မေးမြန်းခန်း

“မသန်စွမ်းတွေရဲ့အားနည်းချက်ကိုသာမက အားသာချက်တွေကိုလည်း မြင်ပေးပါ”

ရန်ကုန် – မြန်မာပြည်မှာ မသန်စွမ်းသူ ၂၃ သိန်း ရှိတယ်၊ ဒါဟာ နိုင်ငံလူဦးရေရဲ့ ၄.၆ % ဖြစ်တယ်လို့ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ကို တည်ထောင်သူ ကိုနေလင်းစိုးက ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းကို ကိုးကားပြီး ပြောပါတယ်။

မသန်စွမ်းတဲ့သူတွေရဲ့ဘဝအခြေအနေတိုးတက်လာရေးကို နောင်မှ စီစဉ်မယ်၊ ဘတ်ဂျက် အဆင်ပြေမှ လုပ်ပေးမယ်ဆိုတဲ့စိတ်မျိုး မမွေးကြဖို့လည်း သူက တိုက်တွန်းပါတယ်။

အသင်းဝင် သုံးထောင်ဝန်းကျင်ရှိတဲ့ ဒီအဖွဲ့ဟာ မြို့ကြီးတွေမှာ ရုံးခွဲများ ဖွင့်ပြီး မသန်စွမ်းသူများအရေး ဆောင်ရွက်နေတာပါ။ Myanmar Now နဲ့ တွေ့ဆုံစဉ်မှာ ကိုနေလင်းစိုးက မသန်စွမ်းသူများအရေးမှာ အာဏာပိုင်များနဲ့ ဥပဒေပြုအမတ်များရဲ့ ပူးပေါင်းပါဝင်မှု၊ ဥပဒေများကို ခေတ်နဲ့အညီ ပြုပြင်ရာမှာ မသန်စွမ်းသူများအရေးကို ထည့်သွင်းစဉ်းစားမှု စတဲ့ အကြောင်းအရာများကို ပြောပြခဲ့ပါတယ်။

မေး – အဖွဲ့ရဲ့ လုပ်ငန်းစဉ်တချို့အကြောင်း နည်းနည်းမိတ်ဆက်ပေးပါ။

ဖြေ – မသန်စွမ်းသူများ ခေါင်းဆောင် ဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်၊ ပုံမှန်သင်တန်းတွေ လုပ်တယ်၊ မိမိအရပ် ပြန်သွားပြီးတော့ အခြားသော မသန်စွမ်းသူတွေနဲ့ ပူးပေါင်းပြီးမှ နယ်ရုံးခွဲတွေ ဖွင့်လှစ်လာနိုင်အောင် နောက်ဆက်တွဲ သင်တန်းနဲ့ ငွေကြေးအသေးစား ပံ့ပိုးမှုတွေ လုပ်ပါတယ်။ ဝန်ကြီးဌာန၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း၊ ဘာသာရေးအဖွဲ့အစည်း၊ သတင်းသမား၊ ပညာရှင်အဖွဲ့အစည်း၊ လုပ်ငန်းရှင်တွေနဲ့ မသန်စွမ်းသူများအခွင့်အရေးကို မိတ်ဆက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ပုံမှန်လုပ်နေတယ်။

လူမှုစီးပွား အစီအစဉ်၊ မသန်စွမ်းသူများ စီးပွားရေး ပျိုးထောင်ဖို့ ဌာနတစ်ခု ရှိတယ်။ ကားအငှားလုပ်ငန်း၊ ပုံနှိပ်တဲ့လုပ်ငန်းတွေ ရှိတယ်။ ကိုယ်တိုင် ပါဝင်တီးခတ်တဲ့တီးဝိုင်းနဲ့ ဝင်ငွေရှာတယ်။ အစွမ်းအစတွေပြသနိုင်ဖို့ နိုင်ငံတော်အဆင့် မသန်စွမ်းသူများ အနုပညာပွဲတော်ကို နှစ်စဉ် ကျင်းပတယ်၊ နှစ်ကြိမ်ကျင်းပသွားပါပြီ။ အာဆီယံနဲ့ဂျပန်က မသန်စွမ်းသူအနုပညာရှင်တွေကို ဖိတ်ခေါ်ပြီး အိမ်ရှင်နိုင်ငံ အနေနဲ့ တစ်ကြိမ် ကျင်းပခဲ့ပါပြီ။ အနုပညာအားဖြင့် ပြည်သူကို သင်တန်းပေး၊ စွမ်းဆောင်မှုတွေ ဖော်ထုတ်ပြသပေးတာပေါ့။ အက အဖွဲ့အစည်းတစ်ခု ကျွန်တော်တို့ ရုံးမှာ ရှိတယ်။ စိတ်ဝင်စားတဲ့ အဖွဲ့အစည်းတချို့နဲ့ ချိတ်ပြီးတော့မှ မသန်စွမ်းသူတွေ အလုပ်အကိုင်ရအောင် လုပ်နေတယ်။

မေး – လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးတဲ့အကြောင်း ပြောပြပေးပါ။

ဖြေ – ၂ဝ၁၂ ကနေ ဒီနေ့အထိ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အနည်းဆုံး ၅ဝ ကနေ ၈ဝ ကြား လောက်တွေ့တဲ့ အစည်းအဝေးကြီးက အကြိမ် ၄ဝ တွေ့ခဲ့ပြီးပါပြီ။ မသန်စွမ်းဥပဒေမှာ အချက်အလက်တွေ လွှတ်တော်ကိုယ်စားလှယ်တွေ သိရှိအောင် ပညာပေးတဲ့ ကိစ္စတွေ ဆွေးနွေးဖို့ ဖြစ်ပါတယ်။

နိုင်ငံတော် ဒုသမ္မတဦးဆောင်တဲ့ မသန်စွမ်းသူများဆိုင်ရာ အမျိုးသားကော်မတီတစ်ရပ်ကို မသန်စွမ်း ဥပဒေအရ ဖွဲ့ရမယ်၊ ဖွဲ့နိုင်ဖို့ နည်းဥပဒေ မြန်မြန်ဆန်ဆန်လေး ဖြစ်အောင် အသိပညာပေး ဆွေးနွေးတဲ့အပိုင်းတွေ လုပ်တယ်။

နောက်တစ်ခုက ပညာရေးနဲ့ ပတ်သက်ပြီးမှ ခွဲခြား ငြင်းပယ်ခံရတဲ့ကိစ္စ အဓိက ဆွေးနွေးတယ်။ မသန်စွမ်းသူတွေရဲ့ အထောက်အကူပစ္စည်းတွေ မထုတ်လုပ်နိုင်သေးတဲ့၊ လွယ်လင့်တကူမရှိတဲ့၊ အခွန်အခတွေပေးရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သူတို့တွေ သိသင့်တယ်။ မသန်စွမ်းမှတ်ပုံတင် မရှိသေးတဲ့အတွက် မသန်စွမ်းသူအဖြစ် အသိအမှတ် မပြုတာတွေ၊ လူ့ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်နေတာတွေ အကြောင်း ဆွေးနွေးပါတယ်။

မေး – ပညာရေးမှာ ခွဲခြားခံရတာနဲ့ ပတ်သက်ပြီး ဖြစ်ရပ် နှစ်ခုသုံးခုလောက် ပြောပြပေးပါ။

ဖြေ – ကျွန်တော်ကိုယ်တိုင်လည်း ဒီအတွေ့အကြုံ ခံစားခဲ့ရတယ်။ ကျောင်းက လက်မခံဘူး၊ မသန်မစွမ်းဖြစ်လို့၊ ပညာတတ်ရင်လည်း ဘာမှအလုပ်အကိုင် လုပ်နိုင်မှာမဟုတ်ဘူး၊ အိမ်မှာပဲ သေစာရှင်စာ ဖတ်တတ်ရင်ရပြီ ဆိုတဲ့ အတွေး အခေါ်မျိုးနဲ့ ငြင်းပယ်ခံရတယ်။ ၇ နှစ်သားလောက်မှာ အခွင့်အလမ်းပေါ်လာမှ တက်ခွင့်ရတာ။ ကျွန်တော်တို့ရုံးမှာရှိတဲ့ မသန်စွမ်းသူတွေမှာလည်း အဲဒီ ဇာတ်လမ်းမျိုးတွေ အများကြီးရှိပါတယ်။ နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ မသန်စွမ်းတစ်ယောက်ကို ကနဦး လက်မခံဘူး။ အကြောင်းပြချက်က သူငယ်တန်းမှာ အားလုံး စုပေါင်းပြီး ကရ၊ ခုန်ရတယ်၊ မခုန်နိုင်မပေါက်နိုင်တဲ့သူတွေက သူတို့အတွက် အဆင်မပြေဘူး၊ ဘီးတပ်ကုလားထိုင်အတွက် ကျောင်းမှာ အဆင်မပြေဘူး၊ ကျောင်းသားတွေကြားထဲ အဆင်မပြေဖြစ်မှာစိုးလို့ စတဲ့ အကြောင်းတွေပြပြီး ငြင်းပယ်တယ်။ ဒုပညာရေးမှူးက သူကိုယ်တိုင်လည်း မသန်စွမ်းသူများဆိုင် ပညာပေးသင်တန်း တက်ဖူးထားတယ် ဆိုတော့ ဝိုင်းပြီး ညှိလိုက်တော့ လက်ခံလာတယ်။

မေး – ဥပဒေပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ပြောချင်တာ ရှိပါသလား။

ဖြေ – ဥပဒေတစ်ခု လုပ်လိုက်ရင် ပြီးသွားပြီလို့ တော်တော်များများ ထင်နေတယ်။ မသန်စွမ်းတဲ့သူတွေကို မခွဲခြားသော ဥပဒေတွေ၊ မူဝါဒတွေဖြစ်ဖို့ လိုပါတယ်။ ဥပမာ အစိုးရအလုပ်ခေါ်စာတွေမှာ ကြည့်ကြည့်ပါလား၊ ကိုယ်အင်္ဂါကျန်းမာ သန်စွမ်းရမည် ဆိုတဲ့ အချက်။ ကန့်သတ်ခံနေရတယ်၊ အလုပ်သွားလျှောက်လို့ မရတော့ဘူး။ မဲပေးခွင့်မှာဆိုရင်လည်း စိတ်ပေါ့သွပ်သူများ မဲပေးခွင့်မရှိ။ ကျွန်တော်တို့နယ်ပယ်မှာ ဉာဏ်ရည်မသန်စွမ်းတဲ့သူနဲ့ စိတ်ပေါ့သွပ်သူ နည်းနည်း ရောထွေးနေတာ ရှိတယ်။ တချို့သောနေရာတွေမှာ ဥပဒေအရ အကန့်အသတ်လေးတွေ ရှိတယ်။ ဥပဒေ တော်တော်များများကို ပြန်လေ့လာမယ်ဆိုရင် အဲဒီအခြေအနေတွေကို တွေ့ရမယ်။ ဒါကြောင့် ဥပဒေနဲ့ မူဝါဒတိုင်းမှာ ကျွန်တော်တို့ အခွင့်အရေးတွေကို ကန့်သတ်၊ ပိုင်းစိပ်နေတာ မဖြစ်ပေါ်ရေးအတွက် ပြန်ပြင်ပေးဖို့ မျှော်လင့်တယ်။

မေး – မသန်စွမ်းသူတွေ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်နဲ့ပတ်သက်ပြီး ဘယ်လို ယူဆပါသလဲ။

ဖြေ – ခေတ်အဆက်ဆက်က နိုင်ငံရေးကို ကြောက်စရာပုံပြင်ကြီးတစ်ခုလို မြင်ရအောင် လုပ်ထားခဲ့တာကိုး။ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်း ပါဝင်ရမယ်ဖြစ်တဲ့တွက်ကြောင့် မသန်စွမ်းတဲ့လူတွေလည်း နိုင်ငံရေးမှာ ပါဝင် ပတ်သက်ခွင့် ရှိရမယ်။ ကိုယ်က သန်သန်စွမ်းစွမ်းဖြစ်တာမဟုတ်၊ နိုင်ငံရေးမှာ ဝင်ပါချင်သေးသလား … ဆိုပြီး အားမပေးတဲ့ အသိုင်းအဝိုင်းတွေလည်း ရှိတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ပြီးရင်၊ ငြိမ်းချမ်းရေး ရပြီးသွားရင် ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေးတွေ လုပ်ကြတော့မယ်။ ဒီဖြစ်စဉ်တိုင်းမှာ မသန်စွမ်းသူတွေအရေးကိစ္စလည်း ပါနေမှာ။ အခု စစ်ပွဲတွေဖြစ်တယ်၊ မြေမြှုပ်မိုင်းတွေ နင်းတယ်၊ မသန်စွမ်းတွေ ဖြစ်တယ်၊ ဒဏ်ရာတွေ ရတယ်၊ စစ်မှုဝန်ထမ်း ဖြစ်တယ်၊ လက်နက်ကိုင် တပ်တွေမှာ တာဝန်ထမ်းဆောင်တယ်၊ (အရပ်သားတွေ) ထင်းခွေသွား၊ တောသွားရင်း ဖြစ်တယ်။ ဒါတွေက ငြိမ်းချမ်းရေးဆွေးနွေးရင်းနဲ့ တစ်ပါတည်း ပါရမယ်၊ မသန်စွမ်းတဲ့သူနဲ့ပတ်သက်တဲ့၊ ပြန်လည်ထူထောင်ပေးတဲ့ အပိုင်းတွေမှာ အကြံပြုချက်တွေ ရယူဖို့ လိုတယ်။ အရင်လိုပဲ ငါတို့လုပ်မယ်၊ ငါတို့သိတယ်၊ တတ်တယ်ဆိုပြီး လုပ်တာ မဖြစ်စေချင်ဘူး။ ပါဝင်ခွင့်တွေ ဖန်တီးပေးဖို့၊ ဖိတ်ခေါ်ဖို့ လိုပါတယ်။

မေး – မြေမြှုပ်မိုင်း အသုံးပြုနေကြတာနဲ့ ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲ။

ဖြေ – မြေမြှုပ်မိုင်းဆိုတာ ဘယ်သူမှ အားမပေး၊ သဘောမတူ၊ မလိုလားတဲ့ကိစ္စ။ သူ့ကြောင့် ကောင်းကျိုးထက် ဆိုးကျိုးတွေ ဖြစ်တာကိုး။ ဒဏ်ရာတွေရပြီးမှ မသန်စွမ်း၊ တစ်ဖက်က လူမှုစီးပွားအခြေအနေတွေလည်း နိမ့်ကျသွားစေတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အခြေအနေကနေ ပြေလည်သွားဖို့ မျှော်လင့်တယ်၊ လိုလားတယ်။ အပေါ်မှာပြေလည်မှ အောက်ခြေမှာရှိတဲ့ အခြေအနေတွေကို ရပ်တန့်နိုင်မှာပေါ့။ နောက်တစ်ချက်က ဘယ်သူတွေက ဘယ်နေရာတွေမှာ ထောင်ခဲ့တယ်ဆိုတာ မြေပုံမရှိ၊ အသေးစိတ် မပြောနိုင်ဘူး။ အဟောင်းတွေ ရှင်းလင်းရေးကလည်း ကြီးမားတဲ့ပြဿနာတစ်ခု ဖြစ်သလို အသစ်တွေ ထပ်ထောင်မယ်ဆို ပြဿနာရှိတာပေါ့။ နိုင်ငံတော်အစိုးရကိုယ်တိုင်ကလည်း ကမ္ဘောဒီးယား လုပ်ခဲ့သလို အင်အားနဲ့ဝိုင်းပြီးလုပ်တဲ့ အခြေအနေတစ်ခု ဖန်တီးဖို့ လိုပါတယ်။

မေး – အားရကျေနပ်စရာ လုပ်ဆောင်ချက်တွေအကြောင်း ပြောပြပေးပါဦး။

ဖြေ – မသန်စွမ်းသူတွေကိုယ်တိုင် အတိုင်းအတာတစ်ခုထိ ပါဝင်ပတ်သက် ဆောင်ရွက်နေနိုင်ကြတာကို အားရတယ်၊ ဂုဏ်ယူတယ်။ အခွင့်အလမ်းတွေ ပေါ်လာတယ်၊ အဖွဲ့အစည်းအနေနဲ့ လမ်းကြောင်းများများဖွင့်ပြီး ဆက်သွယ်၊ ဆက်စပ်၊ ဆောင်ရွက်နိုင်တဲ့အတွက်ကြောင့် အတိုင်းအတာ တစ်ခုအထိ အားရကျေနပ်မိပါတယ်။ ဥပဒေနဲ့ မူဝါဒပိုင်းတချို့မှာ အခုနောက်ပိုင်း မသန်စွမ်းသူတွေရဲ့ အသံ အနည်းငယ်ပါလာတယ်။ လူထုကြားထဲ နည်းနည်းလေးအသိပေးတဲ့ အခြေအနေတွေဖြစ်လာပြီ။ ဒါလည်း ရန်ကုန်ဝန်းကျင်လောက်ပဲ ဖြစ်ပေါ်နေသေးတယ်။

မေး – အဆောက်အအုံတွေ တည်ဆောက်ရာမှာ မသန်စွမ်းသူတွေအတွက် ထည့်သွင်းစဉ်းစားဖို့လိုတဲ့အကြောင်း နည်းနည်းပြောပြပေးပါ။

ဖြေ – အများပြည်သူလို့ပြောရင် မသန်စွမ်းသူတွေ ပါပြီးသား၊ လက်တွေ့မှာတော့ သူတို့က မပါဘူး၊ အဆောက်အအုံတစ်ခုဆောက်ရင် အဆင်ပြေအောင်၊ မျက်စိမမြင်တဲ့လူတွေ သွားလို့ လာလို့ရအောင် ဒါတွေ လုံးဝ ထည့်မစဉ်းစားဘူး။ မသန်စွမ်းတဲ့သူတွေကို ပထုတ်တဲ့၊ မလာနိုင်အောင်ဟန့်တားတဲ့ အခြေအနေတွေ ဖြစ်နေတယ်။ အားလုံးသွားလာနိုင်အောင် ဝင်ဆံ့နိုင်တဲ့ မြို့ပြပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးဖို့ လိုတယ်။

နိုင်ငံတော်တော်များများမှာ ဥပဒေတွေပေါ်လစီတွေနဲ့ ထိန်းကျောင်းပေးတယ်။ လုပ်ငန်းရှင်တွေ၊ အင်ဂျင်နီယာတွေကို မသန်စွမ်းတဲ့သူတွေ ထည့်လုပ်ပါလို့ ပြောရင် ဆန္ဒရှိရင် လုပ်မယ်၊ မရှိရင် မလုပ်ဘူး။ အဲဒီလို မဖြစ်ပေါ်အောင် ဥပဒေတွေချပြီး ပေါ်လစီတွေ ထိန်းပေးရမယ်။ အများပြည်သူသုံး ရုပ်ရှင်ရုံ၊ ကုန်တိုက်၊ စာသင်ကျောင်းတို့မှာ မသန်စွမ်းသူတွေ၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်တွေ အသုံးပြုနိုင်တဲ့ အစီအမံတွေမပါရင် ဆောက်လုပ်ခွင့်မပေးဘူးဆိုတာမျိုး ပေါ်လစီတွေနဲ့ ထိန်းထားရမယ်။ မလုပ်ဘူးဆိုရင် နောက်ဆက်တွဲအရေးယူဖို့ လိုအပ်တယ်။ အဲဒါမှသာလျှင် ပေါ်လာသမျှ အများပြည်သူသုံး အဆောက်အအုံတွေဟာ အားလုံးအတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။ မသန်စွမ်းသူတွေ သက်ကြီးရွယ်အိုတွေ အားလုံးအဆင်ပြေတဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်မျိုး ဖြစ်အောင် ပေါ်လစီအားဖြင့် ထိန်းကျောင်း ဆောင်ရွက်ပေးစေချင်တယ်။

မေး – မသန်စွမ်းဥပဒေထဲမှာ ဖြည့်စွက်စေချင်တာ ရှိသေးလား။

ဖြေ – ဒီဥပဒေ မူကြမ်းအဆင့်မှာလည်း အကြံပြုချက်တွေ အများကြီးပေးတယ်။ ပေးသလောက် မပါလာဘူး။ ဝန်ကြီးဌာနအဆင့်မှာလည်း ချန်ခံရတယ်၊ လွှတ်တော်ရောက်သွားတဲ့အခါလည်း လွှတ်တော်ကကိုယ်စားလှယ်တွေက သူတို့သိတဲ့ ဗဟုသုတနဲ့ ဆွေနွေးတဲ့အခါကျတော့ တချို့ဟာတွေ ဖြုတ်တာ ရှိတယ်။ ဥပမာ … အများပြည်သူသုံး အဆောက်အအုံတွေကိစ္စ ထပ်တင်းကျပ်တဲ့အဆင့်တွေ ပါလာဖို့ လိုတယ်။ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတဲ့သူတွေ လူမှုဖူလုံရေးပံ့ပိုးတဲ့ အစီအစဉ်မျိုးတွေ မပါသေးဘူး။ နိုင်ငံက မချမ်းသာသေးဘူး အကြောင်းပြချက်နဲ့ ဒါတွေ ကျန်ခဲ့တာတွေ ရှိပါတယ်။ ဥပဒေတိုင်းက တစ်ခါ တစ်ကြိမ် ပြဋ္ဌာန်းပြီးရုံနဲ့ မလုံလောက်ဘူး၊ ခေတ်နဲ့ညီအောင် အမြဲတမ်း ပြင်ဆင်နေရပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ မသန်စွမ်းအဖွဲ့အစည်းတွေက အသေးစားစီးပွားရေးလုပ်ငန်း လုပ်ချင်တယ်ဆိုရင် နိုင်ငံခြားသား အလှူရှင်တွေဆီမှာ လက်ဖြန့်စရာ မလိုဘူး။ အစိုးရရုံးတွေမှာပဲ လုပ်ချင်တဲ့လုပ်ငန်းတွေ တင်ပြပြီးတော့မှ grant (ငွေကြေးအထောက်အပံ့) တောင်းလို့ရတယ်။ ဒီမှာလည်းလိုအပ်တယ်။ လောလောဆယ် ဥပဒေမှာ အစိုးရရဲ့ ဘဏ္ဍာရေးအထောက်အပံ့ ပေးတဲ့အပိုင်း မတွေ့ရဘူး။

မေး – မသန်စွန်းသူတွေအပေါ် ပတ်ဝန်းကျင်ရဲ့ စေတနာလွန်ကဲမှုရော ကြုံရသလား။

ဖြေ – အရင်တုန်းက အိမ်ပြင်ထွက်ဖို့တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေရှိပြီးမှ အတင်းကို ရုန်းကန်ထွက်မှ အပြင်ရောက်တဲ့ အခြေအနေပါ။ မိသားစုနဲ့ ပတ်ဝန်းကျင်ကလည်း အပြင်ထွက်ဖို့ အားမပေးကြဘူး။ စေတနာနဲ့တားတာပေါ့။ ကော်မတီတွေဖွဲ့ကြ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ရွေးကြတဲ့အခါ မသန်စွမ်းတဲ့လူတွေ ပါလာရင် ငြင်းပယ်တာတွေ ရှိတယ်။ မတင့်တယ်ဘူး၊ ဒါမှမဟုတ်ရင် လုပ်နိုင်ပါ့မလား ဆိုတဲ့ အတွေးနဲ့ မသိမသာ ဖယ်ချင်တာ။ အထူးသဖြင့် မိန်းမလေးမသန်စွမ်းသူတွေ စိတ်အားငယ်သွား စေတယ်၊ အပြင်မထွက်ရဲတော့ဘူးပေါ့။ ဒါမျိုးတွေဖြစ်တယ်။ စေတနာလွန်ကဲတာပေါ့။ အထူး သက်သက်စဉ်းစားတာပေါ့၊ (ကျောင်းမှာလည်း) ကျွန်တော်တို့ကို ထိုင်ခုံထဲမှာပဲ ထိုင်နေ၊ ဘာမှ မလုပ်နဲ့၊ ဝါစိမ်းနီပြာအသင်းတွေ မပါနဲ့၊ ကျောင်းသားတွေ ခရီးထွက်ရင်လည်း ခေါ်မသွားဘူး၊ အခန်းထဲမှာပဲ သက်သောင့်သက်သာနေပေါ့၊ အဲဒီလို လုပ်တာကြောင့် ကာယကံရှင်မသန်စွမ်းတွေက ရပ်ရွာတွေထဲမှာ၊ ကျောင်းလှုပ်ရှားမှု တွေမှာ၊ မိသားစုတွေရဲ့ အစီအစဉ်တွေမှာ ပါဝင်ခွင့်မရဘူး။ အတိုင်းအတာတစ်ခုအထိ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရသွားကြတာ ရှိပါတယ်။

ကျွန်တော်တို့ကို တွေ့ရင် မျက်စိ မမြင်၊ နားမကြားဘူး၊ လမ်းမလျှောက်နိုင်ဘူး စတဲ့ မသန်စွမ်းတွေရဲ့ အားနည်းချက်ကိုသာမက အားသာချက်တွေကိုလည်း မြင်ပေးပါလို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ ။

Show More

Related Articles

Back to top button