
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် မြန်မာပြည်သူများနှင့် နိုင်ငံတကာက ကန့်ကွက်နေသည့်ကြားမှ ဇန်နဝါရီလ ၇ ရက်နေ့တွင် နေပြည်တော်ကို ရောက်ရှိလာပြီး မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးကာ နှစ်နိုင်ငံပူးတွဲကြေညာချက်ကို ထုတ်ပြန်သည်။
ထိုပူးတွဲကြေညာချက်တွင် မင်းအောင်လှိုင်ကို “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဝန်ကြီးချုပ်” ဟု သုံးနှုန်းဖော်ပြလိုက်ခြင်းဖြင့် ဟွန်ဆန်သည် အကြမ်းဖက်စစ်ခေါင်းဆောင်ကို မြန်မာနိုင်ငံ၏ အစိုးရအကြီးအကဲအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်သည်။
ဟွန်ဆန် မြန်မာပြည်သို့ မသွားရောက်မီ ကမ္ဘောဒီးယားနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ထိုခရီးစဉ်အပေါ် ဝေဖန်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဟွန်ဆန်သည် စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုရန် သွားရောက်ခြင်းမဟုတ်ကြောင်း ဇန်နဝါရီလ ၆ ရက်နေ့တွင် ငြင်းဆိုထားသည်။
သို့သော် ဟွန်ဆန်၏ နေပြည်တော်ခရီးစဉ်အတွင်း ထွက်ပေါ်လာသော နှစ်နိုင်ငံပူးတွဲကြေညာချက်က အပြောတခြား အလုပ်တခြားဖြစ်နေသည်။ ထိုနှစ်နိုင်ငံပူးတွဲကြေညာချက်ကို ကမ္ဘောဒီးယားအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ အပြုအမူက အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်မခံသော အာဆီယံ၊ ကုလသမဂ္ဂနှင့် ကမ္ဘာကြီးကို စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။
ဟွန်ဆန် – မင်းအောင်လှိုင် ပူးတွဲကြေညာချက်က ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် တက်ရောက်ခဲ့သော အရေးပေါ်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ သဘောတူထုတ်ပြန်ချက်နှင့် ဆန့်ကျင်လျက်ရှိသည်။
မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ အကြီးအကဲအဖြစ် ယနေ့အထိ အသိအမှတ်မပြုသော ကုလသမဂ္ဂ၏ ရပ်တည်ချက်နှင့်လည်း ဆန့်ကျင်နေသည်။
ကမ္ဘာကြီးကို မျက်နှာပြောင်တိုက် လှည့်စားသော နှစ်နိုင်ငံ ပူးတွဲကြေညာချက်
နှစ်နိုင်ငံပူးတွဲကြေညာချက်တွင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) များနှင့် အပစ်အခတ်ရပ်စဲမှုကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကြေညာထားပြီးဖြစ်ကြောင်း၊ ထိုအပစ်အခတ်ရပ်စဲမှုကို ၂၀၂၂ ခုနှစ်ကုန်အထိ တိုးချဲ့ရန် ဆုံးဖြတ်ထားကြောင်း ပါဝင်သည်။
ထိုလုပ်ရပ်သည် အာဆီယံခေါင်းဆောင်များချမှတ်ခဲ့သော “တူညီဆန္ဒ ၅ ချက်” ကို အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟု ဆိုထားသည်။
ထို့ပြင် တင်းမာမှုများလျော့ပါးပြီး၊ သက်ဆိုင်သူများနှင့် အပြုသဘောတွေ့ဆုံဆွေးနွေးမှုကို ဖြစ်စေသော ငြိမ်းချမ်းရေးကို ရရှိနိုင်သောအချက်အဖြစ် ဟွန်ဆန်က အခိုင်အမာထောက်ခံထားသည်။
ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဟွန်ဆန်က ၎င်း၏ Facebook မှတစ်ဆင့် အပစ်အခတ်ရပ်စဲရေးကို ဆန့်ကျင်သူများသည် စစ်ပွဲ၏ရလဒ်အဖြစ် ထိခိုက်သေဆုံးမှုများကို မြင်တွေ့လိုသူများသာဖြစ်သည်ဟု ရေးသားထားသည်။

ဟွန်ဆန် မင်းအောင်လှိုင်အလိမ်ခံရခြင်းလား၊ ကမ္ဘာကြီးကို ပူးပေါင်းလိမ်လည်ခြင်းလား
ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည့် အပစ်အခတ်ရပ်စဲရေးဆိုသည်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာမသိမ်းခင် အချိန်အတော်ကြာကတည်းက မြန်မာစစ်တပ်က စာရွက်ပေါ်တွင် ဟန်ပြလုပ်ဆောင်နေခြင်းဖြစ်သည်။
လက်တွေ့မြေပြင်တွင်မူ EAO တစ်ဖွဲ့မဟုတ်တစ်ဖွဲ့ကို ပြင်းထန်စွာတိုက်ခိုက်နေသည့် စစ်တပ်၏လုပ်ရပ်ကို မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများက သိရှိထားသည်။
ယင်းကိစ္စသည် အာဏာသိမ်းမှုနှင့်အတူ စစ်တပ်က ကိုယ့်ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်နေခြင်းကို ချက်ချင်းရပ်တန့်ရန် အာဆီယံ၏ တောင်းဆိုမှုနှင့် လားလားမျှ မသက်ဆိုင်ပါ။
၂၀၂၀ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးခေါ်ယူသည့် အကြောင်းရင်းမှာ စစ်တပ်၏အာဏာသိမ်းမှုနှင့် ပြည်သူများအပေါ် အကြမ်းဖက်နှိမ်နင်းသတ်ဖြတ်နေမှုကို ရပ်တန့်ရန် ဖြစ်သည်။
“တူညီဆန္ဒ ၅ ချက်” တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်ဟူသော အချက်ပါဝင်သည်။ အာဏာသိမ်းစစ်တပ်က ပြည်သူများအပေါ် အကြမ်းဖက်နေမှုအား ချက်ချင်းရပ်တန့်ရန် တောင်းဆိုချက်သာ ဖြစ်သည်။
ထိုအစည်းအဝေးကို ကိုယ်တိုင်တက်ရောက်ခဲ့သော ဟွန်ဆန်သည် အဆိုပါအချက်ကို မသိခြင်းမဖြစ်နိုင်ပါ။ မြန်မာစစ်ခေါင်းဆောင်များ ပြုလုပ်နေကျ အာဆီယံနှင့် ကမ္ဘာကြီးကို လိမ်ညာလှည့်ဖြားမှုများကို ဟွန်ဆန်က ထောက်ခံကာ ကူညီလိမ်ညာပေးခြင်းသာ ဖြစ်သည်။
ဟွန်ဆန်သည် မြန်မာပြည်သူများ ခံစားနေရသော စစ်တပ်၏ သတ်ဖြတ်အကြမ်းဖက်မှုများကို ပြက်ရယ်ပြု စော်ကားလိုက်ခြင်း ဖြစ်သည်။ ထို့ပြင် အာဆီယံခေါင်းဆောင်များအစည်းအဝေးဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး၊ မင်းအောင်လှိုင်ကို အာဏာရှင်အချင်းချင်း မျက်ကန်းထောက်ခံမှုပေးခဲ့ခြင်းဖြစ်သည်။
အာဆီယံအထူးကိုယ်စားလှယ်၏ အခန်းကဏ္ဍကို စစ်ကောင်စီ လှည့်စားခြင်း
EAOs များနှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများကို အာဆီယံအထူးကိုယ်စားလှယ် ပါဝင်တက်ရောက်မှုကို မင်းအောင်လှိုင်က ကြိုဆိုကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားပြီး ထိုအချက်သည် အာဆီယံ၏ တူညီဆန္ဒ ၅ ချက်တွင် ပါဝင်ကြောင်း ဖော်ပြထားသည်။
အမှန်အားဖြင့် EAOs များနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို မြန်မာ့ဒီမိုကရေစီအပြောင်းအလဲဟု တင်စားခဲ့ကြသော ၂၀၁၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲနှင့်အတူ ထိုအချိန်က စစ်ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ သမ္မတဦးသိန်းစိန် လက်ထက်ကတည်းက စတင်လာပြီး၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရတစ်လျှောက်လုံး ဆယ်စုနှစ်တစ်ခုကြာ လုပ်ဆောင်ခဲ့သော မအောင်မြင်သည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုလုံး ပြုလုပ်ခဲ့သော ဆွေးနွေးပွဲပေါင်းများစွာကို ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ တရုတ်နိုင်ငံအထူးကိုယ်စားလှယ်၊ ဂျပန်နိုင်ငံအထူးကိုယ်စားလှယ် စသဖြင့် အထူးကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြဖူးသည်။ မည်သို့မျှ ထူးခြားမလာဘဲ စစ်အာဏာသိမ်းမှုသာ ဖြစ်ပွားခဲ့သည်။
ယခုတစ်ဖန် စစ်အာဏာသိမ်းမှုကို မထောက်ခံဘဲ၊ စစ်တပ်နှင့် အပစ်ရပ်ဆွေးနွေးပွဲများ မပြုလုပ်နိုင်ပါဟု EAOs များအားလုံးက ငြင်းဆန်ထားချိန်၊ အာဆီယံအထူးကိုယ်စားလှယ်ကို မင်းအောင်လှိုင်က ပြန်လည်စတင်နိုင်ခြင်းမရှိသော အပစ်ရပ်ဆွေးနွေးပွဲကို ပါဝင်တက်ရောက်မည်ဆိုလျှင် ကြိုဆိုသည်ဟု ဖော်ပြထားခြင်းမှာ အလွန်ရယ်စရာကောင်းသော လှည့်စားချက် ဖြစ်သည်။
အမှန်တကယ်အားဖြင့် အာဆီယံခေါင်းဆောင်များ၏ “တူညီဆန္ဒ ၅ ချက်” တွင် ပါဝင်သော အာဆီယံအထူးကိုယ်စားလှယ်၏ အခန်းကဏ္ဍဖြစ်သော သက်ဆိုင်သူများအားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုဖြစ်မြောက်ရေး ကြားဝင်ကူညီ ဆောင်ရွက်ရေးဆိုသည်မှာ အာဏာသိမ်းမှုပြဿနာတွင် အဓိကဖြစ်သော စစ်တပ်နှင့် အာဏာသိမ်းမှုကို ဆန့်ကျင်သော ဒီမိုကရေစီအင်အားစုများအကြား ငြိမ်းချမ်းစွာညှိနှိုင်းဆွေးနွေးအဖြေရှာရေးကို ဆိုလိုခြင်းဖြစ်သည်။
စစ်တပ်နှင့် EAOs များအကြား ရပ်တန့်နေသော အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ကြားဝင်ကူညီရေး မဟုတ်ပါ။

အာဆီယံ “တူညီဆန္ဒ ၅ချက်” ကို စစ်ကောင်စီ၏ “လမ်းပြမြေပုံ ၅ချက်” နှင့် လွှမ်းမိုးရန် ကြိုးစားခြင်း
အာဆီယံ၏ “တူညီဆန္ဒ ၅ ချက်” ပါ ရည်ရွယ်ထားသည့်အတိုင်းမဟုတ်ဘဲ ထိုအချက်များကို အကောင်အထည်ဖော်နေပါသည်ဟု နှစ်နိုင်ငံပူးတွဲကြေညာချက်တွင် အဘယ်ကြောင့် ထည့်သွင်းထုတ်ပြန်ရသနည်း။ ဟွန်ဆန်က ဘာကြောင့် သဘောတူခဲ့သနည်း။
ပူးတွဲကြေညာချက်တွင် မင်းအောင်လှိုင်က အာဆီယံ၏ “တူညီဆန္ဒ ၅ ချက်” သည် စစ်ကောင်စီက ချမှတ်ထားသော “လမ်းပြမြေပုံ ၅ ချက်” အကောင်အထည်ဖော်ရေး အပြန်အလှန်အထောက်အကူပြုသင့်ကြောင်း ပြောဆိုခဲ့သည်။
ထို့ကြောင့် အာဆီယံ “တူညီဆန္ဒ ၅ ချက်” ကို စစ်ကောင်စီ၏ “လမ်းပြမြေပုံ ၅ ချက်” နှင့် ရောသမမွှေထားပြီး မင်းအောင်လှိုင်သည် သူလိုချင်သလို အဓိပ္ပာယ်ဖွင့်ဆို ဖော်ပြထားခြင်းဖြစ်သည်။ ထိုအချက်ကို ဟွန်ဆန်က သဘောတူထောက်ခံထားသည်။
ဟွန်ဆန် – မင်းအောင်လှိုင် ပူးတွဲကြေညာချက်သည် မြန်မာ့အရေး အာဆီယံ၏ ကြားဝင်ဖြေရှင်းရန် ကြိုးပမ်းမှုတစ်ခုလုံးကို ပျက်စီးသွားနိုင်ပါသည်။ အာဆီယံ “တူညီဆန္ဒ ၅ ချက်” ကို ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံများအားလုံးက ထောက်ခံထားခြင်းကို အလွဲသုံးစားပြုရာ ရောက်သည်။
အာဆီယံ၏ ဒေသတွင်းဦးဆောင်မှုနှင့် ဗဟိုပြုမှုကို ကမ္ဘာကြီးက လေးစားလျက် မြန်မာ့အရေး အာဆီယံကိုယ်တိုင် မှန်မှန်ကန်ကန် ရပ်တည်ဖြေရှင်းဆောင်ရွက်မှုကို လိုလားစောင့်ကြည့်နေခြင်း ဖြစ်သည်။
ယခုကဲ့သို့ အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို စတင်ရယူပြီး ရက်ပိုင်းအတွင်း ဟွန်ဆန်၏လုပ်ရပ်သည် အာဆီယံ၏ဂုဏ်သိက္ခာကို လုံးဝပျက်စီးစေနိုင်သည်။
ယခုခရီးစဉ်သည် အာဆီယံဥက္ကဋ္ဌတာဝန်နှင့် မဟုတ်ဘဲ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် သွားရောက်ပြီး နှစ်နိုင်ငံပူးတွဲကြေညာချက်ဖြစ်သော်လည်း အာဆီယံခေါင်းဆောင်များ ချမှတ်ခဲ့သော “တူညီဆန္ဒ ၅ ချက်” ကို ပုံပျက်ပန်းပျက်ဖြစ်စေရန် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ပူးပေါင်းကြံစည်သော လုပ်ဆောင်ချက် ဖြစ်သည်။
အာဆီယံအဖွဲ့အတွင်း ဟွန်ဆန်၏ ဦးဆောင်မှုကြောင့် သဘောထားကွဲပြားမှုများ ပိုမိုနက်ရှိုင်းပြီး ပြဿနာများ ပိုမိုကြီးထွားလာနိုင်ပါသည်။ ထို့ပြင် ဟွန်ဆန်၏ မြန်မာ့အရေး ကိုင်တွယ်ပုံကြောင့် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများအကြား ဆက်ဆံရေးများပါ ဆက်တိုက်ထိခိုက်လာနိုင်ပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)