သတင်း

ဒီပဲယင်း၊ ရေဦး၊ ခင်ဦးမြို့နယ်များ လေကြောင်း၊ ကြည်းကြောင်းမှ ထိုးစစ်ဆင်ခံနေရ 

စစ်ကိုင်းတိုင်း ဒီပဲယင်း၊ ခင်ဦး၊ ရေဦး မြို့နယ်များရှိ ကျေးရွာများတွင် စစ်ကောင်စီ၏ ကြည်းတပ်၊ လေတပ်က ယနေ့ (ဇန်နဝါရီ ၁၄) တွင် စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေရသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မွန်းလွဲ ၁ နာရီခန့်က ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းရှိ ယဉ်ကျေးကျေးရွာအနီးတွင် ရဟတ်ယာဉ် ၃ စင်း ရောက်ရှိလာခဲ့ပြီး ကျေးရွာဘုန်းတော်ကြီးကျောင်းကို ပစ်ခတ်ခဲ့သလို စစ်သားများကို ရွာထဲချထားပြီး ပြန်ထွက်သွားကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အသက် ၄၀ အရွယ် ဒေသခံ အမျိုးသားက Myanmar Now ကို ပြောသည်။ 

“ရဟတ်ယာဉ်ပေါ်က ပစ်တာ။ ယဉ်ကျေးရွာ ဘုန်းကြီးကျောင်းနားတစ်ဝိုက်မှာပဲ တော်တော်များများ ပစ်သွားတာ။ အထိအခိုက် အသေအပျောက် စာရင်းကတော့ ကျွန်တော်တို့လဲ မေးမရသေးဘူး” ဟု ၎င်းက ပြောသည်။ 

ထိုရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်မှုကြောင့် ဒီပဲယင်းအရှေ့ဘက်ခြမ်းရှိ ယဉ်ကျေး၊ အင်ပင်၊ ဆည်တော ကျေးရွာများမှ လူဦးရေ ၂၀၀၀ ခန့်မှာ နီးစပ်ရာ လယ်တော၊ ယာတောများတွင် ပုန်းခိုနေရကြောင်း ၎င်းက ဆက်ပြောသည်။ 

ထို့နောက် စစ်ကောင်စီတပ်သား ၁၀၀ ခန့်သည် ဒီပဲယင်းအရှေ့ဘက်ခြမ်း ရေဦးနယ်စပ်ရှိ ရွာမိဿာကျေးရွာမှ ရေဦးမြို့နယ် မုတ်စီကျေးရွာသို့ ကုန်းကြောင်းချီတက်လာပြီး ရဟတ်ယာဉ်က ဝေဟင်မှ လုံခြုံရေးယူပေးထားကြောင်း ၎င်းက ဆက်ပြောသည်။

ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ဂဠုန်တပ်တော် ( People Defence Force – GALON) ကလည်း ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။ 

ဒီပဲယင်းအရှေ့ဘက်ခြမ်း ယဉ်ကျေးရွာ တောကျောင်းအနီးတွင် ရဟတ်ယာဉ် ၃ စင်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယနေ့ ညနေ ၄ နာရီကျော်က ဒီပဲယင်းမြို့နယ် စိုင်းပြင်စခန်းတွင် နေရာယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်ကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါ် ရေဦးစွန်ရဲအဖွဲ့မှ ဗိုလ်စိုင်းကိုကလည်း ယနေ့မွန်းလွဲ ၁ နာရီခန့်က ရဟတ် ၃ စင်း ဒီပဲယင်းအရှေ့ခြမ်းတွင် ပျံဝဲနေခဲ့ပြီး ရေဦးမြို့နယ် ရွာမိဿာကျေးရွာသို့ ၁ စင်း ရောက်ရှိလာခဲ့ကြောင်း၊ ၎င်းတို့ တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ကြသော်လည်း အခြေအနေမပေး၍ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ပြောသည်။ 

ထိုရဟတ်ယာဉ်မှာ ဇန်နဝါရီ ၁၂ က ချမ်းသာကျေးရွာတွင် မိုင်းဆွဲတိုက်ခိုက်ခံရရာတွင် သေဆုံးသွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးနှင့် ဒဏ်ရာရရှိသူ ၅ ဦးကို လာရောက်သယ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ 

“လူနာတွေနဲ့ ရွာမိဿာမှာ လာတင်သွားတယ်ဗျ။ ညောင်လှနဲ့ ယဉ်ကျေးမှာတော့ ဒီနေ့ မနက်ပိုင်းမှာ ဝင်ပစ်သွားတယ်။ ရဟတ်ယာဉ် ၁ စင်းက ပျံလို့မရလို့ ဆင်းလိုက်၊ တက်လိုက်လုပ်နေတယ်။ ကျွန်တော်တို့ ဝင်ပစ်မလို့ကို စက်က ပြန်ကောင်းသွားလို့” ဟု ၎င်းက ပြောသည်။ 

ယဉ်ကျေးရွာတွင် ပစ်ခတ်သွားသည့် ရဟတ်ယာဉ် ၂ စင်းမှာ မူးမြစ်ကြောင်းတစ်ဝိုက်တွင် ပျံဝဲနေခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများ ခင်ဦးမြို့နယ် ရွာသစ်ကုန်းကျေးရွာတွင် ဆင်းနေခဲ့ကြောင်း၊ ရဟတ်ယာဉ်ပေါ်ကလည်း ပစ်ခတ်ခဲ့၍ ကျေးရွာ ၆ ရွာမှ ထောင်နှင့်ချီသည့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း အသက် ၃၀ အရွယ် ရွာသစ်ကုန်းကျေးရွာသားတစ်ဦးက ပြောသည်။ 

“ကျွန်တော်မြင်လိုက်ရတာကတော့ ရေဦး မကျည်းတောရပ်ကွက်ကနေ ၁ စင်း တက်လာတယ်။ မူးချောင်းတစ်လျှောက်ပေါ့။ ဒီပဲယင်းဘက်ကနေ ၁ စင်းတက်လာတယ်ဗျ။ သေတာတော့ မရှိသေးဘူးဗျ။ ရဟတ်ယာဉ်လာလို့ အရိပ်အောက်ကတော့ မထွက်နဲ့လို့ ပြောထားရတယ်” ဟု ၎င်းက ပြောသည်။ 

ဇန်နဝါရီ ၆ ကတည်းက ရွာသစ်ကုန်းကျေးရွာတွင် ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ ၁၀၀ ကျော် တပ်စွဲထား၍ ၎င်းအပါအဝင် ရွာသစ်ကုန်းကျေးရွာသားများမှာ အနီးအနားရှိ အင်းပါတ်ကျေးရွာတွင် သွားရောက်ခိုလှုံနေကြရကြောင်း၊ ယနေ့ မွန်းလွဲပိုင်းတွင် ရဟတ်ယာဉ် ၂ စင်းဖြင့် ပစ်ခတ်နေပြီး မြေပြင်တွင်လည်း ၁၅၀ မမ အမြောက်များဖြင့် ပစ်ခတ်နေကြောင်း ၎င်းက ဆက်ပြောသည်။ 

“ရွာသစ်ကုန်းကနေပြီးတော့ အင်းပါတ်ရွာ အရှေ့ဘက်ကနေပြီးတော့ တောင်ဘက်ကို တက်သွားတယ်။ ဟက်စကီးက ရွာအနောက်ဘက်ကနေ ပတ်တယ်။ သူတို့က ရွာ့အရှေ့ဘက်ကနေပြီး ပတ်တယ်။ အဲဒီကနေပြီးတော့ ကုန်းသာ၊ သဲကုန်းကြီး၊ မှန်တော၊ အင်းပေါက်ဘက်ထိကို တက်သွားတယ်” ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် မိုင်းဆွဲတိုက်ခိုက်ခြင်းများဖြင့် ရင်ဆိုင်လာရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကို စစ်ကြောင်းထိုးနှိမ်နင်းရာတွင် ရဟတ်ယာဉ်၊ လေယာဉ်တို့ကို ပိုမို အသုံးပြုလာသည်။ 

ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ကရင်ပြည်နယ်တွင်လည်း လေကြောင်းမှ တိုက်ခိုက်နေသည်ဟု ပြောသည်။

“သူတို့ မြေပြင်တပ်တွေက တော်တော်လေး နေရာတိုင်းမှာ အထိနာနေတော့ နောက်ဆုံး စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ ဟိုလိုက်ဗုံးကြဲပြ၊ ဒီလိုက်ဗုံးကြဲပြနဲ့ သူတို့ စိတ်ဓာတ်ပြန်တက်လာမလား မျှော်လင့်ချက်နဲ့ လုပ်နေတဲ့ပုံ” ဟု ပဒိုစောတောနီးက ဇန်နဝါရီ ၁၀ တွင် Myanmar Now ကို ပြောသည်။ 

စစ်ကောင်စီတပ်သည် မြန်မာပြည်အလယ်ပိုင်းရှိ မြေပြန့်လွင်ပြင်များရှိရာ စစ်ကိုင်းတိုင်း ဒီပဲယင်းတွင် နိုဝင်ဘာ ၈ မှစ၍ စစ်ရဟတ်ယာဉ် ၆ စင်း အသုံးပြုကာ စစ်အင်အား ၁၅၀ ခန့် လာရောက်ချထားခဲ့ပြီး နယ်မြေစိုးမိုးမှုရရှိရန် ကြိုးပမ်းခဲ့သည်။ 

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်၏ လတ်တလော သတ်ဖြတ်၊ ဖျက်ဆီး၊ မီးရှို့မှုများနှင့် ပတ်သက်ပြီး သတင်းဌာနများက ဆက်သွယ်မေးမြန်းသော်လည်း စစ်ကောင်စီဘက်က နှုတ်ဆိတ်နေဆဲဖြစ်သည်။ 

ပြည်သူတို့ကို ကာကွယ်ရန်အတွက် “အကြမ်းဖက်သမားများ”ကို ချေမှုန်းနေရသည်ဟု အာဏာသိမ်းမှု ဆန့်ကျင်သူအများအပြားကို သတ်ဖြတ်နေသည့် စစ်ကောင်စီက ပြောလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button