အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗုံးပေါက်သည့် သီရိမင်္ဂလာဈေးတွင် ရဲနှင့် စစ်တပ် လာစစ်ဆေးစဉ် ပစ္စည်းများခိုးယူခံရ

ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးဝင်းအတွင်း ယမန်နေ့ (ဒီဇင်ဘာ ၂၆) ညပိုင်းက ဗုံးပေါက်ကွဲမှုကို ရဲနှင့် စစ်တပ်က လာရောက်စစ်ဆေးစဉ် ဈေးဆိုင်များအတွင်းရှိ ပိုက်ဆံ၊ လက်ကိုင်ဖုန်းနှင့် အခြားပစ္စည်းများ ခိုးယူခံရသည်ဟု ဈေးသည်သုံးဦးထံမှ သိရသည်။​

ဈေးဧရိယာအတွင်းရှိ ကမ္ဘာ့ရတနာဘဏ် (GTB) အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားအပြီး မိနစ်ပိုင်းအကြာတွင် ရောက်လာသည့် ရဲနှင့် စစ်သားများက သေနတ် ၇ ချက်ခန့် ပစ်ဖောက်ကာ ဝင်ထွက်ပေါက်အားလုံးကို ပိတ်ချပြီး ဈေးသည်နှင့် အလုပ်သမားအားလုံးကို တစ်ဦးချင်း စစ်ဆေးခြင်းဖြစ်သည်ဟု ဈေးသည်အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

ထိုသို့ စစ်ဆေးခံနေရစဉ် ဈေးဆိုင်များ ဖောက်ထွင်းခိုးယူခံရခြင်းနှင့် ပတ်သက်၍ ၎င်းက “သူတို့ စစ်နေတဲ့အချိန်မှာ ဈေးဆိုင်တွေ အဖောက်ခံလိုက်ရတယ်။ ဆိုင်တိုင်းနီးပါးပဲ။ ပိုက်ဆံတွေ၊ ဖုန်းတွေ၊ ပစ္စည်းတွေ အကြိုက်ယူသွားတယ်။ ဆိုင်တွေအားလုံးပေါင်းရင် အခိုးခံလိုက်ရတဲ့ ပမာဏက အတော်များတယ်” ဟု ပြောသည်။

သီရိမင်္ဂလာဈေးရှိ စျေးသူဈေးသားများနှင့် အလုပ်သမားများကို အုပ်စုသုံးစုခွဲကာ ည ၇ နာရီခွဲခန့်မှ နံနက် ၁ နာရီအထိ စစ်ဆေးမေးမြန်းခြင်းဖြစ်ကြောင်း အခြားဈေးသည်နှစ်ဦးထံမှ သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သန်းခေါင်စာရင်း၊ မှတ်ပုံတင်နံပါတ်၊ မိဘအမည်၊ ရောင်းချနေသည့် ဆိုင်နေရာ၊ ဈေးရုံ စသဖြင့် အသေးစိတ်စစ်ဆေးမေးမြန်းစဉ် လက်နက်ကိုင်စစ်သားများ ဝိုင်းထားသည့်ပြင် အရပ်ဝတ်လက်နက်ကိုင်များနှင့် ရဲများ စောင့်ကြည့်နေသည်ဟု ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။ 

စစ်တပ်က သေနတ်ပစ်ဖောက်ကာ ဈေးရုံအပြင်ဘက် ထွက်ခိုင်းပြီးနောက် ဈေးဆိုင်များအတွင်းရှိ ပစ္စည်းများခိုးယူခံရခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ 

“သူတိုက အကုန်လုံးကို အပြင်ထွက်ခိုင်းတော့ ဒီအချိန်မှာ ဘောက်ချာတွေကလည်း မဖြတ်ရသေးဘူး။ ပိုက်ဆံအိတ်ကြီးတွေ ယူပြီးထွက်လာလို့ကလည်း မလွယ်ဘူးလေ။ ပျောက်တာမှ အများကြီးပဲ၊ မပျောက်တဲ့သူကို မရှိဘူး။ အထဲကို လူတွေ ပေးမဝင်ဘဲနဲ့ကို အကုန်လုံးလိုလိုပျောက်တာ” ဟုလည်း စျေးသည်အမျိုးသမီးက ဆိုသည်။ 

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးသွားသော ကုန်စိမ်းတင်ယာဉ်ကို တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့) 

ဗုံးပေါက်ကွဲမှုဖြစ်အပြီး ရဲနှင့် စစ်သားများ ရောက်လာကာ စစ်ဆေးမေးမြန်းစဉ် ပျောက်ဆုံးသွားသည့် ပစ္စည်းများနှင့် ပတ်သက်၍ မည်သူကမျှ အမှုမဖွင့်လိုကြဟု အခိုးခံလိုက်ရသူ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“အခု အခိုးခံရတဲ့သူတွေအကုန်လုံး ဘယ်သူမှ အမှုမဖွင့်ဘူးတဲ့။ တပ်ထားတဲ့ CCTV တွေ ပြန်ကြည့်တော့ (ရဲနှင့် စစ်သား ) သူတို့မွေးထားတဲ့သူတွေ ခိုးတာတွေ့ရတယ်။ သူတို့တွေခိုးတော့ ဘယ်လိုလုပ် အမှုသွားဖွင့်မလဲ”ဟု ၎င်းက ပြောသည်။ 

ဈေးဆိုင်များအတွင်း ဝင်ရောက်ခိုးယူသူများမှာ မည်သူမည်ဝါဖြစ်သည်ဟု ဈေးသည်များက ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ဈေးရုံတစ်ခုမှတစ်ခု၊ တစ်ဆိုင်ပြီးတစ်ဆိုင် ဝင်ရောက်ခိုးယူခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်အာဏာသိမ်းပြီးချိန်မှစ၍ သီရိမင်္ဂလာဈေးဝင်းအတွင်း ထိုသို့ ပေါ်ပေါ်ထင်ထင် ခိုးယူလုယူခြင်းများ ရှိလာသည်ဟုလည်း ဈေးသည်အချို့နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ 

သီရိမင်္ဂလာဈေးဝင်းအတွင်း ယမန်နေ့ညက ပေါက်ကွဲမှုကြောင့် ကုန်စိမ်းသယ်ယာဉ်တစ်စီး ပျက်စီးခဲ့ပြီး ယာဉ်မောင်းတစ်ဦးနှင့် အလုပ်သမားသုံးဦး ဒဏ်ရာရခဲ့ကြောင်း ဈေးသည်များထံမှ သိရသည်။

“တစ်ယောက်ကတော့ (ဒဏ်ရာ) ပြင်းတယ်။ သေလောက်တဲ့ဒဏ်ရာတော့ မဟုတ်ဘူး။ ကျန်တဲ့သုံးယောက်ကတော့ အသေးစားပဲဖြစ်တာ” ဟု ကုန်စိမ်းရောင်းသည့် အမျိုးသားတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ဈေးသည်များ၏ အဆိုအရ ပစ္စည်းများခိုးယူခံရခြင်းအပေါ် သီရိမင်္ဂလာဈေးအနီးရှိ ပန်းတောက်ချောင်းရဲစခန်းကို ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button