ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ တိုက်ပွဲတွင် ဖမ်းထားသည့် ဒေသခံ ၇ ဦးကို စစ်ကောင်စီတပ်က လူသားဒိုင်းသဖွယ်သုံးနေသည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ၏ မတူပီ စစ်နယ်မြေ ပြောခွင့်ရသူက ဆိုသည်။
မတူပီမြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာ မတူပီ-ဟားခါးလမ်းပေါ်တွင်ရှိသည့် ကီးလှုန်နှင့် လုံလှော်ရွာ ကြားတွင် ယမန်နေ့(ဇန်နဝါရီ ၆) နံနက်က တိုက်ပွဲဖြစ်စဉ်အတွင်း လူလတ်ပိုင်းနှင့် လူကြီးပိုင်း အမျိုးသား၊ အမျိုးသမီး ၇ ဦးကို စစ်တပ်က ဖမ်းကာ ထိုသို့ လုပ်ဆောင်နေသည်ဟု ၎င်းက ပြောသည်။
ထိုအရပ်သားများ စစ်ကြောင်းအတွင်း ရှိနေသဖြင့် တိုက်ခိုက်မှုများ အဟန့်အတားဖြစ်နေသည်ဟု CDF မြေပြင်တပ်ဖွဲ့ဝင်များက သတင်းပို့လာကြောင်း ထိုသူက ဆက်ပြောသည်။
“ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေအခြေစိုက်စခန်းကို သူတို့(စစ်ကောင်စီ)ထိုးစစ်ဆင်တဲ့အချိန်မှာ ဖမ်းမိတဲ့သူတွေကို သူတို့က စစ်ပွဲအတွင်းမှာ ခေါ်ဆောင်ပြီးတော့ လမ်းပြပုံစံမျိုးပေါ့”ဟု CDF မတူပီ ပြောခွင့်ရသူက ဆိုသည်။
စစ်တပ်က ဖမ်းထားသူတို့၏ အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
အရပ်သားများကို ထိုသို့ အသုံးချခြင်းသည် မြန်မာနိုင်ငံက လက်မှတ်ထိုးထားသော ဂျနီဗာသဘောတူညီချက်ကို ဖောက်ဖျက်ရာရောက်သည်ဟု သူက ထောက်ပြသည်။
“ဂျနီဗာကွန်ဗန်းရှင်းမှာလည်း ပါမှာပါ။ တိုက်ပွဲအတွင်းမှာ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့သူတွေကို အသုံးပြုတာ၊ အသုံးချတာဟာ စစ်ရာဇဝတ်မှုကျူးလွန်တာပဲ” ဟု သူက မှတ်ချက်ပြုသည်။
နှစ်ဖက် ထိခိုက်၊ သေဆုံးမှု အသေးစိတ်ကို ထုတ်မပြောနိုင်သော်လည်း နယ်မြေမကျွမ်းကျင်သော စစ်တပ်ဘက်မှ အထိနာနေသည်ဟု ၎င်းက ဆိုသည်။
မတူပီမြို့တွင်ရှိသည့် ခြေမြန်တပ်ရင်း(၁၄၀)နှင့် စစ်တပ်ဗျူဟာကုန်းဘက်မှ တိုက်ပွဲဖြစ်ပွားရာသို့ လက်နက်ကြီးပစ်ကူပေးနေသည်ဟု အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။
ဒေသတွင်းမဟာမိတ်များက ၎င်းတို့၏ ခုခံစစ်တွင် ကူညီ တိုက်ခိုက်နေသည်ဟု ဆိုသည်။
အရပ်သားတို့ကို စစ်ကြောင်းရှေ့တွင် အကာအကွယ်အဖြစ်ထားရှိသည်ဟူသော ပြောဆိုချက်အပါအဝင် ထိုဒေသအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများနှင့် စပ်လျဉ်း၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးပါ။
CDF မင်းတပ် ပြောဆိုချက်
စစ်ကောင်စီက မတူပီ−ဟားခါးလမ်းပေါ်ရှိ CDF တပ်ဖွဲ့ဝင်များရှိရာ ဒေသများအတွင်းသို့ ဇန်နဝါရီ ၄ ရက်မှစကာ ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း၊ အရာရှိအပါအဝင် စစ်သား ၃ ဦး အနည်းဆုံး သေဆုံးကာ ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း CDF မင်းတပ်ဘက်က ပြောထားသည်။
စစ်ကူထပ်ဖြည့်ထားသော စစ်ကောင်စီက အင်အား ၁၅၀ ကျော်ဖြင့် ဒေသတွင်း စစ်ရေးလှုပ်ရှားနေသည်ဟု CDF မင်းတပ်က ခန့်မှန်းထားသည်။
မတူပီ−ပလက်ဝလမ်းပေါ်၌ အင်အား ၆၀ ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီစခန်းတစ်ခုကို ဇန်နဝါရီ ၃ရက်မှစ၍ နှစ်ရက်ဆက်တိုက် ဝင်တိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးထက်မနည်းသေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရသည်ဟု CDF မင်းတပ်က ပြောထားဖူးသည်။
စစ်ကောင်စီက ချင်းပြည်နယ်သို့ ၂၀၂၁ နှစ်ကုန်ပိုင်းမှစ၍ အင်အားအလုံးအရင်းပို့လွှတ်ထားပြီး ထိုစစ်ဆင်ရေးကို ပုဂံခေတ်ဦး ဘုရင်တစ်ပါးဖြစ်သော အနော်ရထာ၏အမည် ပေးထားသည်။
အနော်ရထာစစ်ဆင်ရေးနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



