
မန္တလေးမြို့ဘက်ရှိ မတ္တရာမြို့နယ်တွင် ယနေ့ (ဇန်နဝါရီ ၁၇) မွန်းလွဲပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဉ်တန်းပါ စစ်သားများက ပစ်ခတ်သဖြင့် ဒေသခံ ရွာသားတစ်ဦးနှင့် ကလေးတစ်ဦး သေဆုံးခဲ့သည်။
ကားကိုးစီးပါ စစ်ကောင်စီယာဉ်တန်းမှာ မတ္တရာမြို့နယ် သပြေကုန်းရွာအကျော် ဘိုကုန်းရွာအနီးတွင် မွန်းလွဲ ၁ နာရီခွဲခန့်က မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကာ စစ်သားများ၏ ပစ်ခတ်မှုကြောင့် ဘိုကုန်းရွာမှ ရွာခံအမျိုးသားတစ်ဦးနှင့် ၈ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကပ်လျက်ရှိ ကျောက်တံတားရွာခံတစ်ဦးက ပြောသည်။
“စစ်သားတွေက သူတို့တိုက်ခိုက်ခံရတော့ ကားတွေပေါ်ကနေ ချက်ချင်းပြန်ပစ်တယ်၊ ပြီးတော့ ကားတွေပေါ်က ဆင်းပြီး ဘိုကုန်းထဲ ဝင်ပစ်ကြတာ။ သေနတ်သံတွေကတော့ ဆူညံနေတာ၊ တံတားထိပ်မှာ လူတစ်ယောက် သေသွားတယ်။ သူ့အပြင် ရှစ်နှစ်အရွယ်လောက်ရှိတဲ့ ကလေးလေးတစ်ယောက်လဲ လည်ပင်းမှန်ပြီး သေသွားတယ်” ဟု ၎င်းက ပြောသည်။
စစ်သားများသည် ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်သည့်ပြင် မန္တလေး – မတ္တရာကားလမ်းကို ပိတ်ဆို့ခဲ့ပြီး ညနေ ၄ နာရီခန့်တွင်မှ ပြန်ဖွင့်ပေးကာ ပြန်လည်ထွက်ခွာသွားကြောင်း မတ္တရာမြို့ခံ အမျိုးသမီးတစ်ဦးကလည်း ဆိုသည်။
“ကားတွေက တစ်နေရာရာကနေ လူပို့ပြီး ပြန်လာတာ ထင်တယ်။ ကားပေါ်မှာ လူသိပ်မပါဘူး။ ကား ၈ စီး၊ ၉ စီး လောက်မှာမှ ၂၀ လောက်ပဲ ပါတယ်။ မိုင်းဆွဲခံရလို့ (စစ်သား) နှစ်ယောက်လောက်လဲ သေတယ်လို့ သိရတယ်။ မြင်တော့မမြင်ရဘူး။ ဘိုကုန်းက လူနှစ်ယောက်ကတော့ နေရာတင်သေတယ်” ဟု ဘိုကုန်းကျေးရွာနေ မိတ်ဆွေတစ်ဦးကို ကိုးကားပြီး ၎င်းက ပြောသည်။
ထိုသို့ မတ္တရာတွင် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီစစ်သားများနှင့် ဒေသခံနှစ်ဦး သေဆုံးမှုအပေါ် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။
ထိုစစ်ယာဉ်တန်းကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးစစ်သားများရှိနိုင်ကြောင်း မတ္တရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကားတွေက မြောက်ပိုင်းက ပြန်လာတဲ့ကားတွေဖြစ်တယ်၊ ကျွန်တော်တို့ ပဒေသာနဲ့ထောင်ပြီး ခွဲခဲ့တာ။ ကားပေါ်ပါသူတွေ အထိအခိုက်များနိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။
မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များကို မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း၊ ကျေးရွာရဲကင်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်း၊ စစ်ကားတန်းများကို တိုက်ခိုက်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေသည်။
အလားတူ စစ်ကောင်စီဘက်ကလည်း ဇူလိုင်လအတွင်းမှစ၍ မတ္တရာမြို့ပေါ်မှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဝန်ထမ်းများ၊ ဝန်ထမ်းများ၏ မိသားစုဝင်များ၊ NLD ပါတီဝင်များ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုတွင် ပါဝင်သူများနှင့် မိသားစုဝင်များကို ဖမ်းဆီးနေသည်။
မတ္တရာမြို့နှင့် ထိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အာဏာသိမ်းစစ်ကောင်စီက လူများကို ဖမ်းဆီးခြင်း၊ အလောင်းလာထုတ်ခိုင်းခြင်း၊ ရွာလမ်းပေါ်တွင် အလောင်းစွန့်ပစ်ထားခြင်းများ ဆက်တိုက်ပြုလုပ်နေရာ အလောင်းလာစွန့်ပစ်ခံရသူ လေးဦးရှိပြီဖြစ်ကြောင်း သိရသည်။
မန္တလေး – မတ္တရာ – မိုးကုတ်လမ်းပေါ် ဖြတ်သန်းသွားလာသည့် စစ်ကောင်စီယာဉ်များကို ယခုလအတွင်း ဒေသခံ PDF အဖွဲ့က နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၈ တွင် စစ်ကောင်စီသတင်းပေးဟု သတင်းကြီးသူ ဦးတိုးဆောင်၏နေအိမ် မီးလောင်မှုနှင့် ဆက်စပ်ပြီး ဇန်နဝါရီ ၁၂ တွင် စစ်သား ၂၀ ခန့်သည် ကောက်ရိုးပုံရွာသို့ ရောက်လာပြီး နေအိမ် ၄ လုံးကို မီးရှို့ကာ ပြန်ထွက်သွားပြီးနောက် ထိုရွာမှ ဒလန်ဟု နာမည်ကြီးသူ ၃ ဦး သတ်ဖြတ်ခံလိုက်ရသည်။
ထို့ကြောင့် စစ်သားများပြန်ရောက်လာကာ နောက်နှစ်ရက်ဆက် အိမ်များကို မီးရှို့ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထောက်ခံသည့်နေအိမ်အများစုအပါအဝင် စုစုပေါင်း နေအိမ် ၁၃ လုံး မီးရှို့ခံခဲ့ရပြီး ရွာသားများ ထွက်ပြေးနေရသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)