အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

AA ကို ထောက်ပံ့သည်ဆိုကာ နှစ်နှစ်နီးပါး အဖမ်းခံထားရသူများကို စတင်ရုံးထုတ်

ရက္ခိုင့်တပ်တော် (AA) ကို ရိက္ခာများထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် နှစ်နှစ်နီးပါး ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်ကျေးရွာသားငါးဦးကို ယမန်နေ့ (ဇန်နဝါရီ ၁၉) တွင် စတင်ရုံးထုတ်စစ်ဆေးသည်။

၂၀၂၀ ဧပြီလအတွင်းက ဖမ်းဆီးခံရသည့် ကျောက်ဆိပ်ရွာသားငါးဦးကို စစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မများဖြင့် ထိုနှစ် မေလအတွင်း တရားစွဲဆိုခဲ့ခြင်းဖြစ်ကာ စစ်တွေအကျဉ်းထောင်၌ ချုပ်နှောင်ခံထားရသည်။ 

ယမန်နေ့တွင် ကိုညီညီအောင်နှင့် ကိုမျိုးလင်းဦးတို့ကို စစ်ဆေးခဲ့ပြီး ကျန်သုံးဦးကို ဖေဖော်ဝါရီ ၂ တွင် စစ်ဆေးမည်ဟု ကျောက်ဆိပ်ရွာသားများဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးလှအောင်သိန်းက Myanmar Now ကို ပြောသည်။

“မနေ့က စွပ်စွဲခံရသူနှစ်ယောက်ကို စစ်ဆေးတယ်။ စစ်ဆေးတဲ့အချိန်မှာ သူတို့ကတော့ အပြစ်မရှိဘူးလို့ ပြောကြတယ်။ ထွက်ချက်တွေကတော့ အဲဒီလောက်ထိ ငြိစွန်းတာကတော့ မတွေ့ရပါ။ သက်သေတွေကိုတော့ မခေါ်ထားသေးဘူး“ ဟု ၎င်းက ပြောသည်။

၂၀၂၀ ဧပြီလဆန်းပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာ၌ စစ်တပ်က ဒေသခံ ၃၈ ဦးကို ဖမ်းဆီးကာ ၃၃ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်ငါးဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရနိုင်သည့် အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့သည်။ 

နှစ်နှစ်နီးပါးအကြာမှ စတင်စစ်ဆေးနိုင်ခြင်းမှာ ကိုဗစ်နိုင်တင်းကပ်ရောဂါကာလနှင့် လိုပြသက်သေ ပြောင်းရွှေ့သွားသောကြောင့်ဖြစ်သည်ဟု ကျောက်ဆိပ်ရွာသားများ၏ရှေ့နေ ဦးလှအောင်သိန်းက ပြောသည်။

“ဒီအမှု ကြန့်ကြာနေတာက တရားလိုဖြစ်သူက အဝေးတစ်နေရာသို့ ပြောင်းသွားတော့ မစစ်ဆေးနိုင် ဖြစ်နေတယ်။ ကော်မရှင်နာနဲ့ စစ်ဆေးခဲ့ရတယ်။ အဲဒီမှာ တစ်ဖြတ်ကြာခဲ့တာ ရှိတယ်။ နောက်ပြီးတော့ ဗိုင်းရပ်ကာလနဲ့ နှစ်ဖြတ်ကြာခဲ့တယ်” ဟု သူက ဆိုသည်။

ကျောက်ဆိပ်ရွာသားများကို ဖမ်းဆီးစဉ် စစ်ရေယာဉ်ပေါ်တွင် လက်ပြန်ကြိုးတုပ်ကာ မျက်နှာကို အဝတ်စည်းလျက် စစ်သားများက ရိုက်နှက်ကန်ကျောက်နေသည့် ရုပ်သံဖိုင်များ ပျံ့နှံ့ခဲ့သဖြင့် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။ 

ထို့နောက် အပြစ်ကျူးလွန်သူ တပ်မတော်သားများကို စစ်စည်းကမ်းဥပဒေနှင့်အညီ စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း စစ်တပ်က ထုတ်ပြန်ကြေညာခဲ့သည်။​

သို့သော် ကျောက်ဆိပ်ရွာသားငါးဦးမှာ  ရိုက်နှက်စစ်ဆေးခံရပြီးနောက် စစ်တွေအကျဉ်းထောင်ရောက်ကာ အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံရသော်လည်း စစ်သားများကို အမှန်တကယ်အရေးယူခြင်း ရှိမရှိ မသိရပေ။ 

စစ်တပ်က အာဏာသိမ်းယူပြီးနောက် AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ကာ ပတ်သက်ဆက်နွှယ်သည်ဆိုသော သံသယဖြင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးခြင်းရှိသော်လည်း ကျောက်ဆိပ်ရွာသားငါးဦးမှာမူ လွတ်မြောက်လာခြင်း မရှိဘဲ နှစ်နှစ်နီးပါးကြာမှ စတင်ရုံးထုတ်စစ်ဆေးသည်။ 

အမှုရင်ဆိုင်နေရသူ ကျောက်ဆိပ်ရွာသားငါးဦးအနက် ကိုညီညီအောင်၏ မိခင် ဒေါ်နီနီအေးက ရုံးချိန်းပေါင်းမြောက်မြားစွာ သွားလာနေရသဖြင့် ငွေကြေးကုန်ကျမှုများကာ စားဝတ်နေရေးပင် အခက်အခဲရှိလာသည့်အတွက် သားဖြစ်သူ၏ ရုံးချိန်းကို မသွားရောက်နိုင်ကြောင်း ဆိုသည်။

“အရင်တုန်းက ရုံးချိန်းတွေနဲ့ သားနေမကောင်းဖြစ်လို့ သူများဆီက ချေးငှားပြီး ဆေးတွေဝယ်ပေးခဲ့တာဆိုတော့ အခု အဲဒီအကြွေးတွေကို မုန့်ရောင်းပြီး ဆပ်နေရတယ်။ အဲဒါကြောင့် မနေ့က ရုံးချိန်းကို မရောက်နိုင်ခဲ့ဘူး။ ရုံးချိန်းလည်းမသွားခဲ့ရလို့ စိတ်အားငယ်မိပါတယ်” ဟု ၎င်းက ပြောသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button