သတင်း

ဂန့်ဂေါရှိ စန်းမြို့ရွာကို စစ်တပ်က မီးထပ်ရှို့၊ အိမ် ၁၀၀ ကျော်မီးလောင်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် စန်းမြို့ရွာတွင် ယမန်နေ့ (ဇန်နဝါရီ ၁၈) ၌ ထပ်မံစီးနင်းဝင်ရောက်လာသည့် စစ်တပ်က မီးရှို့သဖြင့် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးကြောင်း၊ ရွာသားနှစ်ဦး ဒဏ်ရာရရှိထားသည်ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် ရွာခံတစ်ဦးထံမှ သိရသည်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ စန်းမြို့ရွာကို စစ်ကောင်စီတပ်က ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကြောင်းနှစ်ခုပူးပေါင်းကာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုနွေဦးဆိုသူက ပြောသည်။

အနီးဝန်းကျင်ရှိ ကျောက်ပြုတ်နှင့် မြောက်ခင်ရန်းရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီ စစ်ကြောင်းနှစ်ခုတွင် ပျူစောထီးများလည်း ပါဝင်ပြီး အင်အား ၁၀၀ ခန့် ရှိကာ စန်းမြို့ရွာမြောက်ဘက် မိုင်ဝက်ခန့်အကွာတွင် ရွာခံကာကွယ်ရေးအဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သည်ဟု ဆိုသည်။

“စစ်ကြောင်းတွေ ဝင်လာတော့ ဒေသကာကွယ်ရေးတပ်က ခုခံသေးတယ်။ အင်အားမမျှလို့ နောက်ဆုတ်တဲ့အချိန်မှာ ရွာထဲကို ဝင်မီးရှို့သွားတာ။ သူတို့က လက်နက်ကြီးတွေနဲ့ ထုတယ်၊ ကာကွယ်ရေးအဖွဲ့တွေကို မထိဘဲ ရွာထဲကို ကျတာတွေရှိတယ်” ဟု ကိုနွေဦးက ပြောသည်။

အိမ်ခြေ ၂၁၀ ခန့်ရှိ စန်းမြို့ရွာတွင် ယမန်နေ့က ထပ်မံမီးရှို့ခံရသဖြင့် မီးမလောင်ဘဲ ကျန်ရှိနေသည့် အိမ်မှာ ၄၀ ပင်မပြည့်တော့ကြောင်း ရွာခံအမျိုးသားတစ်ဦးကလည်း Myanmar Now ကို ပြောသည်။

“၁၀၀ ကျော်လောက်တော့ ပါသွားမယ်ဗျ။ ကျွန်တော်တို့ အရင်လောင်ထားတာတွေနဲ့ဆိုရင် ၃၀ ကျော်လောက်ပဲ ကျန်တော့မယ်။ မီးမလောင်ဘဲ ကျန်ခဲ့တာ‌ပေါ့။ ရွာထဲမှာက တစ်ညလုံး မီးလောင်တာပဲ။ အခုမနက်အထိ မီးမငြိမ်းသေးဘူး” ဟု ၎င်းက ပြောသည်။

မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့ဆုံရာ ယောဒေသမြောက်ပိုင်းအစွန်ဆုံးရှိ စန်းမြို့ရွာကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ တွင် တစ်ညတာ ဝင်ရောက်တပ်စွဲစဉ် စစ်တပ်နှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီးသဖြင့် နေအိမ် ၃၀ ကျော် မီးလောင်ခဲ့သည်။ 

ယမန်နေ့က စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်ချိန်တွင် ရွာခံများ ထွက်ပြေးနေရကာ လက်ရှိ၌လည်း စစ်သားများ ထပ်လာမည်စိုးသဖြင့် မီးလောင်သည့်အိမ်အရေအတွက် တိတိကျကျ မသိရသေးကြောင်း စန်းမြို့ရွာခံ အမျိုးသားက ဆိုသည်။​

“မြောက်ဘက်ကနေ လက်နက်ကြီးတွေ ထုတယ်။ သေနတ်တွေ တအားဖောက်သံကြားရတယ်။ မောင်းပြန်သေနတ်သံတွေ ဆူနေအောင်ပစ်တာ။ လက်နက်ကြီးတွေနဲ့ ထုတယ်။ ရွာထဲရောက်တော့ မီးလောင်ဗုံးတွေနဲ့ ပစ်ပြီးရှို့တာ မြင်ရတယ်ဗျ” ဟု ၎င်းက ပြောသည်။

စစ်တပ်က ပစ်ခတ်သည့်လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထွက်ပြေးနေသော ရွာသားများအနက် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း မပြင်းထန်ကြောင်းလည်း အထက်ပါ စန်းမြို့ရွာခံ အမျိုးသားက ပြောသည်။​

“ရွာသားတွေက သူတို့ကို (စစ်တပ်) မထောက်ခံရင် ဘုန်းကြီးကျောင်းကို (မီး) ရှို့မယ်လို့ ဆရာတော်ကို ကြိမ်းဝါးသွားတယ်” ဟု ၎င်းက ပြောသည်။ 

ယမန်နေ့က စန်းမြို့ရွာကို မီးဝင်ရှို့သည့် စစ်ကောင်စီစစ်ကြောင်းနှင့် ပျူစောထီးများမှာ ဒီဇင်ဘာ ၁၇ ရက်က နှမ်းခါးရွာကို ရဟတ်ယာဉ်များဖြင့်ပါ စီးနင်းသည့် စစ်တပ်ပင်ဖြစ်ကြောင်း၊ မြောက်ခင်ရန်းရွာတွင် တပ်စွဲနေခြင်းဖြစ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုနွေဦးက ပြောသည်။ 

ယောဒေသအတွင်း စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့်ပါ တိုက်ခိုက်ခဲ့သည့်ပြင် မြေပြင်စစ်ကြောင်းများဖြင့် မကြာခဏ ဝင်ရောက်စီးနင်းနေသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေရသူ တစ်သောင်းဝန်းကျင်ရှိသည်ဟုလည်း သိရသည်။​

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button