
စစ်ကောင်စီက မန္တလေးတိုင်းလွှတ်တော် ငါန်းဇွန် ၂ မဲဆန္ဒနယ်မှ ဦးကျော်စိုးနိုင်ကို ဇန်နဝါရီ ၁၉ ညပိုင်းတွင် ဖမ်းဆီးလိုက်သည်ဟု စစ်ကိုင်းမြို့နယ် အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုဆိုင်ရာ သတင်းများဖြန့်နေသော အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။
ကား ၂ စီးနှင့် ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာ မတောင့်တရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ပိတ်ဆို့ဝင်ရောက်ကာ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(က) ဖြင့် ဝရမ်းထုတ်ခံထားရပြီး ရှောင်တိမ်းနေခဲ့သူ လွှတ်တော်အမတ်ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် မိတ်ဆွေတစ်ဦးကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ဦးကျော်စိုးနိုင်နှင့် အဆက်အသွယ်ပြတ်နေသည်ဟု ပြောသည်။
“ခုက အဆက်အသွယ်မရဘူး။ ဖုန်းက ဝင်တယ်၊ မကိုင်ဘူး။ ပုံမှန်ဆို မနက်တိုင်းက ကျွန်တော်နဲ့ ဖုန်းပြောနေကျ။ မနေ့က တစ်ရက်လုံး အဆက်အသွယ်မရခဲ့ဘူး” ဟု မိသားစုနီးစပ်သူ ထိုအမျိုးသားက ဆိုသည်။
ဦးကျော်စိုးနိုင်သည် ဇန်နဝါရီ ၁၈ တွင် ငါန်းဇွန်မြို့နယ်၏ NLD မြို့နယ်အလုပ်အမှုဆောင် ကိုမျိုးထက်ကျော် ဖမ်းဆီးခံရသည့် သတင်းကြောင့် လုံခြုံရေးကို ပိုမိုဂရုစိုက်ခဲ့သည်ဟု သူက ဆက်ပြောသည်။
“သူ(ကိုမျိုးထက်ကျော်) ဖမ်းဆီးခံရတယ်ကြားတော့ သိနေတဲ့နေရာကနေ ရှောင်ခဲ့တာ။ ဒါပေမဲ့လည်း ရှောင်နေရင်း ဖမ်းခံလိုက်ရတယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီ ဖမ်းဆီးပြီးလျှင် သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်တတ်သောကြောင့် လွှတ်တော်အမတ်အတွက် စိုးရိမ်မိသည်ဟု သူက ပြောသည်။
လွှတ်တော်အမတ် ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းမထုတ်ပြန်သေးသလို Myanmar Now အနေဖြင့် စစ်ကိုင်းနှင့် ငါန်းဇွန်ရဲစခန်းတို့ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
အသက် ၅၀ ဝန်းကျင်အရွယ် ဦးကျော်စိုးနိုင်၏နေအိမ်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် လအနည်းငယ်အကြာတွင် ၂ ကြိမ် ဝင်ရောက်စီးနင်းရှာဖွေခဲ့သောကြောင့် မိသားစုဝင်များ တကွဲတပြားစီ တိမ်းရှောင်နေခဲ့ရသည်ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။
၂၀၂၁ ဇွန် ၂၀ တွင် မြစ်သားမြို့နယ် ဘုန်းကြီးကျောင်းတစ်ကျောင်း၌ တိမ်းရှောင်နေသော ၎င်း၏ဇနီးနှင့် သားသမီးတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
ဇနီး ဒေါ်စုစုဌေး၊ သားဖြစ်သူ ၁၈ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား ကိုကောင်းမြတ်နိုင်၊ သမီးဖြစ်သူ ၁၄ နှစ်အရွယ် ရှစ်တန်းကျောင်းသူ မမေထူးနိုင်တို့ကို ထိုစဉ်က ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့သည်ဟု ဆက်ပြောသည်။
စစ်ကောင်စီက အာဏာသိမ်းမှု ဆန့်ကျင်သူတို့ကို ဖမ်းဆီး နှိပ်စက်လျက်ရှိရာ အနယ်နယ်အရပ်ရပ်ရှိ NLD ပါတီဝင်များ၊ ပါတီထောက်ခံသူများလည်း ထိုသို့ မတရားပြုခံနေရသည်။
ပြီးခဲ့သည့်ဒီဇင်ဘာ ၁၃ ကလည်း မန္တလေးမြို့နေ NLD ပါတီ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသဲထွေးမောင်နှင့် ဇနီးဖြစ်သူကို ဖမ်းဆီးခဲ့သည်။
နှစ်ရက်အကြာတွင် နှစ်ဦးစလုံးသေပြီဟူသော သတင်းစကားသာ မိသားစုထံ ရောက်လာပြီး အလောင်းပင် ပြန်မရသည့်ဖြစ်စဉ်ရှိခဲ့သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။