
ယခုရက်ပိုင်းအတွင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ပိုင်းရှိ Mytel ဖုန်းတာဝါတိုင်များနှင့် စစ်ကောင်စီတပ်သားတို့ကို ပစ်မှတ်ထားတိုက်ခိုက်အပြီးတွင် အသက်မပြည့်သေးသည့် ဒေသခံတစ်ဦး ဖမ်းဆီးခံလိုက်ရသည်ဟု သိရကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ပြောသည်။
ဇန်နဝါရီ ၆ နံနက်ပိုင်း ကင်းကျေးရွာရှိ စစ်တပ်ပိုင် Mytel ဖုန်းတာဝါတိုင်မှ စက်ပစ္စည်းများနှင့် ကြိုးများကို ဖျက်ဆီးခဲ့ကြောင်း၊ နောက်တစ်နေ့ (ဇန်နဝါရီ ၇)တွင် ထိုနေရာသို့ ဦးတည်လာသည့် စစ်ကားသုံးစီးပါယာဉ်တန်းကို မြောင်းဦးကျေးရွာအနီးတွင် လက်လုပ်မိုင်းဖောက်ခွဲ၍ တိုက်ခိုက်ခဲ့ကြောင်း မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“တာဝါတိုင်တွေက ရွာအတွင်းရှိနေလို့ တိုင်တွေကိုတော့ ဖြိုလို့မရဘူး။ စက်ပစ္စည်းတွေကို ဖျက်ဆီးတယ်၊ မီးရှို့ခဲ့တယ်” ဟု သူက ပြောသည်။
“အဲ့ဒီ (Mytel) တိုင်ဆီကို လာတဲ့ စစ်ကားတွေကို ရွာနားရောက်တဲ့အချိန်မှာ မိုင်းခွဲတာမှာ ကားသေးရဲ့နောက်ပိုင်း တည့်တည့်ထိတယ်။ အဲ့ဒီကားပေါ်လိုက်လာတဲ့ထဲက တစ်ယောက်သေ၊ နှစ်ယောက် ဒဏ်ရာရတယ်။ ဒါက ကျွန်တော်တို့ မြင်ရသလောက်ပါ”
စစ်ယာဉ်တန်းတိုက်ခိုက်ခံရချိန်တွင် ပေါက်ကွဲသံကြောင့် နေအိမ်မှထွက်ကြည့်သည့် မြောင်းဦးကျေးရွာဒေသခံ ၁၄ နှစ်အရွယ် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
တစ်ချိန်တည်းတွင်ပင် စစ်ကောင်စီတပ်က မတ္တရာမြို့နယ်အရှေ့ပိုင်းရှိ သဖန်းကိုင်း၊ ကင်းရွာ၊ မြောင်းသစ်၊ သန်းကုန်း၊ ရုံးပင် စသည့်ကျေးရွာများသို့ စစ်ကြောင်းနှစ်ခုဖြင့် ရောက်ရှိလာပြီး စီးနင်းရှာဖွေကြသည်ဟု သဖန်းကိုင်းရွာသားတစ်ဦးက ပြောသည်။
ထိုသို့ စီးနင်းနေသော်လည်း PDF က ယနေ့ (ဇန်နဝါရီ ၈) နံနက် ၃ နာရီ ကျော်တွင်လည်း ငါးလုံးပြွန်ကျေးရွာအတွင်းရှိ Mytel တိုင်ကို အလားတူ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ထို့နောက် မတ္တရာအရှေ့ပိုင်းသို့ စစ်သားသွားပို့ပြီး ပြန်လာသည့် စစ်ယာဉ်တန်းကို ယနေ့ မွန်းတည့် ၁၂ နာရီကျော် အချိန်တွင် ဆိပ်သာကျေးရွာအနီး ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး၊ စစ်သားအသေအပျောက် မသိရှိရသေးကြောင်း အထက်ပါ မတ္တရာ PDF အဖွဲ့ဝင်က ဆိုသည်။
ပြည်သူတို့ကို အကာအကွယ်ပေးနေသည်ဟု ပြောဆိုလေ့ရှိသည့် စစ်ကောင်စီက PDF အဖွဲ့ဝင်တို့ကို အကြမ်းဖက်သမားများဟု သုံးနှုန်းလေ့ရှိသည်။
မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီက ၂၀၂၁ အောက်တိုဘာနှင့် နိုဝင်ဘာအတွင်းမှစ၍ PDF အဖွဲ့ဝင်တို့ကို လိုက်လံချေမှုန်းစဉ် အရပ်သားအများအပြားကိုလည်း ဆက်တိုက်ဖမ်းဆီး နှိပ်စက်သတ်ဖြတ်နေသည်။ သို့သော်လည်း ထိုဖြစ်ရပ်များကို ငြင်းဆိုခြင်း၊ ဝန်ခံခြင်း မရှိပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)