအကုန်လုံးမှာ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေလည်း တွေ့တယ်။ သူတို့ကတော့ သတ်ပြီးတော့ အလောင်းကို မီးရှို့ပစ်ထားခဲ့တာ။ ကျွန်တော်တို့ ရောက်တော့ တစ်ယောက်ပဲ နည်းနည်းလောင်သေးတာ” ဟု အဖွဲ့ဝင်တစ်ဦးက ပြောသည်။
Myanmar Now က ကြည့်ရှုခဲ့သည့် ဓာတ်ပုံများတွင် လက်ပြန်ကြိုးတုပ်ခံထားရပြီး ဦးခေါင်းဒဏ်ရာ ရရှိထားသူတို့၏ ရုပ်အလောင်းများကို တွေ့ရသည်။ ရုပ်အလောင်းတစ်လောင်း မီးလောင်ထားသည်ကိုလည်း တွေ့ရှိရသည်။
ရေဦးမြို့နယ်မှ တော်လှန်ရေးသမားတစ်ဦးကလည်း လက်နက်အင်အား မမျှသဖြင့် ဒေသခံတို့ဘက်မှ ကျဆုံးသူများရခြင်းဖြစ်သည်ဟု ဆိုသည်။
“အခု သွားတဲ့သူတွေက ညှပ်ပစ်ခံရပြီး ထွက်လမ်းမရှိသလို ဖြစ်သွားတာ။ ပိတ်မိတဲ့သူတွေက လက်နက်မကောင်းလို့ ဒီလိုဖြစ်ရတာ။ မောင်းပြန်သေနတ်လောက်ပါရင်တောင် ပစ်ဆုတ်လို့ရတယ်” ဟု သူက ပြောသည်။
အွန်လိုင်းလူမှုကွန်ရက်သို့ ရောက်လာသည့် ဓာတ်ပုံများတွင် သေဆုံးသူများအနီး တစ်လုံးထိုးသေနတ်များ၊ လက်လုပ်သေနတ်များကို တွေ့ရပြီး ဆိုင်ကယ်များပါ မီးရှို့ခံထားရသည်။
အဆိုပါစစ်ကြောင်းသည် ယမန်နေ့က ချမ်းသာရွာသို့ စစ်ကြောင်းထိုးလာစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးခန့် သေဆုံးနိုင်ကြောင်း အထက်ပါ တော်လှန်ရေးသမားက ပြောသည်။
စစ်ကောင်စီတပ်သားတို့က ချမ်းသာရွာ ဘုန်းကြီးကျောင်းနှင့် ဘရင်ဂျီဘုရားရှိခိုးကျောင်းများကို နှစ်ဖွဲ့ခွဲကာ ညအိပ်တပ်စွဲခဲ့ပြီး မွှေနှောက်ဖျက်ဆီးခဲ့ကြောင်း၊ ရွာမိဿာရွာသို့ ထွက်ခွာစဉ် ရေဦးဘက်မှ စစ်ကူစစ်ကြောင်းပါ ရောက်ရှိလာခြင်းဖြစ်ပြီး နေ့ခင်းပိုင်းတွင် စစ်ရဟတ်ယာဉ်တစ်စီးပါ ပျံသန်းနေသည်ကို တွေ့ရကြောင်း အသက် ၃၀ ဝန်းကျင် ထိုအမျိုးသားက ဆက်ပြောသည်။
လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ရေဦးမြို့နယ်ကို စစ်ကောင်စီက အပြင်းအထန်ချေမှုန်းနေသည်။
ဒီဇင်ဘာ ၂၀ ကလည်း ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာကို ရဟတ်ယာဉ် ၅ စီး လာရောက်ပစ်ခတ်ခဲ့ပြီး ပြည်သူ ၇ ဦးထက်မနည်း သေဆုံးခဲ့သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။