အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျွန်းလှမြို့ပေါ်တွင် ပျူစောထီးများက နေအိမ်တချို့ကို မီးရှို့

စစ်ကောင်စီတပ်၏ အရန်အင်အားအဖြစ် လှုပ်ရှားနေသော ပျူစောထီးလက်နက်ကိုင်အဖွဲ့က စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့ရှိ အဆောက်အအုံတချို့ကို ယမန်နေ့ (ဒီဇင်ဘာ ၃၁) ည ၁၁ နာရီခန့်က မီးရှို့ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။  

ပျဉ်းမမြိုင်ရပ်ကွက်မှ နှစ်ထပ်တိုက်အိမ်တစ်လုံး၊ စည်ပင်ဈေးကုန်းမှ လက်ဖက်ရည်ဆိုင် ဆိုင်ခန်းတချို့နှင့် ဆိုင်ကယ်တစ်စီးတို့ကို မီးရှို့ကာ ရွှေပန်းထိမ်ဆိုင်ကို မွှေနှောက်သွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံနှစ်ဦးက အတည်ပြုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ၊ ပါတီကို ထောက်ခံသူများ၏ ဆိုင်နှင့် အိမ်များကို ပစ်မှတ်ထားလိုဟန်ရှိသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက ယူဆသည်။ 

“ဒါတွေက NLD ဘက်ကဟာတွေဆိုပြီး အထင်နဲ့ ရှို့ကြတာပေါ့” ဟု အဆိုပါဒေသခံက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ပျူစောထီးတွေက ကြာပြီဗျ၊ ကျွန်းလှမှာ လက်နက်တွေနဲ့ ရမ်းကားနေတာ။ PDF (ဒေသကာကွယ်ရေးအဖွဲ့) တွေ ဘာတွေတော့ မရှိဘူး၊ ကျွန်းလှမြို့ပေါ်မယ်”  

မီးလောင်သည့်နေရာသို့ မီးသတ်ကားများ ရောက်မလာဘဲ အနီးအနားဝန်းကျင်တွင် နေထိုင်သူတို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

ဒီဇင်ဘာ ၂၉ တွင်လည်း ပျူစောထီးတို့က မြို့တွင်းလှည့်လည်ပြီး သေနတ်ပစ်ဖောက်ကာ ဒေသခံတို့ကို ခြိမ်းခြောက်နေကြောင်း အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။

အခြားမြို့ခံတစ်ဦးကလည်း ကျွန်းလှမြို့ပေါ်တွင် သေနတ်ပစ်ခတ်သံများ ကြားရသည်မှာ မှန်ကန်ကြောင်း အတည်ပြုသည်။ ပျူစောထီးအဖွဲ့၏ လေ့ကျင့်ပစ်ခတ်မှုဖြစ်နိုင်သလို ညပိုင်းအချိန်တွင် သေနတ်မိုးပေါ်ထောင်ဖောက်သည်ဟုလည်း မျက်မြင်အချို့ထံမှ သိရကြောင်း ၎င်းက ပြောသည်။

ပျဉ်းမမြိုင်ရပ်ကွက်တွင် မီးရှို့အပြီး သန်းခေါင်ယံ ၁ နာရီခန့်အထိ သေနတ်မိုးပေါ်ထောင်ဖောက်ကြကြောင်း ထိုသူက ဆက်ပြောသည်။

“သူတို့ဘာသူတို့ တစ်ဖက်သတ်ပဲ အပေါ်ထောင်ဖောက်၊ တစ်ပတ်ပြန်လှည့်ပေါ့။ နှစ်ဖက်တိုက်ပွဲဖြစ်လို့ ဒီပုံစံဖြစ်တယ် ဘေးပတ်ဝန်းကျင်ယူဆအောင် ဒီလိုပဲလုပ်သွားတယ်” ဟု ၎င်းက ဆိုသည်။

ပျူစောထီး လူရမ်းကားတို့ မြို့ပေါ်တွင် သောင်းကျန်းနေသည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး ကျွန်းလှမြို့မရဲစခန်းကို ယနေ့ ညနေပိုင်း ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ကျအရာရှိက ပြန်လည်ဖြေဆိုခြင်း မရှိပေ။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၁၅ သတင်းစာရှင်းလင်းပွဲတွင် ပျူစောထီးဖွဲ့စည်းထားခြင်း မရှိကြောင်း၊ လက်နက်တပ်ဆင်ပေးခြင်း၊ သင်တန်းပေးခြင်းများလည်း မရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အောက်တိုဘာလကုန်ပိုင်းတွင် စစ်ရဟတ်ယာဉ်များ လာရောက်ပစ်ခတ်သဖြင့် ကျွန်းလှမြို့ ကျေးလက်ဒေသခံ အနည်းဆုံး ၂ ဦး သေဆုံးခဲ့သည်။

နိုဝင်ဘာ ၉ ရက်နေ့ကလည်း မြို့ပြင်တွင် PDF နှင့် တိုက်ပွဲဖြစ်ပွားစဉ် စစ်တပ်က သဖန်းဆိပ်ဆည်အနောက်ဘက်ခြမ်းကို လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် ဒေသတွင်း ကျေးရွာအသီးသီးမှ ပြည်သူများ ထွက်ပြေးခဲ့ရသည်။

ထိုဖြစ်စဉ်များအတွင်း ဒေသတွင်းရှိ ကျေးရွာများတွင် စစ်တပ်က ပစ္စည်းများဖျက်ဆီးခြင်း၊ တန်ဖိုးကြီးပစ္စည်းနှင့် စားနပ်ရိက္ခာယူဆောင်သွားခြင်းတို့ကို မကြာခဏကျူးလွန်သည်ဟု ကျွန်းလှ PDF က သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် အရပ်သားအစိုးရကို ဖြုတ်ချ အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည်အထိ ပြုမူနေသည့် စစ်ကောင်စီကို ခုခံတော်လှန်သည့် နိုင်ငံအနှံ့ မြို့ရွာများစာရင်းတွင် လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးခဲ့သည့် စစ်ကိုင်းတိုင်းသည် ထိပ်ဆုံးမှ ပါဝင်နေသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးသလို ၎င်းတို့၏ သတင်းစာမျက်နှာများတွင်လည်း ဖော်ပြခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button