သတင်း

မန္တလေးပစ်ခတ်မှုတွင် ၁၅ နှစ်သမီးသေဆုံး၊ အမျိုးသား ၂ ဦး ဒဏ်ရာရ

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး၌ ယနေ့ (ဇန်နဝါရီ ၁၃) နံနက် ၇ နာရီကျော်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့အပြီး ရုံးရှေ့ရှိ စစ်ကောင်စီတပ်သားတို့က ပတ်ဝန်းကျင်ကို ပစ်ခတ်ရာ ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။ 

ဒဏ်ရာရသူ ၂ ဦး ရှိသည်ကိုလည်း တွေ့ရကြောင်း ထိုမြို့နယ်မှ အမျိုးသားတစ်ဦးက ဆိုသည်။ 

“အုန်းဆို ပေါက်ကွဲပြီး သေနတ်သံတွေ တရစပ် စပစ်တယ်။ ကောင်မလေးက ပွဲချင်းပြီးပဲ။ အမျိုးသားနှစ်ဦးကတော့ ဒဏ်ရာပဲရတယ်။ အားလုံးကို လူမှုရေးကားနဲ့ တင်သွားပါပြီ” ဟု အမည်မဖော်လိုသော အသက် ၃၀ ဝန်းကျင် ထိုအမျိုးသားက ပြောသည်။

၆၄ နှစ်အရွယ် အမျိုးသား ဘယ်ဘက်ပခုံးထိမှန်ပြီး ၄၅ နှစ်အရွယ် အမျိုးသားမှာ ဘယ်ဘက်နားရွက် ရှပ်ထိဒဏ်ရာရကြောင်း ဒေသခံက ဆက်ပြောသည်။ 

ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်း၏လက်ချက်ဖြစ်ကြောင်း မသိရသေးသလို ဗုံးပစ်တိုက်ခိုက်ခံရမှု၊ သေဆုံးဒဏ်ရာရမှုများနှင့် ပတ်သက်၍ မေးမြန်းရန် Myanmar Now က အောင်မြေသာစံမြို့နယ်ရဲစခန်းနှင့် စစ်ကောင်စီထံ မေးမြန်းရန် ကြိုးပမ်းသော်လည်း တယ်လီဖုန်း ပြန်လည်ဖြေဆိုခြင်း မရှိကြပေ။ 

ယင်းသို့ အမျိုးသမီးငယ်သေဆုံးရခြင်းမှာ ဆိုင်ကယ်စီးအမျိုးသားနှစ်ဦး ဗုံးပစ်တိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း စစ်ကောင်စီတပ်သားတို့ကို ကိုးကားပြီး လူသိမများသည့် Facebook စာမျက်နှာတချို့တွင် နာရီပိုင်းအတွင်း ရေးသားဖော်ပြခဲ့ကြသည်။

သေဆုံးမှုမှာ စစ်သားတို့၏ လက်ချက်ဖြစ်သည်ဟု ညောင်ကွဲရပ်ကွက်နေထိုင်သူတစ်ဦးက Myanmar Now ကို ပြောသည်။ 

“သူတို့ရမ်းပစ်လို့ သေတာပါ။ ဗုံးစထိလို့မဟုတ်ပါဘူး” ဟု ထိုရပ်ကွက်မှ အသက် ၃၀ ဝန်းကျင် အမျိုးသားက ပြောသည်။

သေဆုံး၊ ဒဏ်ရာရသူတို့ကို လူမှုကူညီရေးကား(၃) စီးက သယ်ဆောင်သွားပြီးနောက် စစ်ကောင်စီတပ်က ညောင်ကွဲအုပ်ချုပ်ရေးရုံးအနီး လမ်းကို ပိတ်ဆို့ကာ လမ်းသွားလမ်းလာများကို စစ်ဆေးရှာဖွေနေသည်ဟု ဒေသခံတို့က ဆိုကြသည်။ 

ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် သေဆုံးသူ၊ ဒဏ်ရာရသူတို့၏ မိသားစုဝင်များကို ဆက်သွယ်နေဆဲ ဖြစ်သည်။ 

ဒီဇင်ဘာ ၆ ညနေပိုင်းကလည်း ချမ်းမြသာစည်မြို့နယ်တွင် စစ်သားတို့၏ပစ်ခတ်မှုကြောင့် နေအိမ်ရှေ့တွင် ဆော့ကစားနေသည့် ၅ နှစ်အရွယ် ကလေးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသေးသည်။ 

ချမ်းမြသာစည်မြို့နယ် ၁၁၀ လမ်း၊ ၄၅ လမ်းနှင့် ၄၆ လမ်းကြား အောင်သာယာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် လက်သည်မပေါ်သည့် ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ခဲ့ပြီးနောက် ထိုနေရာ၌ တပ်စွဲထားသည့် စစ်သားများက လမ်းကြိုလမ်းကြားမကျန် လိုက်လံပစ်ခတ်စဉ် မအိသန္တာအောင်ဆိုသည့် အဆိုပါ မိန်းကလေးငယ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ လူမှုရေးအသင်းအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောဆိုထားသည်။ 

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် နေ့စဉ်ရက်ဆက် ငြိမ်းချမ်းစွာ ဆန္ဒပြဆန့်ကျင်သည့် မန္တလေးမြို့တွင် စစ်ကောင်စီတပ်သားတို့က ကားနှင့်တိုက်၊ ပစ်ခတ်နှိမ်နင်းခဲ့သည်။ ရဟန်းသံဃာများပါမချန် ဒေသခံအများအပြား ဖမ်းဆီးနှိပ်စက်ခံနေရသည်။

ထိုလုပ်ရပ်များကို ခုခံသည့် ဒေသကာကွယ်ရေးအဖွဲ့များ ပေါ်ပေါက်လာပြီးနောက် စစ်ကောင်စီ၏ ယန္တရားများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများလည်း နေ့စဉ်ဆိုသလို ဖြစ်ပွားနေသည်။ 

ထိုသို့ဖြစ်စဉ်များအတွင်း စစ်တပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံတို့ ထိခိုက်သေဆုံး ဒဏ်ရာရမှုများရှိနေသော်လည်း စစ်ကောင်စီက သတင်းထုတ်ပြန်လေ့မရှိပေ။ 

နိုင်ငံအနှံ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများအတွက် တာဝန်အရှိဆုံးသူမှာ အာဏာသိမ်း စစ်ကောင်စီတပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖြစ်သည်။ 

ဒီဇင်ဘာ ၂၃ ရန်ကုန် တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းပြောစဉ် စစ်ခေါင်းဆောင်က သွေးထွက်သံယိုမှုအနည်းဆုံးဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button