ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင်သည့် အနေအထားကို ရောက်ရှိနေသောကြောင့် စစ်ရေးသတိကြီးစွာဖြင့် အထူးသတိထားစောင့်ကြည့်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော် (AA) က ယနေ့ (ဒီဇင်ဘာ ၁၀) တွင် ထုတ်ပြန်လိုက်သည်။
ရခိုင်ကျေးရွာများအတွင်း နယ်မြေစိုးမိုးရေးအတွက် အကြောင်းပြချက်အမျိုးမျိုးဖြင့် လှုပ်ရှားသွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တပ်အပြောင်းအရွှေ့ ဆက်တိုက်လုပ်ဆောင်နေခြင်း၊ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး စသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ ဒေသတွင်း သယ်ယူပို့ဆောင်နေမှုများကို ဆက်လက်ဟန့်တား ပိတ်ပင်တားမြစ်နေခြင်း၊ ရန်စသော အပြုအမူများကို လုပ်ဆောင်နေခြင်းများကြောင့် ပြည်သူတို့စားဝတ်နေရေး ခက်ခဲလာသလို နှစ်ဖက်တပ်ကြား တင်းမာမှုများ မြင့်တက်စေသည်ဟုလည်း ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပေါက်တောမြို့နယ်၊ ဆံတော်ရှင်ဘုရားပွဲတော်ကျင်းပရေးအတွက် လမ်းပြုပြင်ရန်ဟု ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး ဘုရားပွဲကျင်းပမည့်ကိစ္စကို ဝင်ရောက်စွက်ဖက်မှုများ ဆက်လက်ပြုလုပ်နေပါက ဘုရားပွဲသို့ သွားရောက်မည့်ကိစ္စကို ပြည်သူများ “ဆင်ခြင်သုံးသပ်ကြရန်”လည်း AA ၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
ထို့ပြင် ရခိုင်ပြည်သူများ “စစ်ရေးသတိရှိကြရန်”လည်း AA က သတိပေးထားသည်။
AA ၏ ထုတ်ပြန်ချက်ပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခု၊ ဒီဇင်ဘာအစောပိုင်းမှစ၍ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး၂၀၂၀ ခု၊ နိုဝင်ဘာတွင် နှစ်ဖက်နားလည်မှုဖြင့် အပစ်ရပ်ခဲ့သည်။
AA သည် ပြည်နယ်တွင်း သြဇာလွှမ်းမိုးရန်အတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်နေပြီး ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းကာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကိစ္စရပ်များကို ဆောင်ရွက်နေသည်။
ပြည်သူလူထုများအနေဖြင့် မတရားခံရမှု၊ အကြမ်းဖက်မှု၊ ခိုးမှု၊ မြေယာပြဿနာ စသည့် အမှုအအခင်းများအပြင် တရားဥပဒေအဆုံးအဖြတ်ခံယူရမည့် အမှုအခင်းများအားလုံးကို တရားရေးဌာနသို့ တိုင်ကြားနိုင်ကြောင်း သြဂုတ် ၁ တွင် ထုတ်ပြန်ကြေညာခဲ့သည်။
သို့ရာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တချို့၌ သြဂုတ်ဒုတိယအပတ်မှစ၍ စစ်တပ်က ရိက္ခာနှင့် စစ်သည်အင်အား တိုးချဲ့နေ၍ ဒေသတွင်း စိုးရိမ်မှုမြင့်တက်ခဲ့ကြသည်။
ထို့နောက် ဩဂုတ် ၁၅ တွင် အမေရိကန်အခြေစိုက် အာရက္ခမီဒီယာနှင့် အွန်လိုင်းဆက်သွယ်မေးမြန်းခန်းတွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်အတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အပိုင်းများကို တန်ပြန်ပြီး စစ်ကောင်စီက စစ်ရေးလှုပ်ရှားလာခြင်း၊ ခြိမ်းခြောက်လာခြင်းတို့ကြောင့် သတိထားစောင့်ကြည့်နေသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
ယခုနှစ် နိုဝင်ဘာ ၉ တွင်မူ မောင်တောမြို့နယ်မြောက်ပိုင်း၊ ဝေလာတောင်ပတ်ဝန်းကျင်တွင် နယ်မြေကျော်လာသည့် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု AA ဘက်က ပြောဆိုခဲ့သော်လည်း စစ်ကောင်စီဘက်က ငြင်းဆိုသည်။
ယင်းနောက်ပိုင်းတွင် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် နီပွန်ဖောင်းဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါက ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် အွန်လိုင်းတွင် တွေ့ဆုံကာ တိုက်ပွဲများ မဖြစ်ပွားဘဲ ငြိမ်းချမ်းသည့်အနေအထားကို ဆက်လက်ထိန်းသိမ်းထားရန် ပြောဆိုခဲ့သည်။
မြို့နယ်တချို့တွင် AA က ကျေးရွာအုပ်စုခေါင်းဆောင်များခန့်အပ်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသလို စစ်ကောင်စီဘက်ကလည်း ကျောက်တော်၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ ပေါက်တော စသည့် မြို့နယ်တချို့သို့ သွားရောက်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ခေါ်ယူပြီး AA နှင့် မပတ်သက်ရန်၊ AA လှုပ်ရှားမှုများကို သတင်းပေးရန် သတိပေးထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



