
ရွှေဘို ထောင်တွင်းအထူးတရားရုံးက စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်းမ်သတင်းဌာနတွင် လုပ်ကိုင်ခဲ့ဖူးသူ ဒုအယ်ဒီတာ ကိုပြည့်ဖြိုးအောင်၊ သတင်းထောက် ကိုမြင့်မြတ်အောင် (ခေါ်) ကိုဒီမြတ်ငြိမ်းတို့ကို ယမန်နေ့ (ဇန်နဝါရီ ၆) တွင် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ကြောင်း ရှေ့နေများထံမှ သိရှိရသည်။
နှစ်ဦးစလုံးကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅ (က) ဖြင့် အမိန့်ချလိုက်သည်ဟု လိုက်ပါကူညီပေးနေသည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။
“ပြည့်ဖြိုးအောင်က ရင်ဆိုင်ဖို့ အမှုမကျန်တော့ဘူး။ ဒီမြတ်ငြိမ်းတစ်ဦးတည်းကိုတော့ အကြမ်းဖက်နဲ့ အမှုထပ်စွဲထားသေးတယ်” ဟု ရှေ့နေက ဆိုသည်။
အဆိုပါသတင်းဌာနမှ ကိုငြိမ်းဇော်လင်း၊ သတင်းထောက် ကိုဝဏ္ဏအောင်၊ အယ်ဒီတာချုပ် ကိုစောရန်ပိုင်တို့လည်း ဝရမ်းထုတ်ခံထားရကြောင်း ရှေ့နေထံမှ သိရသည်။
“သူတို့ကို လက်ရှိတော့ ဝရမ်းပဲ ထုတ်ထားတာ။ အကြမ်းဖက်ပုဒ်မ ပါမပါက စစ်ဆေးပေါ်ပေါက်ချက်အရပဲပေါ့၊ ပါချင်လည်းပါမယ်၊ မပါချင်လည်းမပါဘူး” ဟု ရှေ့နေက ဆက်ပြောသည်။
၂၅ နှစ်အရွယ် ကိုဒီမြတ်ငြိမ်းသည် ဇွန် ၂၆ တွင် ၎င်း၏ စစ်ကိုင်းမြို့နေအိမ်တွင် အဖမ်းခံရသည်။
၃၂ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်သည် စစ်ကိုင်းမြို့ ဘုန်းကြီးကျောင်းတစ်ခုတွင် ရှိနေစဉ် အောက်တိုဘာ ၁၁ တွင် အဖမ်းခံရသည်ဟု စစ်ကိုင်းမှ လုံခြုံရေးအရ အမည်မဖော်လိုသော လူငယ်တစ်ဦးက ပြောသည်။
“သူက ဘုန်းကြီးမဝတ်ခင်မှာ ရဲစခန်းမှာ သွားတွေ့ပြီး ခံဝန်ထိုးတယ်။ ထိုးပြီး နောက်ရက်အနည်းငယ်နေတော့ သူဘုန်းကြီးဝတ်နေတဲ့ကျောင်းကို လာဖမ်းသွားတာ” ဟု ထိုအမျိုးသားက ဆိုသည်။
“ကျွန်တော်တို့လဲ ပြေးနေရတော့ အမှုတွေအခြေအနေ ဘာမှ မသိရဘူး။ အမိန့်ချလိုက်တာ စိတ်မကောင်းဘူးဗျာ။ ပြေးနေရတော့ ဘာမှလဲ ကူညီပေးနိုင်တဲ့အခြေအနေ မရှိဘူး” ဟု သူက ဆက်ပြောသည်။
လက်ရှိတွင် ၎င်းတို့နှစ်ဦးစလုံးကို စစ်ကိုင်းတိုင်း ရွှေဘိုထောင်တွင် ထိန်းသိမ်းထားသည်ဟု ဒေသခံများထံမှ သိရသည်။
သတင်းသမားများကို ဖမ်းဆီးထောင်ချခြင်းနှင့် ပတ်သက်ပြီး မေးမြန်းရန် Myanmar Now က စစ်ကိုင်းမြို့မရဲစခန်းနှင့် စစ်ကောင်စီထံ ဆက်သွယ်၍ မရသေးပေ။
Myanmar Now က ဖတ်ရှုခွင့်ရသည့် ရဲစခန်းတိုင်တန်းချက်တွင်မူ သတင်းသမားများကို စစ်ကိုင်းမြို့ မြို့မရဲစခန်းမှ ဒုရဲမှူးဝင်းဇော်မိုးဆိုသူက တရားလိုပြုလုပ် တိုင်ကြားထားသည်ကို တွေ့ရသည်။
ဇေယျာတိုင်းမ်အဖွဲ့ဝင်များသည် အာဏာသိမ်းစစ်ကောင်စီဟု သုံးနှုန်းသည်၊ CRPH, NUG တို့၏သတင်းများကို ရေးသားဖော်ပြသည်၊ ဆန္ဒပြပုံများကို နေ့စဉ်ဖော်ပြသည်ဟု တိုင်ချက်တွင် ရေးထားသည်။
ဇေယျာတိုင်းမ်သတင်းဌာနသည် စစ်တပ် အာဏာသိမ်းပြီး လအနည်းငယ်အကြာကတည်းက လုပ်ငန်းရပ်နားထားသည်။
အထက်မြန်မာပြည်မှ အမည်မဖော်လိုသူ သတင်းသမားတစ်ဦးက စစ်ကောင်စီ၏ လုပ်ရပ်မှာ စက်ဆုပ်ဖွယ်ကောင်းသည်ဟု မှတ်ချက်ပြုသည်။
“သူတို့အာဘော်အတိုင်း လိုက်မရေးနိုင်လို့ ထောင်ချခံရတာ။ ရွံရှာဖွယ်ပါပဲ။ စစ်ကောင်စီလက်ထက်မှာ သတင်းရေးလို့ ထောင်ချနေတယ်။ သတင်းလွတ်လပ်ခွင့်တွေ ဆုံးရှုံးသလို သတင်းသမားတွေအတွက် အန္တရာယ်တွေလည်း ပိုများလာတယ်”ဟု ကိုယ်တိုင် ထွက်ပြေးတိမ်းရှောင်နေရသူ အဆိုပါသတင်းသမားက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)