သတင်း

နွားထိုးကြီးတွင် အဖမ်းခံရသည့် ၁၃ ဦးထဲမှ ၄ ဦး သေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လက်ပံရွာတွင် ဇန်နဝါရီ ၁၈ နံနက် ၁ နာရီခန့်က စစ်ကောင်စီတပ် ဖမ်းဆီးခဲ့သည့် ဒေသခံ ၁၃ ဦးထဲမှ အမျိုးသား ၄ ဦး စစ်ကြောရေးတွင် သေဆုံးသွားသည်ဟု မိသားစုဝင်များကို ကိုးကား၍ ဒေသခံတစ်ဦးက ပြောသည်။ 

ယနေ့ (ဇန်နဝါရီ ၁၉) တွင် အသက် ၄၀ ဝန်းကျင် တောင်သူများဖြစ်သော ကိုဖိုးကြီး (ခေါ်) ကိုမြတ်မိုး၊ ကိုကျော်မျိုးဝင်း၊ ကိုဖိုးထော်နှင့် ၂၇ နှစ်ဝန်းကျင် ကိုမျိုးမင်းထက်တို့ သေဆုံးကြောင်း မိသားစုဝင်များထံ စစ်ကောင်စီက အကြောင်းကြားခဲ့သည်ဟု သိရသည်။

“မိသားစုဝင်တွေဆီက (သေဆုံးပြီဆိုတာကို) ပြန်ကြားတာ။ ကျွန်တော်တို့က လိုက်ကြည့်လို့ မရဘူး။ ရောဂါကြောင့်တော့ မဟုတ်ဘူး။ အသက်တွေကလည်း သေနိုင်လောက်တဲ့ အသက်လည်း မဟုတ်ဘူး” ဟု အသက် ၆၀ အရွယ် တောင်ယာလုပ်ကိုင်သည့် လက်ပံရွာသား အမျိုးသားတစ်ဦးက ပြောသည်။  

“တောသူတောင်သားဆိုတော့ သန်သန်မာမာတွေချည်းပဲ။ အကုန်လုံးက ယောက်ျားလေးတွေချည်းပဲ”

ဖမ်းဆီးသွားပြီး ၂၄ နာရီ ပြည့်တော့မည့်အချိန်တွင် ကိုမြတ်မိုး သေဆုံးကြောင်း၊ ပထမဆုံးသေဆုံးသူဖြစ်သည်ဟု သိရကြောင်း ၎င်းက ဆိုသည်။  

“ဘာလို့လဲဆို လက်လွန်သွားလို့ ပြောတယ်တဲ့။ အလောင်းလာယူလှည့်ပါဆိုပြီး သွားယူလည်း အယူမခံဘူး” ဟု ထိုရွာသားက ပြောပြသည်။ 

“ကျော်မိုးဝင်းလည်း (စစ်ကြောရေးမှာ) အခြေအနေသိပ်မကောင်းဘူးတဲ့။ လက်လွန်တဲ့ထဲမှာ ပါတယ်တဲ့။ အသက်တော့ မသေသေးဘူးတဲ့။ (နောက်တော့) သူလည်း သေသွားတာပဲ”

မိသားစုဝင်များအနေဖြင့် ကိုမြတ်မိုး၏ရုပ်အလောင်းကို ရွာသို့ သယ်ယူသင်္ဂြိုဟ်ခွင့်၊ ဓာတ်ပုံရိုက်ခွင့် မရရှိဘဲ ကြည့်ရှုခွင့်သာ ရသည်ဟု အထက်ပါဒေသခံက ဆိုသည်။  

ကျန် ၃ ဦး၏ ရုပ်အလောင်းများမှာ သင်္ဂြိုဟ်ရသေးခြင်း မရှိသော်လည်း အခြေအနေမှာ ကိုမြတ်မိုး၏ ရုပ်အလောင်းကဲ့သို့ ရွာသို့ သယ်ယူခွင့်၊ ဓာတ်ပုံရိုက်ခွင့် ပိတ်ပင်ခံထားရဖွယ်ရှိသည်ဟု သိရသည်။

သေဆုံးသူများဖြစ်သော ကိုမြတ်မိုးတွင် အသက် ၂၀ နှစ်အရွယ် သားတစ်ဦး၊ ကိုဖိုးထော်မှာ အသက် ၁၆ နှစ်အရွယ် သမီးနှင့် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ကျန်ရစ်သည်။

ကျန် ၂ ဦးမှာ လူလွတ်များဖြစ်သည်ဟု ဆိုသည်။

၎င်းတို့၏ မိသားစုဝင်များမှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များရန်ကို ကြောက်ရွံ့သဖြင့် သတင်းဌာနကို ဖြေကြားလိုခြင်း မရှိပေ။ 

ရွာသားများ ဖမ်းဆီးခံရမှု၊ စစ်ကြောမေးမြန်းစဉ် သေဆုံးမှုတို့နှင့် ပတ်သက်ပြီး Myanmar Now က နွားထိုးကြီးမြို့မရဲစခန်းကို မေးမြန်းရန်၊ အတည်ပြုချက် ရယူရန် ယနေ့ ညနေပိုင်းက ကြိုးပမ်းသော်လည်း ဖုန်းဖြေဆိုခြင်း မရှိပေ ။ 

ရွာသားများကို ဖမ်းဆီးနှိပ်စက်မှုမှာ လွန်ခဲ့သည့်နှစ်လက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစိန်စော လုပ်ကြံခံရသည့်ကိစ္စနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းလိုခြင်းကြောင့် ဖြစ်နိုင်သည်ဟု အထက်ပါ အမျိုးသားက ပြောသည်။

 ဦးစိန်စော၏ ဆွေမျိုးထဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ အရာရှိတစ်ဦးပါဝင်သည်ဟု သိရကြောင်း သူက ဆက်ပြောသည်။ 

ဦးစိန်စော လုပ်ကြံခံရစဉ်က ဒေသခံများ စစ်ကောင်စီတပ်၏ရန်ကြောင့် ထွက်ပြေး တိမ်းရှောင်နေကြသော်လည်း နှစ်လကြာပြီဖြစ်၍ ရွာတွင် ပြန်လည်နေထိုင်စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ဖမ်းဆီးခံရသူထဲတွင် အသက် ၇၀ အရွယ် ဦးခင်မောင်သန်း၊ အထက်တန်းကျောင်းသားများဘော်ဒါဆောင်မှ အသက် ၄၀ ဝန်းကျင် ဆရာအောင်ကိုလင်း၊ ၄၅ နှစ်ဝန်းကျင် ဆရာ ဦးတိုးတင့်၊ လက်ထောက် ကိုကျော်စိုးမိုး၊ အသက် ၄၀ အရွယ် ဒေါ်ငွေသန်း ၊ ၃၅ နှစ်အရွယ် ဒေါ်မူမူဝင်းနှင့် ဒေါ်မာမာအေးတို့လည်း ပါဝင်သည်ဟု ဒေသခံ ၃ ဦးထံမှ သိရသည်။ 

အာဏာသိမ်းမှု ဆန့်ကျင်သော ပြည်သူများ ဖမ်းဆီးသတ်ဖြတ်ခံရချိန်တွင် နိုင်ငံအနှံ့အပြားရှိ ဒေသခံများက ရရာလက်နက်စွဲ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်တိုက်ခိုက်နေကြသည်။

စစ်ကောင်စီထံ သတင်းပေးသည်ဟု ယူဆခံရသူများလည်း ရှင်းလင်းသုတ်သင်ခံရသည်။ 

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ဒလန်ဟု ယူဆခံရသူများ သုတ်သင်ခံရတိုင်း အဆိုပါဒေသရှိ ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီး သတ်ဖြတ်ကြသည်။ 

တောင်သာမြို့နယ်၊ ဘုရားလှကျေးရွာနေထိုင်သူ NLD ထောက်ခံသူဟု ဒေသခံများက သိသော အသက် ၄၃ နှစ်အရွယ် ဦးမိုးဆိုသူမှာလည်း ၂၀၂၁ ၊ စက်တင်ဘာတွင် စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်းခံရသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ ဇန်နဝါရီ ၁၉ မှတ်တမ်းတွင် ပြည်သူ ၁၄၈၄ ဦးထက်မနည်း စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးရသည်ဟု ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီက ထိုအချက်အလက်ကို ငြင်းလေ့ရှိသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button