
ဆန္ဒပြရန်အသွား ဖမ်းခံရပြီး တစ်လနီးပါးကြာသည်အထိ သတင်းပျောက်နေသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်း (ခ) လင်းလင်း၊ အလွတ်တန်းသတင်းထောက် ကိုဇော်လင်းထွဋ်(ခ)ကိုဖိုးသားတို့ကို ယမန်နေ့ (ဇန်နဝါရီ ၁၄) တွင် စစ်ကောင်စီက တရားစွဲပြီး အင်းစိန်ထောင်သို့ ပို့လိုက်သည်။
ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် နိုင်ငံတော်ဆူပူစေရန်လှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅-က ဖြင့် ကနဦးရုံးထုတ်ကြောင်း၊ အမှုများ ထပ်တိုးရန်ရှိပြီး အင်းစိန်ထောင်တွင်းတရားခွင်၌ ဆက်၍စစ်မည်ဟု သိရကြောင်း ၎င်းတို့ဘက်မှ အမှုကို လိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေက ပြောသည်။
“မနေ့က ညနေက အင်းစိန်ထောင်ကို ပို့လိုက်ပြီ။ သူတို့တွေကို စစ်ကြောရေးကနေ သင်္ဃန်းကျွန်းရဲစခန်းကို ပြန်ပို့ထားတာ။ လင်းလင်းကတော့ ပုဒ်မ ၃ ခု။ ဖိုးသားကတော့ အခုလက်ရှိမှာ ၅၀၅ တစ်ခုပဲ ရှိသေးတယ်။ နောက်တစ်ခုတပ်မယ်လို့ ကြားထားတယ်” ဟု ၎င်းက ပြောသည်။
၂၀၂၁ ဒီဇင်ဘာ ၁၉ က သင်္ဃန်းကျွန်းမြို့နယ်တွင် ပြုလုပ်မည့် ပြောက်ကျားဆန္ဒပြပွဲတစ်ခုကိုအသွား စစ်ကောင်စီ၏ အရပ်ဝတ်လက်နက်ကိုင် ၅ ဦးခန့်က သူတို့ကို ဖမ်းဆီးခြင်းဖြစ်သည်။
ယမန်နေ့(ဇန်နဝါရီ ၁၄)က ရုံးထုတ် တရားစွဲရာတွင် နှစ်ဦးစလုံး ကျန်းမာနေပုံရပြီး လုံခြုံရေးဂရုစိုက်ကြရန် တိုက်တွန်းသည်ဟု ကိုဖိုးသား၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“သူတို့မရှိလဲ တော်လှန်ရေးကို သေချာဂရုစိုက်ပြီး ဆက်လုပ်ဖို့ပဲ မှာပါတယ်” ဟု ၎င်းက ပြောသည်။
ကိုဇော်လင်းထွဋ်သည် စစ်တပ်ရန်ရှာမှုကို ခံရဖူးသည့် ‘ဒေါင်းတို့မျိုးဆက်’ သံချပ်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။
၂၀၁၉ ခုနှစ်အတွင်းက သံချပ်ဖျော်ဖြေမှုတစ်ခုအတွက် စစ်တပ်၏ တရားစွဲဆိုခြင်းခံရကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရပြီး ၂၀၂၀ ဇွန်လတွင်မှ ပြန်လည်လွတ်မြောက်သည်။
သူတို့နှစ်ဦး၏ အင်းစိန်ထောင်တွင်းတရားရုံးချိန်းကို ဇန်နဝါရီ ၂၀ သို့ ချိန်းဆိုလိုက်ပြီး ထိုနေ့တွင် ရှေ့နေလိုက်ခွင့်ကိစ္စများ ဆောင်ရွက်ရမည်ဟု အထက်ပါသတင်းရင်းမြစ်နှစ်ခုထံမှ သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အစိုးရဖွဲ့နိုင်သည်အထိ ထပ်မံအနိုင်ရခဲ့သော ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ပြီး အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်ကြီးတို့က ၎င်းတို့ကို ဆန့်ကျင်သူအများအပြားကို ဖမ်းဆီးခဲ့သည်။
အစုလိုက်အပြုံလိုက် ပြန်လွှတ်ပေးဖူးသော်လည်း ၈၆၀၃ ဦးထက်မနည်း ဆက်လက်ဖမ်းဆီးခံနေရသည်ဟု ဖမ်းဆီးသတ်ဖြတ်မှုဖြစ်စဉ်များကို လက်လှမ်းမီသလောက် လေ့လာနေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း(AAPP) ဇန်နဝါရီ ၁၄ မှတ်တမ်းအရ သိရသည်။ စစ်ကောင်စီတပ်လက်ချက်ကြောင့် အရပ်သား ၁၄၆၉ ဦးထက်မနည်း အသက်ဆုံးခဲ့ရသည်ဟု စာရင်းတွင် တွေ့ရသည်။
စစ်ကောင်စီကမူ AAPP ကို တရားမဝင်၊ စာရင်းများမမှန်ဟု ပြောလေ့ရှိသည်။
ငြိမ်းချမ်းစွာဆန္ဒပြလျှင်ပင် ရန်ကုန်လို မြို့ကြီးပြကြီး၌ပင် စစ်ကောင်စီက ရက်စက်စွာဖြိုခွင်းနေချိန်တွင် လူငယ်ထုက ဆက်လက်အန်တုနေသည်။
စစ်ကောင်စီကို ခုခံတော်လှန်သည့် လှုပ်ရှားမှုများလည်း နိုင်ငံအနှံ့ တိုးပွားလာနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)