သတင်း

ရန်ကုန်၊ ဒဂုံဆိပ်ကမ်းတွင် ဖမ်းခံရသူ ၃ ဦး သတင်းအစအနပျောက်နေ

ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ စစ်တောင်းရိပ်မွန်အိမ်ရာတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖမ်းဆီးခံလိုက်ရသော လူငယ်သုံးဦး သတင်းအစအန လုံးဝပျောက်ဆုံးနေသည်။

ဇန်နဝါရီ ၁၂ ည ၁၁ နာခန့်က စစ်တောင်းရိပ်မွန်အိမ်ရာ၊ ၉၂ ရပ်ကွက်၊ နှင်းဆီလမ်း၊ တိုက်နံပါတ် ၄၁ ကို စစ်ကောင်စီတပ်သားများ ဝင်စီးစဉ် အသက် ၂ဝ ကျော် ထိုလူငယ်တို့ အဖမ်းခံရခြင်းဖြစ်သည်။

ထိုလူငယ်များမှာ ၂၃ နှစ်အရွယ် ကိုအောင်သူဟိန်း ခေါ် အောင်ကြီး၊ ၎င်း၏ ညီဖြစ်သူ ၂၁ နှစ်အရွယ် ကိုအောင်မင်းမြတ် ခေါ် ဖြူဖွေး၊ ဒဂုံတက္ကသိုလ် မြန်မာမှုပညာဘာသာရပ်နောက်ဆုံးနှစ် ကျောင်းသားလည်းဖြစ် ဒဂုံတက္ကသိုလ်၏ ကာယပညာနည်းပြ စေတနာ့ဝန်ထမ်းလည်းဖြစ်သည့် ၂၂ နှစ်အရွယ် ကိုနိုင်အောင် ခေါ် ဆိပ်ကမ်းတို့ ဖြစ်သည်။ 

အဖမ်းခံထားရသူများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရဲစခန်း စသည်များကို လိုက်လံစုံစမ်းမေးမြန်းနေသော်လည်း မည်သည့်သတင်းအစအနမျှ မရသေးကြောင်း ထိုလူငယ်တို့၏ မိသားစုဝင်များ၊ မိတ်ဆွေများက Myanmar Now ကို ယမန်နေ့(ဇန်နဝါရီ ၁၆)မွန်းလွဲပိုင်းတွင် ပြောသည်။

ထိုလူငယ်များ ဧည့်စာရင်းမတိုင်ဘဲ နေထိုင်ခြင်းဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ စုံစမ်းသိရှိရကြောင်း ညီအစ်ကိုနှစ်ဦး၏ အစ်မဖြစ်သူက ပြောသည်။  

“သူတို့ဆီ ဧည့်စာရင်းသွားစစ်တော့ တိုင်တဲ့သူက နည်းနေပြီး နေတာက ၆ ယောက်ဖြစ်နေတယ်ပေါ့။ အဲဒါကြောင့်မို့ ခေါ်သွားတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။

“ဝင်စစ်တော့ (လက်နက်)ပစ္စည်းလေးတွေ တွေ့တယ်ဆိုပြီး ခေါ်သွားတယ်လို့ အဲဒီအုပ်ချုပ်ရေးမှူးက ပြောတယ်။ ကျန်တာတော့ ဘာမှကို မသိရဘူး”

ညီအစ်ကိုနှစ်ဦးသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာသော လမ်းပေါ်ထွက်ဆန္ဒပြသည့် လှုပ်ရှားမှုတွင် ဖေဖော်ဝါရီလပိုင်းက စတင်ပါဝင်ခဲ့သူများဖြစ်သည်။

“အကြီးကောင်လေးကကျတော့ သူ့သားလေးက အစ်မတို့ဆီမှာ ကျန်နေခဲ့တယ်။ အခု ဒီလိုကိစ္စဖြစ်တော့လဲ သူ့ကလေးက ၂ နှစ်တောင်မပြည့်သေးဘူး။ ကလေးက မသိသေးဘူး။ တစ်ခုခုဖြစ်သွားမှာ အရမ်းစိုးရိမ်တယ်” ဟု ထိုအမျိုးသမီးက ဆိုသည်။

“သူတို့ နှိပ်စက်တဲ့ ဒဏ်တွေ မခံနိုင်မှာလဲ စိုးရိမ်တယ်။ အခုအချိန်အထိလဲ ဘာသတင်းအစအနမှ မရသေးတော့ အရမ်းတွေ စိတ်ပူနေကြတာ”

ဖမ်းပြီး ၅ ရက်ကြာသည်အထိ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးသလို ဧည့်စာရင်းအကြောင်းပြ ဝင်စစ်ရာမှ ဖမ်းခံရသည်ဆိုသော ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ၉၂ ရပ်ကွက် အုပ်ချုပ်ရေးတာဝန်ရှိသူများထံလည်း Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

အာဏာသိမ်းစစ်ကောင်စီကမူ PDF သံသယဖြင့် ဖမ်းမိသော သူများကို ကြီးငယ်မရွေး နည်းမျိုးစုံ ညှဉ်းပန်းနှိပ်စက်လေ့ရှိပြီး ၎င်းတို့လိုချင်သည့် အဖြေမရမချင်း ထိုသူများကို စစ်ကြောရေးစခန်းများထဲ၌ ညှဉ်းဆဲထားတတ်ကြသည်။

ထိုသို့ ဖမ်းဆီးခံရသူများသည် ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံကျော်ဖြတ်ရပြီး နှိပ်စက်မှုဒဏ်ကြောင့် ၂၄ နာရီမပြည့်မီပင် ရုပ်ပျက်ဆင်းပျက်သေဆုံးသူများလည်း ရှိနေသဖြင့် ၎င်းတို့အတွက် အသက်အန္တရာယ်စိုးရိမ်ရကြောင်း ထိုလူငယ်သုံးဦးနှင့်အတူ ဆန္ဒပြပွဲလှုပ်ရှားမှုများတွင် အတူပါဝင်ခဲ့ဖူးသူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“စစ်ကောင်စီဘက်က သူတို့ သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း အရေးယူပေါ့ဗျာ။ ဒါပေမဲ့ အခုကြားရတာက မိခဲ့လို့ရှိရင် သတင်းအစအနပျောက်သွားပြီး အသတ်ခံရတာတွေ ဘာတွေ သူတို့ စစ်ကြောရေးမှာ လုပ်တယ်။ အဲလိုမျိုးတွေမဖြစ်စေချင်လို့ လိုက်စုံစမ်းနေတာ”ဟု လုံခြုံရေးအရ သတင်းတွင် အမည်မဖော်ပြစေလိုသူ အထက်ပါအမျိုးသားက ပြောသည်။ 

လက်နက်နှင့်အတူတကွ ဖမ်းခံရသူများဖြစ်ပါက ၎င်းနှင့်ဆက်စပ်သူ အနည်းဆုံး ၅ ဦး၏ အမည်၊ နေရပ်လိပ်စာနှင့် လှုပ်ရှားမှုများအကြောင်းကို ထိုစစ်ကြောရေးအတွင်း မဖြစ်မနေပြောပြကြရပြီး မပြောပါက သေသည်အထိ ဆက်လက်ရိုက်နှက်ကာ ပို၍ ညှဉ်းဆဲကြတော့သည်ဟု ရန်ကုန်ရှိ စစ်ကြောရေးစခန်းနှစ်ခုအတွင်း တစ်လနီးပါးကျော်ဖြတ်ခဲ့ရသူ ကိုနီမောင်က ပြောသည်။

စစ်ကြောရေးခန်းအတွင်း နည်းလမ်းမျိုးစုံ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် မခံရပ်နိုင်သည့်အဆုံးတွင် စစ်ကောင်စီအတွက် လိုချင်သည့် ထွက်ဆိုချက်များပေးရလေ့ရှိသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာပင် ပြီးခဲ့သည့် နိုဝင်ဘာလလယ်ပိုင်းက ဖမ်းဆီးခံခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင် လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်၏ ထွက်ဆိုချက်ဟုဆိုကာ ဇန်နဝါရီ ၁၄ တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း ရုပ်သံမှတ်တမ်းတစ်ခု ထုတ်ပြခဲ့သေးသည်။

ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ် ၆ ခုအနက် ဒဂုံဆိပ်ကမ်းမြို့နယ်လည်း ပါဝင်နေသဖြင့် ဖမ်းမိသူများကို ပုဒ်မတပ်အမိန့်ချပါကလည်း ရှေ့နေငှားခွင့်မရသည့် စစ်ခုံရုံးဖြင့်သာ အမိန့်ချခံရမည်ဖြစ်သည်။

နိုင်ငံအနှံ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများအတွက် တာဝန်အရှိဆုံးသူမှာ အာဏာသိမ်း စစ်ကောင်စီတပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖြစ်သည်။ 

ဒီဇင်ဘာ ၂၃ ရန်ကုန် တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းပြောစဉ် စစ်ခေါင်းဆောင်က သွေးထွက်သံယိုမှုအနည်းဆုံးဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button