စစ်ကောင်စီတပ် အစုန်အဆန်သွားလာနေသည့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်တွင် ၁၀ လတာအတွင်း ၉ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကနီမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ဒီဇင်ဘာ ၁၀ မှ ၁၈ ရက်အထိ တိုက်ပွဲများအတွင်း ၎င်းတို့ဘက်မှ ၂ ဦးသေဆုံး၊ ဒဏ်ရာရသူ ၉ ဦးရှိပြီး စစ်ကောင်စီဘက်မှ ၉၂ ဦးသေဆုံးသည့်ပြင် ဒဏ်ရာရသူအများအပြားရှိသည်ဟုလည်း ရှေ့တန်းရောက်တပ်ဖွဲ့များ ကောက်ယူလာသည့် စာရင်းကို ကိုးကား၍ အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“အဓိက ချင်းတွင်းမြစ်ကြောင်းတိုက်ပွဲနဲ့ ဆည်ရွာတိုက်ပွဲဆိုပြီး ဒီနယ်မှာ အဲဒီနှစ်နေရာပဲဖြစ်တော့ တော်တော်လေးပြင်းထန်တယ်” ဟု ၎င်းက ပြောသည်။
“ကုန်းကြောင်းကနေ ရေကြောင်းကို တော်လှန်တိုက်ခိုက်ရတာဆိုတော့ အခက်အခဲလည်းဖြစ်တယ်။ တချို့ရက်တွေမှာ စစ်ကောင်စီတပ်က ရေကြောင်းရော၊ ကုန်းကြောင်းရော စစ်ကြောင်းထိုးလာတဲ့အခါ ထိပ်တိုက်တွေ့တာမျိုးတွေ လုံးဝ တိုက်ပွဲက ပြင်းထန်တယ်” ဟု အမည်ထုတ်ဖော်ပြောဆိုခြင်း မရှိသူ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
တိုက်ပွဲများအတွင်း ဒေသခံတိုက်ခိုက်ရေးအဖွဲ့များဘက်မှ အသက် ၃၈ နှစ်နှင့် ၂၀ အရွယ် တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးကာ ဒဏ်ရာရသူ ၉ ဦးလုံးမှာ မစိုးရိမ်ရဟု ကနီမြို့နယ် PDF စာရင်းအရ သိရသည်။
သေဆုံးသူများ၏ အသေးစိတ်အချက်အလက်များကိုမူ မိသားစုလုံခြုံရေးကြောင့် ကနီမြို့နယ် PDF က ထုတ်မပြောပေ။
ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် လက်ခံဖြေဆိုခြင်းမရှိပါ။
လက်နက်အင်အားမမျှခြင်း၊ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ဒေသခံ အရပ်ဝတ်အဖွဲ့ ပျူစောထီးပေါများနေခြင်းကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့များဘက်မှ သေဆုံး၊ ဒဏ်ရာရသူများရှိခဲ့ခြင်းဖြစ်ကြောင်း ကနီမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံက သုံးသပ်သည်။
ကနီမြို့နယ်တွင် ဒေသခံ PDF အဖွဲ့များက လက်လုပ်တူမီးသေနတ်ဖြင့် ဝင်းမနားရဲကင်းစခန်းငယ်တစ်ခုကို စက်တင်ဘာ ၁၁ ရက် ဝင်တိုက်သည့်ဖြစ်စဉ်တွင် စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်းကပါ ပစ်ခတ်သည်ဟု ၎င်းက ပြောသည်။
ပြည်သူ့အခွန်ဘဏ္ဍာများဖြင့် ဝယ်ယူထားသော ခေတ်မီလက်နက်များကိုင်ဆောင်ကာ ပြည်သူအပေါ် စစ်ဆင်နေသည့် စစ်ကောင်စီတပ်ဖွဲ့များကို ပြန်လည်ခုခံရာတွင် ဒေသကာကွယ်ရေးအဖွဲ့များဘက်မှ လက်နက်လိုအပ်ချက်ရှိသည်ဟု ကနီမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“ကျွန်တော်တို့က တော်လှန်ရေးလုပ်တာလေ။ ဒီအတိုင်း စိတ်ရှိတယ်ဆိုပေမဲ့ ဒီအတိုင်းတိုက်လို့မှမရပဲ။ ကျွန်တော်တို့ဘက် တစ်တောင့်ထိုးလေးတွေနဲ့၊ ဟိုဘက်က လက်နက်ကြီးတွေနဲ့ တစ်ချက်ပစ်လိုက်မှတော့ သေမှာပဲလေ။ လက်နက်ချင်းယှဉ်ရင်တော့ အားနည်းချက်ရှိတာပေါ့။ သို့သော် စိတ်ဓာတ်ပိုင်းကို ယှဉ်ရင်တော့ ကျွန်တော်တို့ကို ယှဉ်လို့မရဘူး”ဟု ၎င်းက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ထူးအောင်က ဒေသခံ PDF များထံ လက်နက်ပံ့ပိုးမှုများ မဟာဗျူဟာကျကျ လုပ်ဆောင်နေသည်ဟု ဆိုထားသော်လည်း အသေးစိတ်မသိရသေးပေ။
စစ်ကောင်စီသည် ချင်းတွင်းမြစ်ကြောင်းကို အသုံးပြု၍ ကျောက်စိမ်းတုံးများကို သယ်ယူနေသောကြောင့် ဆက်လက်စောင့်ကြည့်တိုက်ခိုက်နေသည်ဟု ထိုသူက ပြောပြောသည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး ၁၀ လကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာတွင် တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးခဲ့သည့် စစ်ကိုင်းတိုင်းသည် ရှေ့တန်းမှ ပါဝင်နေသည်။
စစ်ကောင်စီကလည်း ဇူလိုင်လကုန်ပိုင်းမှစ၍ ကနီအပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများကို ကြည်း၊ ရေ၊ လေ အင်အားမျိုးစုံသုံး၍ နှိမ်နင်းနေသည်။
ထိုဖြစ်စဉ်များအတွင်း စစ်တပ်၏ လက်ချက်ဖြင့် မီးလောင်သွားသည့် ရွာများ၊ အစုလိုက်အပြုံလိုက်အသတ်ခံရသော ဖြစ်စဉ်များလည်း ရှိခဲ့သည်။ ထိုအခြေအနေတွင် ဒေသခံ ထောင်သောင်းချီ၍ အိုးပစ်အိမ်ပစ် တိမ်းရှောင်နေကြရသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်



