
မြစ်ကြီးနား – ဒေါက်တာမနာမ်တူးဂျာသည် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ၂ဝဝ၉ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်ခဲ့သည့် လူသိများသော ကချင်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးအတွက် ကျင်းပသည့် အမျိုးသားညီလာခံသို့ တက်ရောက်သော KIO ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။
အသက် ၇ဝ အရွယ် ဒေါက်တာတူးဂျာသည် ကချင်လွတ်လပ်ရေးတပ်ဖွဲ့၏ နိုင်ငံရေးအဖွဲ့ KIO တွင် ၃၄နှစ် တာဝန်ထမ်းခဲ့သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ ပါတီတည်ထောင်ရေး ကြိုးပမ်းသော်လည်း KIO နှင့် ဆက်နွှယ်ခဲ့သော သူ့ကို တပ်မတော်အစိုးရအဖွဲ့၏ ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုခြင်းမရှိပေ။
၂ဝ၁၅ တွင် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ တည်ထောင်ကာ မဲဆန္ဒနယ် ၅၅ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ၄ နေရာ နိုင်ခဲ့သည်။ ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြည်နယ်လွှတ်တော်အတွက် မြစ်ကြီးနားတွင် ယှဉ်ပြိုင်ရာ အရွေးခံရခြင်း မရှိပါ။
ဤရွေးကောက်ပွဲ၏ရလဒ်က တိုင်းရင်းသားပါတီများအပေါ် မည်သို့သက်ရောက်မည်၊ ငြိမ်းချမ်းရေးလမ်းစဉ်၏ အနာဂတ်၊ ကချင်ပြည်နယ်တွင်တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေခြင်း စသည့် အကြောင်းအရာတို့ကို ဒေါက်တာတူးဂျာ၏ မြစ်ကြီးနားနေအိမ်တွင် Myanmar Now သတင်းဌာန၏သတင်းထောက်ချုပ် သင်းလဲ့ဝင်းက တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး – နိုဝင်ဘာလ ရွေးကောက်ပွဲရဲ့ရလဒ်ကို ဒေါက်တာတူးဂျာ ဘယ်လိုသုံးသပ်မိသလဲ။
ဖြေ – တစ်နိုင်ငံလုံး အတိုင်းအတာဆောင်ပြီးတော့ အပြောင်းအလဲလုပ်ပေးနိုင်မယ့်ပါတီ ရွေးတဲ့အခါ ဒေါင်းပဲရှိတယ်၊ ဒေါ်အောင်ဆန်းစုကြည်ပဲရှိတယ်။ အဲဒါကို အားလုံးကဝိုင်းပြီးတော့ မဲပေးလိုက်ကြတာပေါ့ဗျာ။
ကျွန်တော်တို့နိုင်ငံက ဖက်ဒရယ်ကို ဦးတည်နေတာ၊ အခု သမ္မတရဲ့လွတ်လပ်ရေးနေ့မိန့်ခွန်းမှာလည်း ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အထဲမှာလည်း ပါတယ်။ ဘယ်လိုပုံစံဖက်ဒရယ်လဲ ဆိုတာပဲ ရှိတယ်။ ဖက်ဒရယ်ရဲ့ အဓိပ္ပာယ်အောက်မှာ ဘာရှိလဲဆိုတော့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တန်းတူအခွင့်အရေး၊ အာဏာခွဲဝေရေး၊ သယံဇာတခွဲဝေရေးတွေ ရှိတာပေါ့။ အဲဒီပုံစံမျိုးနဲ့ သွားမယ်ဆိုရင် ပြည်နယ်သားတွေက မိမိပြည်နယ်ကို ဦးစီးရမှာပေါ့နော်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်၊ ငြိမ်းချမ်းရေးက ပထမဦးစားပေးပေါ့၊ ပြီးလို့ရှိရင် ဖက်ဒရယ်။ အခုသူက အာဏာကို သိမ်းကျုံးပြီး ယူထားတဲ့နောက် အသားကျလာတဲ့အခါ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်ကို ခွဲဝေဖို့ သူလက်ခံသွားမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်။ ဒါ့ကြောင့် လေးငါးနှစ်ကတော့ အသွင်ကူးပြောင်းရေးပုံစံနဲ့ပဲ သွားရမှာပေါ့။
NLD ကို ကျွန်တော်တို့က နေရာပေးပါတယ်။ NLD ကလည်း နားလည်ဖို့က အစိုးရ ဖွဲ့ပြီး လုပ်ဆောင်တဲ့အခါ ပြည်နယ်ပါတီတွေ၊ ပြည်နယ်သားတွေထဲက အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေကို ပစ်မထားရဘူး။ NLD ဦးဆောင်ပြီးတော့မှ တောင့်တင်းခိုင်မာတဲ့ အရည်အချင်းရှိတဲ့ အစိုးရဖွဲ့စည်းဖို့၊ ဒါ အဓိကပဲ။
မေး – ကချင်ခေါင်းဆောင်တွေအနေနဲ့ NLD နဲ့ရော အဆက်အသွယ် ရှိလား။ ဆွေးနွေးဖို့ ပြင်ဆင်ထားတာ ရှိလား။
ဖြေ – သူတို့က အလုပ်အရမ်းများနေတယ်။ သူတို့လည်း ပြောပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေပေါ့နော်၊ တိုင်းရင်းသားပါတီတွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်ဖို့ရှိတယ်၊ အစိုးရဖွဲ့တဲ့နေရာမှာလည်း အခြားပါတီ တွေကိုလည်း ထည့်သွားဖို့ရှိတယ်ဆိုတာ ပြောနေပါတယ်။ လက်တွေ့မှာတော့ တွေ့ဆုံတာ မရှိသေးဘူး။ ရွေးကောက်ပွဲရလဒ် အနေအထားအရဆိုရင် လွှတ်တော်တွေကို တိုင်းရင်းသားကိုယ်စားလှယ် ရောက်တာ အရမ်းနည်းတယ်။ NLD ကနေ ရောက်သွားတဲ့ တိုင်းရင်းသားကိုယ်စားလှယ် ရှိတယ်။ ဒါပေမဲ့ တိုင်းရင်းသားပါတီက ပုဂ္ဂိုလ်မျိုးကို လွှတ်တော်ထဲ များများ ရောက်စေချင်တယ်။ ရခိုင်နဲ့ ရှမ်းကလွဲရင် ကျန်တာကတော့ တော်တော်အားနည်းတယ်။ တိုင်းရင်းသား အရေးကို အမှန်တကယ် ဆွေးနွေးတဲ့အခါ အားနည်းချက်တွေ အများကြီး ရှိနိုင်တယ်။ တိုင်းရင်းသားအရေးဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အဓိကကျတဲ့ အရေးတစ်ခု။ တိုင်းရင်းသားအရေးကို တကယ် ထိထိရောက်ရောက် တိုင်ပင်ဆွေးနွေး အဖြေရှာနိုင်မှ ငြိမ်းချမ်းရေးရနိုင်မှာ။
မေး – ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကရော ဘယ်လောက် အရေးကြီးပါသလဲရှင့်။
ဖြေ – ညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း၊ နိုင်ငံရေးပါတီများ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားကိုယ်စားလှယ်၊ ပညာရှင်တွေ ပါတယ်ဆိုတော့ တချို့က တင်စားပြီးခေါ်တာက ဒါက ဒုတိယ ပင်လုံညီ လာခံပေါ့။ အခု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းက NCA (တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူစာချုပ်) လက်မှတ်ထိုးတာ ၈ ဖွဲ့ပဲရှိတယ်။ အခု ၁၃ ဖွဲ့လောက် ကျန်သေးတယ်။ အဲဒီ ၁၃ ဖွဲ့က NLD အစိုးရ နဲ့ တွေ့ဆုံဆွေးနွေး ပြီးNCA ကို လက်မှတ်ထိုးပြီးတော့မှ ညီလာခံတက်ရမှာ။ တိုင်းရင်းသား အားလုံး တက်သင့်တက်ထိုက်တဲ့၊ ပါသင့်ပါ ထိုက်တဲ့ ပုဂ္ဂိုလ်တွေအားလုံး ပါဝင်တက်ရောက်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဟာ အသက်ရှင်အောင်မြင်လာ ပြီဆိုရင် အားလုံး ပြေလည်သွားမယ်။
မေး – ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေက တော်တော်လေးများတော့ မဲတွေကွဲတာကြောင့် ရှုံးတာလား။ NLD နဲ့ ပြည်ခိုင်ဖြိုး နှစ်ခုတည်းကိုပဲ ကြည့်ပြီးတော့ မဲပေးတဲ့ဟာမျိုး ဖြစ်သွားတာလား။
ဖြေ – ဒါလည်းမှန်တယ်။ ရခိုင်၊ ရှမ်း၊ ပအို့်ဝ်၊ ပလောင်တို့နဲ့ မတူတာက ကချင်မှာ ပါတီကွဲတာလည်း ပါတယ်။ နောက် ဘာသာကွဲတာလည်း ပါတယ်။ တချို့က ဘက်လိုက်တယ်၊ ကိုယ့်ဘာသာမှ။ ပါတီကွဲ၊ ဘာသာကွဲ ခေါင်းထဲမစွဲပါနဲ့၊ ဘယ်သူပဲဖြစ်ဖြစ် အရည်အချင်းပြည့်သူတွေထည့်ပါလို့ ကျွန်တော် ဘယ်လောက်ပဲ ဟောပြော ဟောပြော၊ ဘယ်လောက်ပဲ ပညာပေး၊ ပညာပေး တချို့က လက်မခံဘူး၊ မရဘူး။ ၂ဝ၂ဝ မှာ ဒီဟာ ပြင်ရမယ်။ (ကချင်) ပါတီတွေလည်း စုစည်းနိုင်ဖို့လိုတယ်။ ဘာသာ(ရေး) ဘက်မလိုက်အောင်လည်း ပြောရမယ်။
မေး – ၂ဝ၁၅ နဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတွေ ဘယ်လိုကွဲပြားသလဲ။ ၂ဝ၁ဝ တုန်းက ဒေါက်တာတူးဂျာတို့ ပါတီထောင်ဖို့ မှတ်ပုံတင်ခွင့် မရခဲ့ဘူးနော်။
ဖြေ – KIO က နယ်ခြားစောင့်တပ် (အသွင်ပြောင်းဖွဲ့စည်းရေး) လက်ခံရင် (ပါတီမှတ်ပုံတင်ခွင့်) ပေးမယ်လို့ပြောတယ်။ ပေးရင်တော့ ကျွန်တော်တို့က နိုင်ပြီးသား။ (ယခင် စစ်အစိုးရမှာ) မမြင်သာတဲ့ အကြောင်းပြချက်က ဘာလဲဆိုရင် ကျွန်တော်တို့က အားလုံးသိမ်းကျုံးပြီးယူသွားမှာ စိုးတာ။ မြင်သာတဲ့အကြောင်းပြချက်ကတော့ နယ်ခြားစောင့်တပ်ပေါ့။
မေး – ၂ဝ၁၅ မှာ ဘာကြောင့် ပြောင်းသွားတယ်လို့ ထင်ပါသလဲ။
ဖြေ – ပြည်ခိုင်ဖြိုးက၂ဝ၁ဝ မှာ နိုင်သွားပြီလေ။ ဦးဆောင်ပါတီလည်း လုပ်ပြီလေ။ နောက်ပြီး ဒီမိုကရေစီကလည်း ပျံ့နှံ့လာတာပေါ့၊ သမ္မတ ဦးသိန်းစိန်ကလည်း ဒီမိုကရေစီအခွင့်အရေးကို ပိုပြီး ပေးလာတာပေါ့။ ပါတီစုံအဆင့်မှာ စည်းမျဉ်းစည်းကမ်း အားလုံးလိုက်နာရင်၊ အဲဒီအချက်အလက်နဲ့ ပြည့်စုံရင် မှတ်ပုံတင်ပေးတာပဲ။ နယ်ခြားစောင့်တပ် ဘာညာ မပြောတော့ဘူး။ ကျွန်တော်တို့က သူတို့ စည်းမျဉ်းစည်းကမ်းအတိုင်း ဖြစ်တဲ့အခါကျတော့ မပေးလို့ မရတော့ဘူး။
မေး – ကချင်ပြည်နယ်အတွက် အကြီးမားဆုံးသော အခက်အခဲတွေက ဘာတွေလို့ပြောမလဲရှင့်။
ဖြေ – အခက်အခဲကတော့ တိုက်ပွဲပါပဲ။ ဒီ တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကလည်း အနှောင့်အယှက်ဖြစ်တယ်။ နောက် IDP ကလည်း များလာတယ်။ IDP တွေကို သူ့နေရာပြန်ပို့ဖို့ကလည်း တိုက်ပွဲကြောင့် အခက်အခဲရှိတယ်။ ဒေသတည်ငြိမ်ရေး မရှိတော့ ဘာပဲလုပ်လုပ် သိပ်မအောင်မြင်နိုင်ဘူး။ ဒါကြောင့် NCA လက်မှတ်ရေးထိုးပြီးတော့မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အောင်အောင်မြင်မြင် ကျင်းပသွားနိုင်ဖို့ အဓိကပါပဲ။ တိုက်ပွဲတွေ ရပ်ရမယ်။
မေး – တိုက်ပွဲတွေ မရပ်ဘူး၊ NCA မှာ KIO လက်မှတ်မထိုးဘူး ဆိုတဲ့အတွက် KIO က အလျှော့အတင်း မလုပ်လိုတဲ့သဘော ဝေဖန်ခံရတာကို ဘယ်လို သုံးသပ်သဲ။
ဖြေ – လက်မှတ်ထိုးရေးကို အခိုင်အမာလုပ်ဖို့က (၂၀၁၅) စက်တင်ဘာ ၉ နေပြည်တော်မှာ တွေ့တဲ့ နေရာမှာ သမ္မတနဲ့ တပ်ချုပ်တော့ ပါရမှာပေါ့။ ပြီးတော့ (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့) ဥက္ကဋ္ဌတွေ မလာနိုင်လည်း ဒုဥက္ကဋ္ဌပေါ့။ တစ်အချက် အစာမကြေဖြစ်သွားတာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခရီးထွက်သွားတယ်။ အဲဒါလည်း နောက်ပိုင်းမှာ ဦးအောင်မင်းတို့ပဲ ပြန်ရှင်းတာက တပ်ချုပ် ခရီးစဉ်က စီစဉ်ပြီးသားဖြစ်သွားတယ် လို့ အကြောင်းပြတယ်။ ဟိုဘက်က ခံစားမှုကတော့ သူတို့ကို မကြိုဆိုတဲ့ သဘောပေါ့။ တပ်က မပါတဲ့သဘော ဖြစ်သွားတာပေါ့။ နောက်တစ်ချက်က တိုင်းရင်းသားဘက်ကတော့ (အဖွဲ့) ကြီးတာသေးတာ မခွဲခြားနဲ့၊ အဖွဲ့အားလုံး တစ်ပြိုင်နက် လက်မှတ်ထိုးမယ်။ ဒီဘက်ကကျတော့ အကြီးတွေပဲ လက်မှတ်ထိုးမှာ၊ အသေးတွေ ချန်ထားမယ်။ ဒါ ဒုတိယ ကွဲလွဲချက်ပေါ့။ တတိယကတော့ တိုက်ပွဲကို ရပ်ပါ ဆိုပြီးတော့ ဟိုဘက်ကတောင်းတယ်၊ ဒီဘက်က မရပ်ဘူး။ ပွင့်ပွင့်လင်းလင်းပြောတာပါ၊ ဘယ်သူ့ကိုမှ အပြစ်တင်ပြီး ပြောတာမဟုတ်ဘူး။ တစ်နေ့နေ့ အားလုံးပါဝင်လာနိုင်တဲ့ အနေအထား ရောက်လာရင် သူတို့ထိုးမှာပေါ့။ ဒေါ်စုလက်ထက်ကျရင် အားလုံး လက်မှတ်ရေးထိုးနိုင်အောင် ဖိတ်ခေါ်ဆွေးနွေးမှာပါ။
မေး – ၂ဝ၁၁ ကချင်ဒေသမှာ စစ်ပွဲပြန်ဖြစ်တယ်ဆိုတာ တွေ့ဆုံဆွေးနွေးမှု အဆင်မပြေလို့လား။
ဖြေ – KIO က ၁၉၉၄ မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးတာ နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လုပ်သွားမယ်ဆိုတဲ့ အာမခံချက်နဲ့။ တပ်မတော်အစိုးရကလည်း ဒါကို လက်ခံပေမဲ့ နောက်ပိုင်းကျတော့ အရပ်သားအစိုးရ တက်လာတဲ့ အခါမှ ဆွေးနွေးမယ်ဆိုပြီး နိုင်ငံရေးဆွေးနွေးပွဲ ဖွင့်မပေးဘူး။ ဒါနဲ့ အချိန်က ၁၇ နှစ်လောက် ကြာသွားတယ်။ ဘယ်လိုအခြေအနေမျိုး ပြန်ပေါက်လာသလဲဆိုရင် နယ်ခြားစောင့်တပ်ပေါ့။ KIO က နိုင်ငံရေးအဖြေရအောင် အရင်ဆွေးနွေး မယ်၊ အစိုးရဘက်ကျတော့ တပ် အသွင်ကူးပြောင်းရေးကို အဓိကထားတယ်။ အဲဒါနဲ့ သဘောထားကွဲလွဲသွားတယ်။ နောက်ဆုံးတော့ ၂ဝ၁၁ မှာ တိုက်ပွဲပြန်စတာပေါ့။
မေး – နှစ်ဖက်ယုံကြည်မှု ပိုပြီးတော့ မြင့်တက်လာအောင် ဘာတွေလုပ်ဖို့ လိုသလဲ။
ဖြေ – ပထမက သမ္မတကြီးက နယ်မြေအလိုက်ပေါ့နော် သီးခြား ဆွေးနွေးမယ်ပေါ့၊ ဟိုဘက်ကကျတော့ တပ်ပေါင်းစုနဲ့မှ ဆွေးနွေးမယ်။ နောက်ဆုံး အစိုးရက လက်ခံလိုက်တယ်။ အဲဒီမှာ ယုံကြည်မှု စပြီးတော့ ရသွားတာက သမ္မတကြီးက သူ့ရဲ့ပေါ်လစီက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ ဥစ္စာ၊ ဒါကို လက်ခံလိုက်တယ်။ အရင် ဘယ်အစိုးရကမှ လက်မခံဘူး။ အဲဒါကတော့ ပထမအဆင့် ယုံကြည်မှု တည်ဆောက်ရေးလို့ ပြောလို့ရတယ်။ အချင်းချင်း ယုံကြည်မှုက ပိုပြီး များလာတာပေါ့။ နီးတော့မှ ဒီအကြောင်းတွေကြောင့် လက်မှတ်မထိုးဖြစ်ဘူး။ အိမ်ဆောက်ပြီး အိမ်သစ်တက်ဖို့ လိုတော့မှ ပြန်ဖြိုချလိုက်သလို ဖြစ်တယ်၊ ဟိုဘက်ကလည်း မလျှော့၊ ဒီဘက်ကလည်းမလျှော့နဲ့၊ ဒါ သင်ခန်းစာယူရမှာ။ အစိုးရကလည်း တော်တော်လေး ကြိုးစားလုပ်နေတယ်၊ သူ အာဏာမလွှဲခင်ပေါ့နော်။ NLD နဲ့လည်း နားလည်မှု ယူပါတယ်။ ဒါတွေ ကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေးတည်ဆောက်တဲ့အပိုင်းမှာတော့ အခြေအနေ ကောင်းလာဖို့ ရှိပါတယ်။ ယုံကြည်မှုလည်း ပိုပြီးတော့ တည်ဆောက်လာနိုင်ဖို့ ရှိပါတယ်။
မေး – ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ အမျိုးသမီးတွေ ပါဝင်မှု အားနည်းတယ် ဆိုတဲ့ အချက်ကို ဘယ်လိုမြင်လဲ။
ဖြေ – ပါရမှာပဲ။ ကျွန်တော်တို့ပါတီက အမျိုးသမီးကို ဦးစားပေးတယ်။ အမျိုးသမီးကို နှိမ်ထားတာတော့ မရှိဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ အခုမှ စလာတာဖြစ်တော့ အမျိုးသမီးတွေ ကိုယ်၌က စိတ်ဝင်စားမှု လျော့တာလား၊ အရည်အချင်းပိုင်းမှာ အားနည်းတာလားပေါ့။ ပါဝင်မှုက တစ်နေ့တခြား ပိုပြီးတော့ များလာပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာရော၊ လွှတ်တော်မှာရော ပါရမယ်။ အမျိုးသမီးတွေက မူဘောင်ဆွဲတဲ့အခါမှာ ၃ဝ ရာခိုင်နှုန်းပေးပါလို့ ပြောတယ်။ ကျွန်တော်ကတောင် ပြောလိုက်သေးတယ်၊ အနည်းဆုံး ၃ဝ ဆိုရင် ပိုကောင်းတယ်လို့၊ မဟုတ်ရင် ၃ဝ ထက် မကျော်ရဘူးလို့ ထင်သွားနိုင်တယ်။
မေး – သယံဇာတတူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်က တော်တော်လေး ဆိုးဆိုးရွား ရွားခံနေရတယ်။ ဒါကို ဘယ်လိုလုပ်သင့်သလဲ။
ဖြေ – သယံဇာတ ခွဲဝေရေး၊ အာဏာခွဲဝေရေးက အင်မတန် အရေးကြီးတယ်လေ။ ဒီမှာ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်အာဏာက အဓိကပဲ။ အခုကတော့ ဗဟိုချုပ်ကိုင်မှုနဲ့ပဲ။ တရားဥပဒေ စိုးမိုးရေး အားနည်းတဲ့ အခါကျတော့ ဖြစ်ချင်တိုင်းဖြစ်နေတာ။ ကချင်ပြည်နယ်က သယံဇာတတွေရဲ့ပိုင်ရှင်တွေက ပြည်သူတွေပါ။ ပြည်သူတွေ အကျိုးမခံစားရဘဲနဲ့ ကိုယ်ကျိုးသမားတွေက အာဏာပိုင်တွေနဲ့ လုပ်စားပြီးတော့မှ ကုန်ခါနီးနေပြီ။ ကချင်ပြည်နယ်က ပြည်နယ်ကတော့ ချမ်းသာတယ်၊ ပြည်သူတွေ ဆင်းရဲတယ်။ ဒါကဘာလဲဆိုရင် စနစ်က မကောင်းလို့ပဲ။
မေး။ ။ ကချင်ဒေသအပါအဝင် မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ ဘယ်လောက် အချိန်ယူရဦးမယ်လို့ ယူဆသလဲ။
ဖြေ။ ။ မြန်မြန်ဆန်ဆန် ဖြစ်မယ်လို့ မထင်ဘူး။ အနိမ့်ဆုံး ငါးနှစ်ဆယ်နှစ်ပေါ့။ အခု (ငြိမ်းချမ်းရေး) ညီလာခံတောင်မှ လေးနှစ်ငါးနှစ်ကြာမှ အဖြေက ထွက်တာ။ သတ်မှတ်ထားတဲ့အတိုင်း ဆိုရင် လေးလ တစ်ကြိမ် ဆိုတော့ ခေါင်းစဉ်တွေ အများကြီးပေါ့။ ၂ဝ၂ဝ မှာတောင်မှ ရချင်မှရမှာ။ ပထမတော့ ငါးနှစ်၊ ဆယ်နှစ်ကြာမယ်လို့ပြောရင် အချိန်ဆွဲတယ်လို့ ထင်တာ။ ဆန္ဒစောတယ်လေ။ ဒါပေမဲ့ အခုကြည့်တော့ ဒီလိုပါပဲ။ ကျွန်တော်တို့နိုင်ငံက ပါတီစုံဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် အကောင်အထည်ဖော် သွားဖို့လိုတယ်။ အဲဒီ ပါတီစုံက အပြုသဘောဆောင်ဖို့ လိုတယ်။ အဖျက်သဘောဆောင်ရင် တိုင်းပြည်ပျက်မှာပဲ။ ကိုယ်နဲ့ ပါတီမတူ ကိုယ့်ရန်သူလို့ သဘောမထားရဘူး။ အပြုသဘောနဲ့ပဲ သွားကြမယ် ဆိုရင်တော့ ကျွန်တော်တို့တိုင်းပြည်ဟာ မအေးချမ်းစရာ အကြောင်းမရှိဘူး။ ။