သတင်း

ဖလမ်း – ကလေး လမ်းကြောတွင် တိုက်ပွဲများဆက်နေ 

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်း – ကလေးလမ်းပေါ်တွင် တိုက်ပွဲများ နေ့စဉ် အပြင်းအထန်ဖြစ်ပွားနေပြီး ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဘက်မှ အထိနာနေသည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) က ဆိုသည်။ 

ဖလမ်းမြို့နယ်၊ လာသီးရွာနှင့် ကူလ်ဇမ်ရွာအနီး ယမန်နေ့ (ဇန်နဝါရီ ၁၈) နံနက် ၈ နာရီမှစ၍ ၂ နာရီနီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်မှ ၄ ဦး သေဆုံးကြောင်း CNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

“စစ်ကောင်စီဘက်က ၄ ယောက်လောက်ကျတယ်။ လက်နက်ကြီးနဲ့က တောက်လျှောက်ပစ်နေတုန်းပဲ။ ဆုတ်ပြီးနောက်ပိုင်းလည်း ရမ်းသန်းပြီးတော့ ပစ်နေကြတုန်းပဲ” ဟု ၎င်းက ဆိုသည်။ 

CNDF ဘက်မှ အဖွဲ့ဝင်တစ်ဦးလည်း အနည်းငယ် ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။ 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ဘက်မှ စစ်သား ၂၀၀ ကျော်သည် ဝေဘူလမြို့ဘက်သို့ စစ်ကြောင်းထိုးခဲ့ပြီးနောက် ဇန်နဝါရီ ၈ မှ အစပြုကာ ၁၀ ရက်ကျော်ကြာ ထိုသို့ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။ 

ထိုစစ်ကြောင်းက ပြည်နယ်မြောက်ပိုင်း ချင်းလက်နက်ကိုင်အဖွဲ့များ အားကောင်းသည့် ဖလမ်းနှင့် တီးတိန်မြို့တစ်လျှောက် နယ်မြေရှင်းလင်းရေးလုပ်ရန် ရည်ရွယ်သည်ဟု CNDF ပြောရေးဆိုခွင့်ရှိသူ အမျိုးသားက ယူဆသည်။ 

CNDF ၏ အချက်အလက်များအရ ဖလမ်း – ကလေးလမ်းတစ်လျှောက် ယခုရက်ပိုင်း ဖြစ်ပွားနေသည့်တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၅၀ ထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိသည်ဟု သိရသည်။ 

ဖလမ်း – ကလေးလမ်းတစ်လျှောက် တိုက်ပွဲအခြေအနေနှင့် ထိခိုက်သေဆုံးဒဏ်ရာရမှုကို စစ်ကောင်စီဘက်က ထုတ်ပြန်လေ့ မရှိသေးပေ။ 

လူအင်အား လက်နက်အင်အား အများအပြားနှင့် ထိုးစစ်ဆင်ခံနေရသော်လည်း ဒေသခံကာကွယ်ရေးအဖွဲ့များက ရဲဘော်များ၏ စိတ်အားတက်ကြွမှု၊ နယ်မြေကျွမ်းကျင်မှု၊ လက်လုပ်မိုင်းများ၊ မိုင်းကွင်းများပြင်ဆင်နိုင်မှု၊ ချုံခိုတိုက်ခိုက်နိုင်သည့်အခြေအနေများကြောင့် စစ်ကောင်စီကို အထိနာအောင် တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်ဟု CNDF ပြောရေးဆိုခွင့်ရသူက ဆိုသည်။ 

“ရှေ့တန်းမှာသွားနေတဲ့ ရဲဘော်တွေရဲ့စိတ်ဓာတ်အားက သူတို့ ဒီစစ်အာဏာရှင်ကို အမြစ်ဖြတ်နိုင်မှ ချင်းပြည်နယ်ကို ပြန်လည်ထူထောင်နိုင်မယ်ဆိုတော့ အဲဒါကြောင့်လည်းပါတယ်” ဟု မှတ်ချက်ပြုသည်။ 

“စစ်က တိုက်လာတာ ကြာပြီဆိုတော့ စစ်ရေးအတွေ့အကြုံပိုင်းလည်း များလာတာ ပါပြီဆိုတော့ အဲဒါကြောင့်လည်း ဖြစ်လိမ့်မယ်”

အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ဒေသခံများ ဖလမ်း – ကလေးလမ်းတစ်လျှောက် ခရီးသွားလာခြင်း မပြုရန် ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ တွင် CNDF က စာထုတ်ထားသည်။

တိုက်ပွဲများကြောင့် ဖလမ်း – ကလေးလမ်းတစ်လျှောက်ရှိ ပါရ်သဲ၊ ကူလ်ဇမ်၊ လာသီး၊ လုံဘန်း၊ ထင်းရှူး စခန်း စသည့် ကျေးရွာများမှ ရာနှင့်ချီသည့် ဒေသခံများသည် အိုးအိမ်စွန့်ခွာကာ နီးစပ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

ယမန်နှစ် အောက်တိုဘာအတွင်း “အနော်ရထာ” စစ်ဆင်ရေးအမည်ဖြင့် ချင်းပြည်နယ်ကို လက်နက်၊ လူအင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန် ကြိုးပမ်းခဲ့ပြီး အထိနာခဲ့သည့် စစ်ကောင်စီက ယခုနှစ် ဇန်နဝါရီနှစ်ဆန်းမှစ၍ တစ်ကျော့ပြန် ထိုးစစ်ဆင်ရန် ကြိုးပမ်းနေသည်။ 

အလားတူ ချင်းပြည်နယ်တောင်ပိုင်းကိုလည်း တစ်ပြိုင်နက် ထိုးစစ်ဆင်နေသောကြောင့် မတူပီမြို့နယ်၊ ဟုန်းလေးရွာနှင့် ရန်ဆိုင်းရွာအကြား ဇန်နဝါရီ ၉ မှ ၁၈ အထိ ၁၀ ရက်အတွင်း တိုက်ပွဲ ၁၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF Zotung က ယနေ့ (ဇန်နဝါရီ ၁၉) ထုတ်ပြန်ထားသည်။

CDF Zotung အဖွဲ့ဝင်တစ်ဦး သေဆုံးပြီး စစ်ကောင်စီတပ်ဘက်မှ ၁၈ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ထိုတိုက်ပွဲများကြောင့် မတူပီဒေသခံ သုံးထောင်ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရပြီး အိန္ဒိယနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်နေရသူ ဦးရေ ၄၀၀ ကျော်ရှိကြောင်း CDF Zotung ထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစတင်ပြီး ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ် ပြင်းထန်နေသည့် တိုက်ပွဲများကြောင့် ချင်းပြည်နယ်မှ ဒေသခံ သုံးသောင်းကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးရုံး (UNOCHA) က ဇန်နဝါရီလထုတ်သတင်းလွှာတွင် ဖော်ပြထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button