
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ကျန်လက်နက်များကြောင့် အပြင်းအထန် ဒဏ်ရာရရှိသွားသည့် အသက် ၈ နှစ်အရွယ် ကလေးငယ်နှစ်ဦးနှင့် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးတို့ ဆေးကုသနိုင်ရေး အကူအညီများ လိုအပ်နေသည်။
မြောက်ဦးမြို့နယ်တွင် ယမန်နေ့ (ဇန်နဝါရီ ၁၇) က စစ်ကျန်ဗုံးသီးဟောင်း ပေါက်ကွဲပြီး ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိသွားကာ မင်းပြားမြို့နယ် မြောင်းဘွေတိုက်နယ်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။
မွန်းတည့် ၁၂ နာရီခန့်၌ ပေါင်းတုပ်ကျေးရွာ(မွတ်စလင်) မှ အသက် ၈ နှစ်အရွယ်များဖြစ်သော မာမောက် ဂျုလိုင်နှင့် ကာလာဘူဝါတို့သည် လယ်ကွင်းထဲမှ ကောက်ရလာသည့် ဗုံးသီးဟောင်းတစ်လုံးကို နေအိမ် ယူလာပြီး ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာရာအိမ်မှူး ဦးဒေါယာက Myanmar Now ကို ပြောသည်။
“မနေ့က သူတို့က လယ်ကွင်းကနေ လက်ပစ်ဗုံးလားဘာလဲမသိဘူး အသီးတစ်လုံးရလာတယ်။ ရလို့ အိမ်ကို ယူလာတယ်တဲ့။ အမိအဖတွေလည်း အိမ်မှာမရှိကြဘူး။ အိမ်ကလည်း လယ်ကွင်းနဲ့ ကပ်လျက်ပါ။ သူတို့က ဆော့ကစားတယ်။ တစ်ခုခုနဲ့ ထုတယ်ထင်ပါတယ်။ အဲဒီမှာ ပေါက်ကွဲတာပါ” ဟု ဦးဒေါယာက ဆိုသည်။
တစ်ဦး ဝမ်းဗိုက်ပေါက်ထွက်၊ ကျန်တစ်ဦးမှာ ဒူးအောက်ခြေထောက်နှစ်ဖက်လုံး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း၊ နေအိမ်ထရံတစ်ခုပါ နှစ်ပေပတ်လည်ခန့် ပေါက်ထွက်သွားကြောင်း ၎င်းထံမှ သိရသည်။
အလားတူ ၂၀၂၀ အတွင်း ပေါင်းတုပ်ကျေးရွာမှ လူငယ်ငါးဦးတို့သည် ကျေးရွာနှင့် သုံးဖာလုံခန့်အကွာတွင် နွားကျောင်းနေစဉ် ဗုံးသီးတစ်လုံး ကောက်ရပြီး ဆော့ကစားရာမှ ပေါက်ကွဲဖြစ်၍ တစ်ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရသွားကြောင်း ဦးဒေါယာက ဆက်ပြောသည်။
“မနေ့က ဒဏ်ရာရသွားတဲ့ ကလေးတွေရဲ့ မိဘတွေက လက်လုပ်လက်စား ကျပန်းအလုပ်လုပ်ကြတယ်။ ဆင်းရဲပင်ပန်းတဲ့မိသားစုတွေပါ။ ဆေးကုသဖို့နဲ့ စားရေးသောက်ရေးအခက်အခဲတွေ မျိုးစုံရှိတယ်” ဟု ဆိုသည်။
ဝမ်းဗိုက်ထိခိုက်ထားသည့် ကလေးငယ်မှာ အခြေအနေစိုးရိမ်ရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
မြောက်ဦးမြို့မှ ၅ မိုင်အကွာ အိမ်ခြေ ၁၀၀၀ ခန့်ရှိ အဆိုပါကျေးရွာတွင် ရိုဟင်ဂျာမွတ်စလင်အများစု နေထိုင်ပြီး ၂၀၁၂ စစ်တွေပဋိပက္ခအပြီး မြို့တွင်းဝင်ရောက်ခွင့် ကန့်သတ်ခံထားရသည်ဟု ၎င်းတို့က ဆိုသည်။
“ကျွန်တော်တို့က တစ်ခုခုဖြစ်ရင် မြို့ပေါ်လည်း တက်လို့မရဘူး ဖြစ်နေပါတယ်။ မြောက်ဦးဆေးရုံလည်း သွားလို့မရဘူး။ မြောင်းဘွေဆေးရုံတစ်ခုပဲ သွားလို့ရတာပါ” ဟု ပေါင်းတုပ်ကျေးရွာသားတစ်ဦးက ပြောသည်။
“၂၀၁၂ ခုနှစ်ကနေ ကျွန်တော်တို့ မြို့ထဲကို ဝင်လို့မရဘူး ပြောထားလို့ ကျွန်တော်တို့မဝင်ရတာ။ တကယ်လို့များ ရုံးတက်ကမ်းတက်သွားရမယ်ဆိုရင်တောင် ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်နဲ့ တစ်ယောက်တစ်လေ အဲဒီလိုသွားရတာရှိပါတယ်။ တခြားဗုဒ္ဓဘာသာဝင်တွေက သွားလို့ရတယ်။ ကျွန်တော်တို့ မွတ်စလင်တွေပဲ သွားလို့မရတာပါ” ဟု ထိုရွာသားက ဆက်ပြောသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲကျေးရွာတွင်လည်း မိုင်းထိဒဏ်ရာရရှိထားသည့် ကျောင်းသားတစ်ဦး ဆေးကုသမှုခံယူရန် အခက်အခဲနှင့် ရင်ဆိုင်နေရပြီး အကူအညီများ လိုအပ်နေသည်။
အထက်မြတ်လှဲကျေးရွာမှ ၁၆ နှစ်အရွယ် ၈ တန်းကျောင်းသား မောင်ဦးဘမောင်သည် ယမန်နှစ် ဇူလိုင် ၂၂ မွန်းတည့် ၁၂ နာရီခန့်တွင် ဖခင်ဖြစ်သူနှင့်အတူ တောထဲသို့ ဟင်းရှာဟင်းခူးသွားစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ညာဘက်ခြေထောက်ပြတ်တောက်ကာ ဘယ်ဘက်ခြေထောက် ဒဏ်ရာပြင်းထန်ခဲ့သည်။
မိခင်ဖြစ်သူ ဒေါ်မိချောက သားဖြစ်သူ၏ခြေထောက်ဒဏ်ရာ မသက်သာသေးဟု ဆိုသည်။
“ကျွန်မသားက အနာမကျက်သေးတော့ ဆေးရုံကို သွားပြီး ဆေးကုသဖို့ လိုနေသေးတယ်။ အမြန်ကောင်းစေချင်တယ်။ ဆေးကုသဖို့ကလည်း ကြေးရေးငွေရေးအခက်အခဲပါ။ ငွေမရှိလို့ စားဖို့သောက်ဖို့ကလည်း အခက်အခဲကျနေတယ်” ဟု ဒေါ်မိချောက ပြောသည်။
ယခင် ဆေးရုံတွင် ဆေးကုသမှုခံယူစဉ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က ကူညီထောက်ပံ့ခဲ့သည်ဟု ကလေး၏ အစ်မဖြစ်သူ မပုလုံးက ပြောသည်။
“မောင်လေးဒဏ်ရာက မကောင်းသေးဘူး။ အခု အဲဒီဒဏ်ရာကို ကောင်းအောင် ဆေးကုပေးဖို့ လိုတယ်။ ပိုက်ဆံက မရှိလို့ ဆေးဆိုင်မှာရှိတဲ့ ဆေးဝါဘူးသေးသေးလေး အဲဒါပဲ သူ့ကို ဝယ်ပေးနေရတယ်။ သူ့အနာ မကောင်းသေးလို့ ကျောင်းလည်း မတက်နိုင်သေးဘူး ရပ်ထားရတယ်” ဟု ဆိုသည်။
စစ်ကျန်လက်နက်အန္တရာယ် ပညာပေးစေလို
မြေမြှုပ်မိုင်း၊ စစ်ကျန်လက်နက်ခဲယမ်းအန္တရာယ်နှင့် တခြားအန္တရာယ်ဖြစ်စေနိုင်သည့် အခက်အခဲတစ်ခုခုနှင့် ကြုံရပါက ဒေသတွင်းဌာနဆိုင်ရာများကို အားကိုးကြသော်လည်း တစ်စုံတစ်ရာ လာရောက်ကူညီခြင်း မရှိကြောင်း ဒေသခံကျေးရွာသားများက ပြောသည်။
မြေမြှုပ်မိုင်းအန္တရာယ်နှင့် စစ်ကျန်လက်နက်အန္တရာယ် အသိပညာပေးဟောပြောမှု ဒေသတွင်း အားနည်းနေသည်။
“ကျွန်တော်တို့ တာဝန်ရှိသူတွေကို ပြောချင်တာက ဒီမှာ အရင်ကလည်း ဒီလိုဖြစ်ဖူးတော့ ရွာမှာ အသိပညာပေးဟောပြောမှုတွေ လုပ်ပေးစေချင်တယ်” ဟု ပေါင်းတုပ်ကျေးရွာ ရာအိမ်မှူးက ဆိုသည်။
“တကယ်လို့ ဗုံးသီးတွေဘာတွေရလာရင် ကလေးတွေက မကိုင်ဘဲ ရပ်ရွာမှာရှိတဲ့ လူကြီးတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို လာပြပြီးတော့ အဲဒါတွေကို တပ်ကဖြစ်ဖြစ်၊ ရဲဖြစ်ဖြစ် သတင်းပေးဖို့ အဲဒီလိုလုပ်စေချင်တယ်။ နောက်ပြီးတော့ တပ်က(စစ်တပ်) အဲလိုကျကျန်ခဲ့ရင်လည်း ကျွန်တော်တို့အတွက် စိုးရိမ်စရာ အများကြီးရှိပါတယ်”
ပေါင်းတုပ်ကျေးရွာသည် မြောက်ဦးမြို့ပေါ်နှင့် ၅ မိုင်ခန့်ဝေးသော မြောက်ဦး – မင်းပြား အာရှကားလမ်းမကြီးပေါ် အိမ်ခြေတစ်ထောင်ခန့်ရှိသော ကျေးရွာတစ်ရွာဖြစ်ပြီး ယခင်တိုက်ပွဲဖြစ်ခဲ့သည့် ကာလအတွင်း ၎င်းကျေးရွာအနီး စစ်တပ်က တပ်စွဲခဲ့ကြောင်း ပေါင်းတုပ်ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
“ရွာအနီးမှာ အရင်က တိုက်ပွဲဖြစ်ခဲ့တာတော့ မရှိဘူး။ လွန်ခဲ့တဲ့တစ်နှစ်လောက်က ရွာအနီးမှာ ၅၄၁ တပ်ရင်းက နေရာယူထားတာတော့ ရှိတယ်။ မနေ့ကဖြစ်တဲ့ နေအိမ်နဲ့ လယ်ကွက် သုံး၊ လေးကွက်အကွာမှာ ၅၄၁ တပ်ရင်းက နေရာယူတပ်စွဲနေခဲ့တယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်တပ်တို့ကြား နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း ဒေသခံပြည်သူလူထုများအနေဖြင့် မြေမြှုပ်နှင့် စစ်ကျန်လက်နက်ခဲယမ်းအန္တရာယ်များကို ကြုံတွေ့နေရဆဲ ဖြစ်သည်။
ICRC နှင့် ရခိုင်လူမှုအဖွဲ့အစည်းများက စစ်ကျန်လက်နက်ကြီးအန္တရာယ် ပညာပေးအစီအစဉ်များ ပြုလုပ်ခဲ့သော်လည်း ကိုဗစ်၊ စစ်အာဏာသိမ်းမှုများ ဖြစ်ပွားပြီးနောက် လုပ်ငန်းများ ရပ်တန့်နေသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)